တယ်လီဂရမ်ကို ဖိနှိပ်ရေးလက်နက်သဖွယ် စစ်ကောင်စီအသုံးချနေ

စစ်ကောင်စီကို ဝေဖန်ရေးသားတဲ့သူတွေကို ဖမ်းဆီးဖို့ တယ်လီဂရမ် အွန်လိုင်းချန်နယ်ကို လက်နက်လိုအသုံးပြုနေပါတယ်။

စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တစ်ခုကို တွေ့ရစဉ်။ Citizen Journalist

အင်တာနက်လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ပြောဆိုရေးသားတဲ့ သူတွေကို ခြိမ်းခြောက်ဖမ်းဆီးဖို့ တယ်လီဂရမ်ချန်နယ်ကို လက်နက်လိုအသုံးပြုနေတယ်လို့ လူမှုကွန်ရက်သုံးစွဲသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မကြာသေးခင်က ဖြစ်ရပ်တစ်ခုမှာဆိုရင် သရုပ်ဆောင် ပိုးကြာဖြူခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့ Tik Tok စာမျက်နှာမှာ "ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ခေါင်းဆောင်စစ်စစ်" ဆိုတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။ သူ့လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ ဆုတောင်းတာတွေ၊ ပန်းပန်ထားတဲ့ ဓာတ်ပုံတွေရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်ခဲ့ကြပါတယ်။ အဲဒီလူတွေကို ဖမ်းဖို့ စစ်တပ် ထောက်ခံတဲ့သူတွေက တယ်လီဂရမ်ချန်နယ်မှာ လှုံ့ဆော်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပိုးကြာဖြူခင်ဟာ ဇွန်လ ၁၉ ရက်ညပိုင်းမှာပဲ ရန်ကုန်မြို့က သူ့အိမ်မှာအဖမ်းခံ လိုက်ရသလို၊ တစ်ပတ်အတွင်း လူအယောက် ၅၀ ကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်ရေးသားမှုနဲ့ ဖမ်းထားတဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့သူတွေက သူတို့ဘက်ကို ဆန့်ကျင်ရေးသားပြောဆိုနေတာတွေကို အွန်လိုင်းမှာ မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဖမ်းခိုင်းနေတာလို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“အခုချိန်မှာဆိုလို့ရှိရင် Public မှာ သတင်းမီဒီယာတွေက တင်သမျှတွေကို ပြည်သူတွေက မကျေနပ်တာတွေ ဝင်ရေးတယ်။ အဲဒီအခါကျတော့ စစ်တပ်ဘက်က လော်ဘီတွေ ဒလန်တွေက comment တွေအောက်မှာ ကြည့်ပြီး Public ဖွင့်ထားတဲ့ Account တွေဆိုလို့ရှိရင် ဝင်မွှေရှာ၊ ပြီးတာနဲ့ တယ်လီဂရမ် ချန်နယ်တွေဘက်မှာ ဟန်ငြိမ်းဦးတို့ကို ပေးလိုက်တဲ့အခါကျတော့ ဟန်ငြိမ်းဦးတို့ကလည်း တင်ပေးပြီ။ အဲဒီအခါကျတော့ ကိုယ်ရေး လိုက်တဲ့ comment လေးတစ်ကြောင်းကြောင့် ကိုယ့်ရဲ့ မိသားစုတွေက ဒုက္ခရောက်ပြီပေါ့နော်”

အဆိုတော်ဗျူဟာလည်း ရန်ကုန်မြို့မှာ လျှပ်စစ်မီးအကြီးအကျယ်ပြတ်တာကို ဖေ့စ်ဘွတ်ပေါ်မှာ ဝေဖန်ပြောဆိုလိုက်တဲ့နောက် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာဖော်ပြခံရပြီး ရက်ပိုင်းအတွင်းမှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီက သူ့ကို နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့တရားစွဲထားပါတယ်။

အဲဒီလိုပဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ ဧပြီလက လေ‌ကြောင်း တိုက်ခိုက်ခံရလို့ ကလေးနဲ့အမျိုးသမီးတွေ အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ အမည်းရောင်ပုံပြောင်းလိုက်တဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ တခြား အနုပညာရှင်တွေလည်း တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြခံရပြီးတဲ့နောက် အဖမ်းခံလိုက်ရပါတယ်။

"ပြည်သူကြားထဲကို အကြောက်တရား ရိုက်ထည့်တဲ့ပုံစုံမျိုးပေါ့နော် သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မပြောရဲ၊ မဆိုရဲအောင်ပေါ့ အဲဒီလိုမျိုး သူတို့က လုပ်တဲ့သဘောပဲလို့ ပြောနိုင်တယ်”

ဒါ့ကြောင့် စစ်တပ်ဟာ သူ့ကိုဆန့်ကျင်တဲ့ ပြည်သူကိုခြိမ်းခြောက်ဖို့ တယ်လီဂရမ်ချန်နယ်ကို ထောက်လှမ်းရေး ယန္တရားတစ်ခုလိုသုံးနေတယ်လို့ ရန်ကုန်မြို့က ဆန္ဒပြ သပိတ်ခေါင်းဆောင် ကိုနန်းလင်းက ပြောပါတယ်။

“ စစ်တပ်ရဲ့ ထောက်လှမ်းရေးယန္တရားထဲက ပုံစံတစ်မျိုးနဲ့ပေါ့ဗျာ။ မသိရင်တော့ ပြည်သူက သတင်းပေးတယ်ဆိုတဲ့ အနေအထားမျိုးပါ။ အမှန်တော့ မဟုတ်ဘူးဗျ။ ဒါဟာ စစ်တပ်ရဲ့ ထောက်လှမ်းရေး ယန္တရားထဲက ပုံဖော်ထားတဲ့ ပုံစံတစ်ခုပဲဖြစ်တယ်။ တစ်နည်းအားဖြင့် ပြောရရင် ပြည်သူတွေကို အကြောက်တရားသွင်းဖို့အတွက် ပုံဖော်ထားတဲ့ ပုံစံတစ်ခုသာ ဖြစ်တယ်”

လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ဦးဇော်ဝင်းကလည်း စစ်ကောင်စီဟာ တယ်လီဂရမ်ကို အွန်လိုင်းလက်နက်လို အသုံးပြုနေတာလို့ ထောက်ပြပါတယ်။

“တယ်လီဂရမ်ချန်နယ်တွေကို သူတို့က အွန်လိုင်းလက်နက်သဖွယ် ပေါ်ပေါ်တင်တင် သုံးလာတာ ကျွန်တော်တို့ ပြောလို့ရပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ပြည်သူကြားထဲကို အကြောက်တရား ရိုက်ထည့်တဲ့ပုံစုံမျိုးပေါ့နော် သူတို့ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မပြောရဲ၊ မဆိုရဲအောင်ပေါ့နော် အဲဒီလိုမျိုး သူတို့က လုပ်တဲ့သဘောပဲလို့ ပြောနိုင်တယ်”

ဒီလိုဝေဖန်ထောက်ပြတာတွေနဲ့ ပတ်သက်ပြီး တယ်လီဂရမ်ကုမ္ပဏီရဲ့ သတင်းပြန်ကြားရေး အဖွဲ့ကို RFA က စာရေးမေးမြန်းတဲ့အခါ တယ်လီဂရမ်ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်လိုမျိုး လူ့အခွင့်အရေးကို ကာကွယ်တယ်လို့ စက်ကနေ အလိုအလျောက်စာပြန်တဲ့ စနစ်ကပဲ ပြန်ပြီးဖြေဆိုပါတယ်။ တယ်လီဂရမ်ဟာ အီရန်၊ ရုရှား၊ ဘီလာရုစ်၊ ဟောင်ကောင်နဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့လည်း အဲဒီစာမှာရေးထားပါတယ်။

