ကေအိုင်အေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီ ဖိအားပေး
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းက ခုခံစစ်တွေကို ဦးဆောင်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ အမြန်ဆုံးလာရောက်ဖို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေကတစ်ဆင့် စစ်တပ်က ဖိအားပေးနေပါတယ်။
- 2021-11-03
-
-
-
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ ငြိမ်းချမ်းရေး အကျိုးဆောင်တွေဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အပါအဝင် ခရစ်ယာန်အသင်းတော် ငါးခုက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြန်ဆုံးမလုပ်နိုင်လို့ အခြအနေတွေ ပိုဆိုးသွားရင် မကောင်းဘူးလို့ ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ (PCG) အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ က RFA ကို ပြောပါတယ်။
“ဒေသတည်ငြိမ်ဖို့ အရေးကြီးတယ်။ ဒေသတည်ငြိမ်ပြီး အပစ်အခတ်ရပ်စဲနိုင်မှသာ ငြိမ်းချမ်းရေး ဖြစ်လာမှာကိုး၊ ငြိမ်းချမ်းဖို့ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ အရေးကြီးတယ်။ တပ်မတော်ကလည်း အမြန်ဆုံး တွေ့ဆုံမှပဲ ပိုပြီးတော့မှ တိုင်းပြည်ငြိမ်းချမ်းမှာ မတွေ့ဆုံဘဲနဲ့ ဒီအတိုင်းနေရင် ပိုဆိုးလာရင် မကောင်းဘူး ပေါ့။ ဒါ့ကြောင့်မို့ တွေ့ဆုံပြီး အဖြေရှာဆွေးနွေးဖို့ အဓိကဖြစ်တယ်လို့ သူတို့က ပြောတယ်”
စစ်တပ်ဟာ KIA ကို ငြိမ်းချမ်းရေးဆွေးနွေးချင်တဲ့အကြောင်း ပြီးခဲ့တဲ့ မတ်လကတည်းက ကမ်းလှမ်းခဲ့ပေမယ့် အဲဒီအချိန်က နိုင်ငံရေးအခြေအနေတွေနဲ့ ကပ်ရောဂါအခြေအနေတွေအရ ဆွေးနွေးဖို့ အဆင်မပြေသေးတဲ့ အကြောင်း KIA ဘက်က အကြောင်းပြန်ခဲ့ဖူးပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကလည်း NCA လက်မှတ် မထိုးရ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
“ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေနဲ့ကတော့ NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေရော၊ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေကိုရော တွေ့ဆုံဆွေးနွေးမှု စဉ်ဆက်မပြတ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းနဲ့ပက်သတ်ပြီး NCA နည်းလမ်းအရရော NCA ကို အထောက်အကူပြုမယ့် အခြားနည်းလမ်းတွေအရရော ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်”
နိုဝင်ဘာ ၁ ရက်တွေ့ဆုံမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကိုးလအကြာမှာ စစ်တပ်တာဝန်ရှိသူတွေနဲ့ ကချင်အဖွဲ့တွေအကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
နေပြည်တော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့တဲ့ PCG အဖွဲ့ဟာ အရင်ကတည်းက မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)နဲ့ ကိုးကန့်အဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ ကြားဝင် ဆောင်ရွက် ပေးနေတာပါ။
ခရစ်ယာန်အသင်းတော်တွေကတော့ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန် ကချင်စစ်ပွဲတွေ နောက်ပိုင်း စစ်ဘေး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကူညီနေတဲ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
မြောက်ပိုင်းလေးဖွဲ့မှာပါဝင်တဲ့ ရက္ခိုင့်တပ်တော် AA ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်တာမျိုး လုံးဝ မရှိသလို၊ TNLA နဲ့ MNDAA ဟာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိတွေ့မှု အနည်းငယ် သာ ရှိခဲ့ပါတယ်။
ဒါ့ကြောင့် နိုဝင်ဘာ ၁ ရက် တွေ့ဆုံမှုအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ရဲ့ ပြောစကားတွေဟာ လက်ရှိမှာ PDF တွေနဲ့ပေါင်းပြီး စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ KIA ကို အဓိကရည်ညွှန်းပြီး ဖိအားပေးတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
