တရုတ်နဲ့ဖက်စပ် ကြေးနီစီမံကိန်းကို ကာကွယ်ပေးမယ်လို့ စစ်ကောင်စီပြော
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက်သွားမယ်လို့ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် PDF အဖွဲ့ ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့မှာ သတိပေးထားပါတယ်။
- 2022-04-29
-
-
-
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက်သွားမယ်လို့ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် PDF အဖွဲ့ ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့မှာ သတိပေးထားပါတယ်။
ဒါဟာ နိုင်ငံခြားသားတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲ ပြည်သူကို သတ်ဖြတ် နှိပ်စက်နေတဲ့ စစ်တပ်နဲ့ ပူးပေါင်းလုပ်ကိုင်နေလို့ ပစ်မှတ်ထား တိုက်ခိုက်မှာဖြစ်တယ်လို့ သတိပေးချက်ထုတ်ပြန်တဲ့ PDF ၁၆ ဖွဲ့မှာ ပါဝင်တဲ့ ဆားလင်းကြီး PDF ပြောရေးဆိုခွင့်ရှိသူ ကိုစစ်နိုင်က ဒီကနေ့ RFA ကို ထပ်မံပြောဆိုပါတယ်။
"ကျနော်တို့အနေနဲ့ အနီးနားလာပြီး တိုက်မှာတော့ မဟုတ်ပါဘူး၊ ကျနော်တို့ ပိုင်ဆိုင် ထားတဲ့ ပညာရပ်နဲ့ အဝေးကြီးကနေ လှမ်းတိုက်နိုင်တဲ့ လက်နက်တွေ အများကြီး ရှိပါတယ်။ ဒီစီမံကိန်းကို မတိုက်သေးဘူးဆိုတာ သံတမန်ရေးရာ နိုင်ငံခြားအကျိုးစီးပွား ပါနေလို့ မတိုက်သေးတာ။ ကျနော်တို့နိုင်ငံထဲမှာ ကျနော်တို့ကို ယုတ်မာတဲ့သူတွေကိုပဲ တိုက်ခိုက်မှာ၊ နိုင်ငံခြားသားတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ စစ်တပ်နဲ့ဆက်ပြီး ပူးပေါင်းတယ်၊ ပြည်သူတွေကို နှိပ်စက်နေတယ်ဆိုရင်တော့ မဖြစ်မနေ တိုက်ခိုက်ရမယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်"
Salingyi G-Z Local PDF အဖွဲ့တာဝန်ခံကလည်း ရပ်နားထားတဲ့ ကြေးနီစီမံကိန်းပြန်စဖို့ အလုပ်သမားတွေကို ပြန်ခေါ်နေတယ်လို့ ကြားရတာကြောင့် သတိပေးချက် ထုတ်ပြန်တာ လို့ ပြောပါတယ်။
လက်ပံတောင်းဒေသ လူငယ်တွေကလည်း တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ စစ်ကောင်စီကို ထောက်ခံအားပေး ပံ့ပိုးနေတာကို ရပ်တန့်ဖို့ နေ့စဉ် ဆန့်ကျင်ဆန္ဒပြနေပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ခိုက်လာရင် ကာကွယ်ပေးရလိမ့်မယ်လို့ မနေ့က RFA က မေးမြန်းစဥ် တုံ့ပြန် ပြောဆိုပါတယ်။
"အစိုးရအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ ပတ်သက်ပြီး ဥပဒေအရရော၊ မြေပြင်အခြေအနေအရရော ကာကွယ်ပေးဖို့ အစိုးရ အဆက်ဆက်မှာ တာဝန်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုံခြုံရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ ပြီးရင် ဒါနဲ့ပတ်သက်ပြီးလည်း အခြေအနေတစ်ခုမှာ လုပ်ငန်းတွေ ပြန်စနိုင်အောင်လည်း လုပ်ဆောင်နေတယ်ဆိုတာ သိရပါတယ်"
မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ၅၅၈ ဖွဲ့ကလည်း အာဏာသိမ်း စစ်ကောင်စီကို အားပေးတာတွေရပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ဧပြီလ ၂၅ ရက်နေ့က အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ပြီး တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် စာရေး မေးမြန်းရာမှာ ဒီနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ ဟာ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေဖို့၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း ကိစ္စတွေအတွက် ကတိကဝတ်ပြုပြီး လုပ်ဆောင် နေတာလို့ ဧပြီ ၂၆ ရက်နေ့မှာ အီးမေးလ်နဲ့ တုံ့ပြန်ဖြေကြားပါတယ်။
