အဲလိဇဘက်ဘုရင်မကြီး ကွယ်လွန်မှုအပေါ် စစ်ကောင်စီ နှုတ်ဆိတ်နေ
ဗြိတိန်နိုင်ငံက အသက် ၉၆ နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးဟာ စက်တင်ဘာ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ဈာပနအခမ်းအနားကျင်းပဖို့ ဗြိတိန်အစိုးရက စီစဉ်ထားပါတယ်။ ကွယ်လွန်ချိန်မှာ နိုင်ငံအများစုက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ တလေးတစား ထုတ်ပြန်ပေးပို့ကြပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီကတော့ ခုချိန်ထိ သဘာထားထုတ်ပြန်တာ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့တာမျိုး မတွေ့ရသေးပါဘူး။
- 2022-09-12
-
-
-
[Updated: 9:35 pm September 13, 2022]
ဗြိတိသျှထီးနန်းမှာ သက်တမ်းအရှည်ကြာဆုံး အုပ်စိုးခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးဟာ စက်တင်ဘာ ၈ ရက်နေ့က နတ်ရွာစံ ကံကုန်သွားကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ကြေညာပါတယ်။
မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့တဲ့ နိုင်ငံဥသျှောင် ဘုရင်မကြီး ကွယ်လွန်သွားတဲ့အတွက် ဗြိတိန်အစိုးအရ၊ ဗြိတိန်ပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာ ပေးပို့ထားတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။
"ဘုရင်မကြီး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရအနေနဲ့ သူ့မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း၊ နောက်ပြီးတော့ သူ့ပြည်သူ၊ ပြည်သားတွေနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်းကို ကျနော်တို့ သမ္မတကြီးက သဝဏ်လွှာလည်း ပို့ထားပါတယ်။ နောက်ပြီးတော့ ဝန်ကြီးချုပ်ကြီးကလည်း ပို့ထားပါတယ်၊ NUG အစိုးရ ကိုယ်စား ပေါ့နော်။ ယာယီသမ္မတကြီးရယ်၊ ဝန်ကြီးချုပ်ကြီးရယ်ကနေပြီးတော့ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပို့ထားတာ ရှိပါတယ်။ ကျနော်တို့ NUG အစိုးရရဲ့ ကိုယ်စားလှယ်အနေနဲ့ လည်း လူကိုယ်တိုင်ပေါ့ နော်၊ ဝမ်းနည်းကြောင်း လက်မှတ်သွားထိုးတာလည်း ရှိပါတယ်"
ဗြိတိန်ဟာ အစိုးရအနေနဲ့ရော တော်ဝင်မိသားစုအနေနဲ့ပါ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို စဉ်ဆက်မပြတ် အားပေးကူညီခဲ့သလို ဘုရင်မကြီးကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့တယ်လို့ ဦးကျော်ဇော်က ဆိုပါတယ်။
"NUG အစိုးရ ကိုယ်စားပေါ့နော်။ ယာယီသမ္မတကြီးရယ်၊ ဝန်ကြီးချုပ်ကြီးရယ်ကနေပြီးတော့ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပို့ထားတာရှိပါတယ်"
အာဏာသိမ်းပြီးတဲ့နောက် ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးဒေသခံ ကိုသက်ဦးကလည်း မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ ဗြိတိန်နိုင်ငံရဲ့ ဥသျှောင် အဲလိဇဘက် ဘုရင်မကြီး ကွယ်လွန်အနိစ္စရောက်ရတဲ့အပေါ် မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။
"မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာ့ဒီမိုကရေစီ အရေးကို စဉ်တိုက်ဆက်တိုက် ဟိုတုန်းကလည်းက အားပေးခဲ့တဲ့ နိုင်ငံရဲ့ အုပ်ချုပ်သူ လူတန်းစားထဲမှာ ပါဝင်နေတဲ့အတွက် မြန်မာပြည်သူ၊ ပြည်သားတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်ရသလို ကောင်းရာမွန်ရာ ရောက်ပါစေပေါ့။ ငြိမ်းချမ်းစွာ အနားယူနိုင် ပါစေလို့ ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်"