နိုင်ငံရေးနဲ့ စစ်ရေး အကဲခက်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင် ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တစ်ဖွဲ့ကိုတစ်မျိုးစီ ခွဲခြားဆက်ဆံနေတဲ့ စစ်တပ်ရဲ့ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် မူဝါဒတွေက လက်တွေ့မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖိတ်ခေါ်နေပေမယ့် လက်တွေ့မှာတော့ ကေအိုင်အိုရဲ့ အရေးပါတဲ့ အာလော့ဘွမ်စခန်းကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စစ်တပ်က အခုချိန်ထိ ကြိုးစားနေဆဲဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေ သုံးသပ်ပြောဆို ကြပါတယ်။
“သူရည်ညွှန်းတာက လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ရည်ညွှန်း တာပါ။ ကေကိုင်အေ လည်း ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စစ်တပ်က ထိုးစစ်တွေ အဆက်မပြတ် လုပ်နေတာပါ။ ဒါ့ကြောင့် သူ့ရဲ့ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် ပေါ်လစီက အလုပ်မဖြစ်ပါဘူး”
"စစ်တပ်ရဲ့ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် ပေါ်လစီက အလုပ်မဖြစ်ပါဘူး"
စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲလာဖို့ ပါးစပ်က ဖိတ်ခေါ်နေပေမယ့် လက်တွေ့မြေပြင်မှာတော့ ကချင်ပြည်နယ်မှာ လက်နက်တွေ စုပုံထားပြီး စစ်ရေးအကြီးအကျယ် ပြင်ဆင်နေတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ပြောပါတယ်။
“သူတို့ရဲ့စစ်လက်နက် ကိရိယာတွေ၊ လက်နက်ခဲယမ်းတွေ ရိက္ခာတွေဟာ စုပုံထားတာ တွေ့ရပါတယ်။ စစ်သားတွေ စုဖို့ကတော့ သူတို့အတွက် လွယ်လွယ်လေး ဖြစ်နေတယ်။ ပစ္စည်းတွေရောက်ထားပြီဆိုရင် လူလိုက်ဖို့ကတော့ ကျွန်တော်တို့ ကချင်ပြည်နယ်နဲ့ နေပြည်တော်တို့၊ မန္တလေးတို့ဆိုတာ နာရီပိုင်းနဲ့ ရောက်နိုင်တယ်။ ဒါ့ကြောင့် ဒီလိုလုပ်နေတာဟာ စစ်ပြင်ဆင်နေတယ်ဆိုတာ ပြောလိုခြင်း ဖြစ်နေတယ်”
KIA ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာချင်ပေမယ့် စစ်တပ်က ဖိတ်ခေါ်နေတဲ့ ဆွေးနွေးပွဲဆီ သွားမသွားဆိုတာကို ယတိပြတ် မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်ကလည်း နိုင်ငံရေးအရ ဘာမှ အပြောင်းအလဲမရှိဘဲ ဆွေးနွေးပွဲ ဖြစ်မြောက်ရုံလောက် ရည်ရွယ်တယ်ဆိုရင်တော့ တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
KIA ဟာ လက်ရှိမှာ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို သူတို့ရဲ့ထိန်းချုပ်နယ်မြေထဲမှာ ခိုလုံခွင့်ပေးထားသလို စစ်သင်တန်းပေးတာတွေအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ခုခံစစ်တွေမှာလည်း အရပ်သားကာကွယ်ရေး တပ်မတော် (PDF)တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကလည်း သူတို့အနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့ အစည်းနဲ့မဆို ပူးပေါင်းသွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ကေအိုင်အို တည်ထောင်ခြင်း ၆၁ နှစ်ပြည့် မိန့်ခွန်းမှာ အတိအလင်း ထုတ်ပြောသွားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေနဲ့ ကျေးလက်ဒေသတွေမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာကြောင့် ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွင်း နေချိန်မှာပဲ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လဆန်းကစလို့ စစ်တပ်နဲ့ KIA အကြား တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။
အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က စိုးမိုးထားတဲ့ နယ်မြေအချို့ကို ဆုံးရှုံးခဲ့သလို KIA ဟာ မိုးမောက် မြို့နယ်က အာလော့ဘွမ်ဗျူဟာကုန်းလို အရေးပါတဲ့ စစ်စခန်းတစ်ခုကို စစ်တပ်ဆီကနေ ပြန်လည် သိမ်းယူ ခဲ့ပါတယ်။ KIO မြို့တော် လိုင်ဇာကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အထိ အချက်အချာကျတဲ့ ဒီ အာလော့ဘွမ် စခန်းကို စစ်တပ်က ၁၉၈၇ ခုနှစ်တုန်းက KIA ဆီကနေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။