ကြေးနီစီမံကိန်းပြန်စဖို့ စီစဉ်နေတယ်ဆိုတဲ့ကိစ္စနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ သတိပေးချက်အပေါ် တုံ့ပြန်ချက်သိနိုင်ဖို့ ဝမ်ပေါင်ကုမ္ပဏီတာ၀န်ရှိသူနဲ့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတာဝန်ရှိသူတွေထံ RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံ ဖြေကြားခြင်း မရှိပါဘူး။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက အလုပ်သမား ၈ဝ ရာခိုင်နှုန်းကျော် အလုပ်ဆက်မလုပ်ဘဲ CDM ဝင်ထားတာကြောင့် ရပ်နားထားတာပါ။ ဒါပေမဲ့ အခုရက်ပိုင်းမှာ ပြန်စဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ကြားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီ Operation မလုပ်နိုင်အောင်၊ ပြန်လည်ပတ်လို့ မရအောင် ဆက်လက် တောင့်ခံပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ တကယ်လို့ တရုတ်က ခေါ်တယ်ဆိုရင် ဘယ်လောက်ပဲ မက်လုံးပေးပေး ပြန်ပြီးတော့မလုပ်ဘဲနေကြဖို့ တောင့်ခံပေးကြပါဦး"
ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးကတေ့ တရုတ်ကုမ္ပဏီဘက်က မက်လုံးပေးပြီး ပြန်ခေါ်ရင်တောင် အလုပ်ပြန်မဝင်ဘဲ ဆက်လက်တောင့်ခံထားဖို့ ကြေးနီစီမံကိန်း ဝန်ထမ်းတွေကို တိုက်တွန်းပါတယ်။
"အာဏာသိမ်းပြီးတဲ့အချိန်မှာတော့ ကျနော်တို့အားလုံးကလည်း စိတ်ပါလက်ပါနဲ့ CDM ဝင်ခဲ့ကြတယ် ဝန်ထမ်းတွေအားလုံးက။ ဒါကြောင့် ဒီအချိန်မှာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်နေတဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အတွက် ပြန်ပြီးတော့ ဒီ Operation မလုပ်နိုင်အောင်၊ ပြန်လည်ပတ်လို့ မရအောင် ဆက်လက် တောင့်ခံပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ တကယ်လို့ တရုတ်က ခေါ်တယ်ဆိုရင် ဘယ်လောက်ပဲ မက်လုံးပေးပေး ပြန်ပြီးတော့မလုပ်ဘဲနေကြဖို့ တောင့်ခံပေးကြပါဦး။ မြန်မာပြည်လွတ်မြောက်မှသာ ပြန်ပြီး အလုပ်ဆင်းပေးကြပါလို့ ပြောချင်ပါတယ်"
စီမံကိန်းလုပ်ကိုင်နေချိန်က စွန့်ပစ်ဓာတုဗေဒ အက်စစ်ငွေ့တွေနဲ့ မြေမှုန့်တွေကြောင့် သဘာ၀ပတ်ဝန်းကျင်တွေ ပျက်စီးခဲ့သလို ဒေသခံတွေလည်း ကျန်းမာရေးထိခိုက်မှုကို ဒီနေ့အချိန်အထိ ခံစားနေရဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီ ကြေးနီစီမံကိန်းဟာ လက်ပံတောင်းတောင် အနီးနားက ကျေးရွာ ၂၆ ရွာရဲ့ မြေယာတွေကို သိမ်းဆည်းပြီး နှစ် ၆၀ စီမံကိန်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဧပြီလအစောပိုင်း တရုတ်ခရီးစဉ် အပြီးမှာ စီမံကိန်းတွေပြန်စဖို့ လုပ်လာတာတွေ့ရသလို ကုမ္ပဏီဘက်ကလည်း CDM အလုပ်သမားတွေကို ဖုန်းဆက်ပြီး အလုပ်ပြန်ဆင်း၊ မဆင်း မေးမြန်းတာ၊ အလုပ်ပြန်လုပ်ဖို့ ဆွဲဆောင်စည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေက စာထုတ်သတိပေးတာဖြစ်သလို ဒေသခံ သပိတ်ခေါင်းဆောင်တွေကလည်း စစ်ကောင်စီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ အဲဒီစီမံကိန်းတွေ မှာ အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေ အလုပ်ပြန်မလုပ်ကြဖို့ တိုက်တွန်းနေတာပါ။
မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု (ISP Myanmar)ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးစ အစောပိုင်းလတွေမှာ တရုတ်အထည်ချုပ်စက်ရုံ ၃၂ ရုံ မီးရှို့ခံရပြီး မန္တလေးတိုင်းထဲက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း၊ လက်ပံတောင်းတောင်စီမံကိန်းအတွက် ရေပိုက်လိုင်းနဲ့ တကောင်း နီကယ် စက်ရုံအတွက် လျှပ်စစ်တာဝါတိုင်တွေ PDF တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။