ဘုရင်မကြီး ကွယ်လွန်သွားတဲ့အတွက် အမေရိကန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဂျာမဏီ၊ အိန္ဒိယ၊ ဂျပန်၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျ၊ အစ္စရေး၊ ယူကရိန်း၊ ဘရာဇီး စတဲ့ ကမ္ဘာ့အရှေ့ဖျားကနေ အနောက်ဖျားထိ ကမ္ဘာ့နိုင်ငံအသီးသီးကနေ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ထုတ်ပြန်ပေး ပို့ခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီကတော့ ဒီနေ့ထိ သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဂျပန်နိုင်ငံရဲ့ သက်တမ်း အကြာဆုံး ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လုပ်ကြံသတ်ဖြတ် ခံရချိန်တုန်းကတော့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝမ်းနည်း ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒါကြောင့် အခု ဘုရင်မကြီး ကွယ်လွန်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထား အမြင်ကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ပြန်ကြားရေး Viber Group တို့မှာ RFA က ဖုန်းနဲ့ရော စာနဲ့ပါ ပေးပို့မေးမြန်း ခဲ့ပေမယ့် ဒီနေ့ မွန်းလွဲပိုင်းထိ အကြောင်းမပြန်ပါဘူး။ စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်အနိစ္စရောက်ကြောင်း စက်တင်ဘာ ၉ ရက်နေ့က သတင်းအနေနဲ့ ဖော်ပြခဲ့ပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဗြိတိန်က မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ဖိအား တွေပေးနေတဲ့အတွက် သံတမန်ရေး အေးစက်နေချိန်မှာ စစ်ကောင်စီဘက်က သဘောထား မထုတ်ပြန်တာဟာ ထုံးစံပဲလို့ RFA ကို ပြောပါတယ်။
"ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအပေါ် နိုင်ငံရေးဖိအား သိပ်ပေးနေတဲ့ ဗြိတိန်လိုနိုင်ငံမျိုးနဲ့ ပတ်သက်ပြီးတော့ သံတမန်ဆက်ဆံရေးက သိပ်ကောင်းတာ မဟုတ်ဘူးလေ။ ပြီးတော့သိတဲ့အတိုင်းပဲ မကြာသေးခင်ကပဲ ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို မြန်မာ့နိုင်ငံရေးမှာ ဝင်ရှုပ်တယ်ဆိုတော့ ဖမ်းထား ပြီးတော့ အပြစ်ပေးထားတာတွေလည်း ရှိတယ်။ အဲဒီတော့ ဒါနိုင်ငံရေးအရ အထူးသဖြင့် နိုင်ငံတကာ ဆက်ဆံရေးမှာ တော်တော်လေး ဆက်ဆံရေးမကောင်းဘူး၊ တင်းမာနေတဲ့ နိုင်ငံတွေအတွက်ကတော့ မထုတ်ကြတာ ပြဿနာတော့ မရှိပါဘူး။ ဒါ ထူးထူးခြားခြား ကိစ္စရပ်လို့ မထင်ဘူး။ အဓိကကတော့ သံသမန်ရေးရာမှာ ဆက်ဆံရေး အရမ်းအေးစက် သွားတဲ့ နိုင်ငံမျိုးတွေနဲ့တော့ ကွန်တက် (အဆက်အသွယ်) မလုပ်ကြတာ ဒါထုံးစံပါပဲ"
ဗြိတိသျှတော်ဝင်ထီးနန်းက စစ်အာဏာရှင်အုပ်စုကို နိုင်ငံရေး၊ စီးပွားရေး ကန့်သတ်မှု မျိုးစုံပြုလုပ်တာကြောင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့မှာမဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"ဗြိတိသျှ တော်ဝင်ထီးနန်းဆိုတာကတော့ ဒီနေ့ကာလမှာ စစ်အာဏာရှင်စနစ်ကို တုံ့ပြန်တိုက် ခိုက်နေတဲ့ ကမ္ကာ့ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ ရပ်တည်ပြီးတော့ စစ်အာဏာရှင်အုပ်စုကို နိုင်ငံရေး၊ စီးပွားရေး ကန့်သတ်မှုတွေမျိုးစုံ လုပ်နေတဲ့ အင်္ဂလန်နိုင်ငံရဲ့ အကြီးကဲတစ်ယောက် ကွယ်လွန်သွားတဲ့ကိစ္စကို သူတို့ကတော့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့စရာသိပ်အကြောင်း မရှိပါဘူး။ ဒါကြောင့်မို့လည်း ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းလောက်ပဲ ထည့်ပါတယ်။ ဝမ်းနည်းကြောင်းလည်း သူတို့အနေနဲ့ အသိအမှတ်ပြု ဖော်ပြခဲ့တာ မရှိပါဘူး"