တယ်လီဂရမ်ချန်နယ်ကို တည်ထောင်တဲ့သူက ရုရှားနိုင်ငံဖွား Pavel Durov (ပါဗဲလ် ဒူးရို့ဗ်) ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ ခရိုင်းမီးယားအ‌ရေးအခင်းမှာ တယ်လီဂရမ်သုံးတဲ့ ယူကရိန်း နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရုရှားလုံခြုံရေးဌာနကတောင်းတာကို လွှဲမပေးခဲ့တဲ့ အတွက် တိုင်းပြည်ကနေထွက်ခွာခဲ့ရပြီး ကာရေဗီယန်ကျွန်းနိုင်ငံလေးဖြစ်တဲ့ Saint Kitts and Nevis ကိုပြောင်းရွှေ့သွားပါတယ်။ သူက ယူအေအီး-အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမှာ တယ်လီဂရမ် ရုံးချုပ်ဖွင့်ထားတာပါ။

အဆိုတော်ဗျူဟာ ဖမ်းဆီးခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ထုတ်ပြန်ထားစဉ်။ (Myanmar Hard Talk Telegram)

စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေကနေ တယ်လီဂရမ်ပေါ်က ပြည်သူတွေကို ဖမ်းဖို့ လှုံ့ဆော်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီလိုပြောတာတွေဟာ အတွေးချော်နေတာလို့ တုံ့ပြန်ပါ တယ်။

“တယ်လီဂရမ် မီဒီယာတွေကြောင့် ကိုယ့်ဟာကိုယ် လုံခြုံမှုမရှိလို့ရှိရင် အဲဒါတွေကို မသုံးရုံပဲရှိတာပေါ့။ သုံးနေရင်တော့ အဲဒီပြဿနာရှိမှာပဲ။ ဒါပေမဲ့ တယ်လီဂရမ် မီဒီယာရှိလို့ ဒါဖမ်းဖို့ သုံးတယ်ဆိုတဲ့ ကောက်ချက်မျိုးကတော့ နည်းနည်းတော့ တွေးတဲ့အတွေးက ဘေးချော်နေတယ်လို့ မြင်တယ်”

လူမှုကွန်ရက်ပေါ်မှာ ကိုယ့်သဘောထား ကိုယ်ရေးရုံနဲ့ ဖမ်းဆီးတရားစွဲနေတာဟာ စစ်ကောင်စီက လေးစားလိုက်နာတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

“Facebook လူမှုကွန်ရက်စာမျက်နှာမှာ တစ်စုံတစ်ဦးပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည် ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သူ့မွေးနေ့အတွက် ဆန္ဒပြုရုံလေးနဲ့တော့ ဒါကရာဇဝတ်မှု မမြောက်ဘူး။ ပန်းပန်ရုံနဲ့လည်း ရာဇဝတ်မှုမမြောက်ဘူး။ ဆိုလိုတာကတော့ အဲဒါတွေကတော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါဟာ ဥပဒေလမ်းကြောင်းကနေ တိမ်းစောင်းသွားတယ်လို့ တစ်နည်းအားဖြင့် ပြောရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ အခွင့်အရေး ပြဋ္ဌာန်းချက်တွေနဲ့ပါ ဆန့်ကျင်နေတယ်လို့ ကျွန်တော်က ဒီအတိုင်းပဲ မြင်ပါတယ်”

NUG၊ CRPH အပါအဝင် သူတို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ အားပေးလှုံ့ဆော်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က) ၊ ပုဒ်မ - ၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ - ၃၃ (က) အပါအဝင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ မကြာခဏ ဖော်ပြပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းတွေကို အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုဇွန်လအထိ တစ်နှစ်ကျော်အတွင်း လူမှုကွန်ရက်မီဒီယာတွေမှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားတဲ့သူ ဒါမှမဟုတ် တခြားသူတွေ တင်ထားတာကို ပြန်ဝေမျှတဲ့သူ အနည်းဆုံး လူ ၁၁၀၀ ဖမ်းဆီးအရေးယူ ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org