မြန်မာစစ်တပ် တပ်မဖြန့်နိုင်လို့ လေကြောင်းစစ်ကူယူတာလို့ လေ့လာသူတွေသုံးသပ်

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.01.26
မြန်မာစစ်တပ် တပ်မဖြန့်နိုင်လို့ လေကြောင်းစစ်ကူယူတာလို့ လေ့လာသူတွေသုံးသပ် အလောင်းမင်းတရားစစ်ဆင်ရေးအတွက် စစ်ကိုင်းတိုင်းကို ရဟတ်ယာဥ်များဖြင့် စစ်အင်အားများဖြည့်တင်းနေစဉ်။
Photo: သလ္လာရွှေမြေ

စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည် စတဲ့ စွမ်းရည်သုံးရပ်နဲ့ ပြည့်စုံတယ် ဆိုတဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်တိုင်လာချိန်ထိ ခုခံကာကွယ်စစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ ကြည်း၊ရေ၊လေတပ်ဖွဲ့တွေရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေလည်း ပါဝင်ပြီး မြန်မာစစ်တပ်ဟာ အာရှမှာ ၁၈ နိုင်ငံမြောက်နဲ့ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်ပြီးရင် တတိယမြောက် အင်အားအကြီးဆုံး ဖြစ်ပါတယ်။

စစ်တပ်တစ်တပ်ရဲ့ ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့လက်နက်စွမ်းရည်နဲ့ လူ့စွမ်းရည်တွေကို အခြေခံပြီး Global Firepowerက အဲဒီအဆင့် သတ်မှတ်ထားတာပါ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ် တစ်တပ်တည်းသာရှိရမယ်လို့ ဖော်ပြထားပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာတဲ့ခါ စစ်ကောင်စီဟာ လေကြောင်းကပါ တိုက်ခိုက်နှိမ်နင်းပါတယ်။

အမေရိကန် CIA ဗဟိုထောက်လှမ်းရေးအဖွဲ့စာရင်းမှာ ကြည်းတပ်မှာ လှုပ်ရှားနေတဲ့ အင်အား သုံးသိန်းခြောက်ထောင်၊ ရေတပ်နဲ့လေတပ်မှာ နှစ်သောင်းစီ၊ စုစုပေါင်း လေးသောင်းရှိတယ် ဖော်ပြတဲ့အတွက် Global Firepower စာရင်းနဲ့လည်း ကိုက်ညီပါတယ်။

ခေတ်မီတပ်ဖြစ်အောင် ကြိုးစားနေတဲ့ မြန်မာစစ်တပ်ဟာ လက်နက်အင်အားလည်း ဖြည့်ပါတယ်။ အရင်ကတော့ တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်း ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်းဟောင်းတွေနဲ့ ရောနှော လက်နက်တပ်ဆင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကစလို့ တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်ကို အကြီးစား စစ်လက်နက်ပစ္စည်းတွေ အများဆုံး ဖြန့်ဖြူးတယ်လို့ CIA အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

၁၉၅၀ ကစလို့ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးကို နိုင်ငံအတော်များများက လက်နက်ငယ်နဲ့ အပေါ့စားလက်နက်ထုတ်ရေးနည်းပညာတွေ ပံ့ပိုးခဲ့ပါတယ်။ ၁၉၅၀ လွန်ပိုင်းနှစ်တွေမှာ ဂျာမနီအစိုးရပိုင် Fritz-Werner က မြန်မာစစ်တပ်ကို လိုင်စင်နဲ့ လက်နက်ငယ်တွေ ထုတ်လုပ်နိုင်ဖို့ ပံ့ပိုးပေးခဲ့တယ်လို့ ဘယ်လ်ဂျီယံအခြေစိုက် IPIS – International Peace Information Service နိုင်ငံတကာသုတေသနအဖွဲ့က ပြောပါတယ်။

၁၉၈၈ စစ်အာဏာထပ်သိမ်းပြီး ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကစလို့ လက်နက်ငယ်နဲ့ အပေါ့စားလက်နက် ထုတ်လုပ်ဖို့ စင်ကာပူနဲ့ အစ္စရေးက နည်းပညာနဲ့ ကျွမ်းကျင်မှု ပံ့ပိုးပေးတယ်လို့ ဘယ်လ်ဂျီယံအခြေစိုက် IPIS – International Peace Information Service နိုင်ငံတကာသုတေသန အဖွဲ့က ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံက ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ၂၀၁၉ နိုဝင်ဘာ ၁၈ ရက်က ၂၁ ရက်ထိ လေးရက်ကျင်းပတဲ့ Defense and Security 2019 ၂၀၁၉ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာပြပွဲမှာ မြန်မာစစ်တပ်က လက်နက်တွေ ပထမဆုံးအကြိမ် ပါဝင်ပြသပါတယ်။ လက်နက်တွေက ခေတ်မီနေတာမို့ နိုင်ငံတကာဈေးကွက် ရှာတဲ့သဘောမျိုး ရှိတယ်လို့ အဲဒီတုန်းက သုံးသပ်သူတွေရှိပါတယ်။ ဒီထဲ စစ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးနိုင်ဆွေဦးလည်းပါဝင်ပါတယ်။