ဗြိတိန်အစိုးရဟာ ၁၉၈၈ စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့တာမို့ တိုင်းပြည်အပြောင်းအလဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်ချိန် ၂၀၁၂ ဇွန်လမှာ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် နော်ဝေးနိုင်ငံကို သွားရောက်လည်ပတ်ချိန်က ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကိုလည်း တစ်ဆက်တည်း သွားရောက်ခဲ့ပါတယ်။
အဲဒီအချိန်က အဲလိဇဘက်ဘုရင်မကြီးနဲ့ ဗြိတိန်အစိုးရဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တခမ်းတနား ကြိုဆိုခဲ့ကြပါတယ်။
ဘုရင်မကြီး အဲလိဇဘက်ဟာ နန်းသက်ရှည်ကြာခဲ့တယ်၊ ပြည်သူတွေကလည်း ချစ်ခင် ကြတယ်၊ ဒါဟာ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်တစ်ပါးကို ပြည်သူလူထုက ဘာကြောင့် လက်ခံသလဲ၊ ဘယ်လောက်လက်ခံသလဲဆိုတာကို အခု သူကွယ်လွန်ချိန်မှာ ပြသနေတယ် လို့ ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် က ပြောပါတယ်။
"အုပ်ချုပ်နေတဲ့ ဘုရင်တစ်ပါးကို ပြည်သူလူထုက ဘယ်လောက်ထိ လက်ခံသလဲ၊ သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးသလဲဆိုတဲ့ အတိုင်းအတာပေါ့၊ အဲဒီလို ချစ်ခင်မြတ်နိုးတယ်။ တန်ဖိုးထားတယ်ဆိုတဲ့ ဂုဏ်သိက္ခာကလည်း အဲဒီပုဂ္ဂိုလ်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သူ့ရဲ့ကြင်နာမှု၊ လူသားဆန်မှုနဲ့ သဘောထားကြီးမှုတွေ၊ တကယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြောဆိုဆက်ဆံတာကအစ ကောင်းမွန်တဲ့အတွက်သာလျှင် ပြည်သူလူထုက အင်မတန် ချစ်ခင်မြတ်နိုးကြတဲ့ ဘုရင်တစ်ပါးဖြစ်လာတယ်လို့ ယူဆတယ်။ အဲဒါကြောင့် အင်မတန်ကောင်းမွန်တဲ့၊ တကယ့်ဂုဏ်သိက္ခာအပြည့်ရှိတဲ့ ဘုရင်တစ်ပါးအနေနဲ့ ကွယ်လွန်သွားခြင်းဟာ လူသားတွေရဲ့ စံပြတစ်ပုဂ္ဂိုလ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်လို့ ကျနော်တို့ ယူဆပါတယ်"
စက်တင်ဘာ ၈ ရက်နေ့က ကွယ်လွန်သွားတဲ့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ဗြိတိန်အစိုးရက တခမ်းတနား ကျင်းပဖို့ စီစဉ်ထားပြီး တော်ဝင်မိသားစုတွေ၊ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် အပါအဝင် အစိုးရထိပ်တန်း ခေါင်းဆောင်တွေ၊ ထိပ်တန်း နိုင်ငံရေးသမား တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိပါတယ်။
ဗြိတိနိုင်ငံရဲ့ ဥသျှောင် ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးကို ပဉ္စမမြောက် ဂျော့ဘုရင်ရဲ့ ဒုတိယ သားတော် ယော့ခ်မြို့စား အဲလ်ဘတ်နဲ့ လေဒီ အဲလိဇဘက်လီယွန် တို့က ၁၉၂၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၂၆ နှစ်အရွယ်မှာပဲ ဗြိတိသျှထီးနန်းကို ဘုရင်မတစ်ပါးအဖြစ် ဆက်ခံခဲ့တာပါ။
သူဟာ ဗြိတိသျှထီးနန်းကို နှစ်ပေါင်း ၇၀ ကြာ အုပ်စိုးခဲ့ပြီး သက်တော် ၉၆ နှစ်မှာ ကွယ်လွန် ခဲ့တာပါ။ ပြည်သူနဲ့အတူ ရပ်တည်သူ၊ ထက်မြက်ပြီး အကင်းပါးသူ၊ ပြဿနာတွေကို အချိန် အခါလိုက် ဖြေရှင်းတတ်သူအဖြစ် ဗြိတိန်ပြည်သူတွေက ရှုမြင်ပါတယ်။
ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးမှာ သားတော် သုံးပါးနဲ့ သမီးတော် တစ်ပါးရှိပြီး၊ ကွယ်လွန်ချိန်မှာ သားအကြီးဆုံးဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် အိမ်ရှေ့စံ ချားလ်မင်းသား က တတိယမြောက် ချားလ်စ်ဘုရင်အဖြစ် ထီးနန်းဆက်ခံခဲ့ပါတယ်။
(မှတ်ချက်။ ဤသတင်းဆောင်းပါးတွင် မှားယွင်းဖော်ပြခဲ့သည့်မှတ်ချက်တစ်ခုကို ဖယ်ရှားထားပါသည်။)