“အင်တာနေရှင်နယ် ဈေးကွက်အတွက်ပဲ ရည်ရွယ်ပြီး ထုတ်တာလားမသိဘူး။ ပုံစံကတော့ ကွဲနေတဲ့အတွက် အင်တာနေရှင်နယ်ဈေးကွက်ကို ဦးတည်ပြီးတော့မှ ရည်ရွယ်ပုံရတယ်။ တော်တော်များများ သွားကြည့်တဲ့ ဒီဘက်ကအဖွဲ့တွေကတော့ စိတ်ဝင်စားမှု များတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံက ပထမဆုံး စပြတာလည်း ဖြစ်တယ်။ လက်နက်တွေကလည်း တော်တော်လေးကို ခေတ်မီတဲ့ အနေအထားမျိုးမှာ မြင်ရတဲ့အခါကျတော့ လက်နက်လေ့လာနေတဲ့ ကိုယ်တွေက ဒီပုံစံကို မြင်ရတဲ့အခါ တော်တော်အံ့သြပါတယ်”

အဲဒီတုန်းက ပြည်ပဈေးကွက်ရှာတဲ့ သဘောမျိုးဖြစ်နိုင်ပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ အနယ်နယ်အရပ်ရပ်က PDF တွေကို နှိမ်နင်းတဲ့အခါ ကိုယ်ပိုင်စက်ရုံထုတ် လက်နက်တွေပါ အသုံးချတဲ့ အနေအထား ရောက်လာပါတယ်။

မြေပြင်က နှိမ်နင်းရုံမက ဝေဟင်ကပါ နှိမ်နင်းလာတာမို့ တပ်မဖြန့်နိုင်လို့ လေကြောင်းစစ်ကူ ယူတာလို့ နိုင်ငံရေးသုံးသပ်သူ စိုင်းထွန်းအောင်လွင်က ရှုမြင်ပါတယ်။
တပ်မဖြန့်နိုင်လို့ တိုင်းရင်းသားဒေသတွေမှာ လေကြောင်းက တိုက်တဲ့ ပုံစံအတိုင်းတိုက်တာလို့ ပြောပါတယ်။

soldiers.jpg
၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: AFP)

အရင်တုန်းကတော့ အလုပ်အကိုင် ရှားပါးတဲ့အတွက် တပ်ထဲဝင်သူတွေ ရှိပြီး နောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ခွင့်ရတော့ စစ်ဗိုလ်တွေက လွဲလို့ ရိုးရိုးတပ်သားအဖြစ် တပ်ထဲဝင်တဲ့လူ နည်းသွားတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်ကတည်းက ဒီပြဿနာရှိလို့ ခုပိုသိသာလာပြီး လေကြောင်းက တိုက်ခိုက်တာလို့ ပြောပါတယ်။

ဗြိတိန်အခြေစိုက် Omega Research Foundation ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားနိုင်ငံလုပ် ၃၈ မမ SJ-102 လောင်ချာ ဒါမှမဟုတ် ၄၀ မမ SJ-104 လောင်ချာ၊ တရုတ်နိုင်ငံ Sino Truk CNHTC လိုဂို အမှတ်တံဆိပ်ပါ ရေအမြောက်သုံးတယ်လို့ ဖော်ပြပါတယ်။ ခဲယမ်းမီးကျောက် လက်နက်ငယ် အများစုတွေမှာတော့ ကာကွယ်ရေးစက်ရုံထုတ် အမှတ်အသားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ ပြဿနာနဲ့ ဆက်စပ်လို့ စက်မှုတော်လှန်ရေးမတိုင်ခင်က ဖြစ်ရပ်မျိုးဆိုရင် ဒီဘက်ခေတ်မှာ ရှင်းရခက်တယ်လို့လည်း နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင်က သုံးသပ်ပါတယ်။

နဂိုကတည်းက identity ကိုယ်ပိုင်လက္ခဏာ ပြဿနာရှိနေတဲ့ နိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့နောက် မျိုးဆက်ချင်း ပဋ္ဋိပက္ခဖြစ်ပေါ်လာတာ၊ တော်လှန်ရေး ပေါက်ဖွားလာတာတွေနဲ့ တဆက်တည်း စားဝတ်နေရေးကျပ်တည်းရာက ဆင်းရဲမွဲတေလာကြရင် ဖြေရှင်းရ ပိုခက်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။