ပြည်သူတွေထံက လျှပ်စစ်မီတာခွန်တွေရဖို့ စစ်ကောင်စီ ကြိုးပမ်း

စစ်ကောင်စီကို အခွန်မပေးဆောင်ဖို့ဆိုပြီးတော့ ပြည်သူတွေက မီတာမပေးဆောင် ဘဲ ဆန့်ကျင်နေတာဟာ အခုဆို အချိန် ရှစ်လကျော် ကြာလာပြီဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ မီတာဆောင်ဖို့ ရပ်ကွက်၊ မြို့နယ်တွေထဲ လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ လှည့်လည်အော်တာတွေ၊ မီတာမဆောင်တဲ့နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်လာတွေ လည်း လုပ်ဆောင်နေပါတယ်။

ရန်ကုန်မြို့မှာ ၂၀၂၁ ဇူလိုင်လက မီတာဆောင်ဖို့ တန်းစီနေသူတွေကို တွေ့ရစဥ် Photo: CJ

စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီတာ အခွန်အခတွေနဲ့ ပြည်သူတွေကို ပြန်ပြီးဖိနှိပ်ရာမှာ မသုံးစေဖို့ အတွက်ဆိုပြီး မီတာခမပေးဆောင်ဘဲ ဆန့်ကျင်နေကြတာ ဒီနေ့ဆိုရင် အချိန် ရှစ်လကျော်ရှိလာပါပြီ။

စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကလည်း မီတာခတွေကို ပေးဆောင်ကြဖို့နဲ့ မီတာမဆောင်ရင် လျှပ်စစ်မီး ဖြတ်တောက်မယ်ဆိုပြီး မြို့နယ်လျှပ်စစ်ရုံးတွေကတဆင့် ကြေညာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြော ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ထဲက ကွန်ဒိုတိုက်ခန်း တစ်ခန်းမှာလည်း မီတာခမပေးဆောင်တဲ့အတွက် လျှပ်စစ်မီး ဖြတ်တောက်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုက်ခန်းနေ ပြည်သူ တစ်ယောက်က ပြောပါတယ်။

“မီးဖြတ်တာက Notice လည်း မပေးဘူးဗျ။ ကြိုမပြောဘူးဗျ ကျွန်တော့်ကို ကြိုမပြောဘူး ကျန်တဲ့သူတော့ မသိဘူး။ ဖြတ်ခံရတာက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပေါ့နော်။ ကျွန်တော် နောက်ဆုံးအချိန်အထိတော့ လုပ်ခဲ့ တာပဲ။ ဒါပေမဲ့ အားမတန် မာန်လျော့ရတာလည်း ရှိကြတာပေါ့နော်။ ကျွန်တော် သွားဆောင် လိုက်ပါတယ် နောက်ဆုံးတော့လည်း သူတို့ချက်ချင်း ပြန်လာတပ်တယ် တော်တော်လေး အံ့ဩစရာ ကောင်းတယ်နော်။ ကျွန်တော်တို့ မိတ်ဆွေတချို့လည်း အဖြတ်ခံရတယ်။ များတာက ရယ်စရာကောင်းတယ် လူမနေဘူးဗျာ။ လူမနေဘဲနဲ့ မီတာခက လေး၊ ငါးသောင်း တက်နေတာ ရှိတယ်”

ပေးဆောင်လိုက်တဲ့ မီတာခတွေဟာ စစ်ကောင်စီအတွက် အထောက်အပံ့ ဖြစ်မှာစိုးတဲ့အတွက် အာဏာ သိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက မပေးဆောင်တာလို့ သူကဆိုပါတယ်။ အချိန် ရှစ်လကျော်အတွင်းမှာ မီတာခ ကြွေးကျန် ၁၅ သိန်းလောက်ရှိခဲ့တယ်လို့လည်း သူပြောပါတယ်။

လျှပ်စစ်မီတာခတွေ လာရောက်ပေးဆောင်လာဖို့ကို စစ်ကောင်စီရဲ့ တပ်သားတချို့က အစောင့်အကြပ် လိုက်ပေးပြီး မြို့နယ်၊ ရပ်ကွက်တွေမှာ လိုက်လံဆော်ဩတာတွေလည်း အခုသီတင်းပတ်တွေအတွင်း ပိုမိုတွေ့လာရတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မီတာခမပေးဆောင်တဲ့ နေအိမ်နဲ့ တိုက်ခန်းအချို့ကို လျှပ်စစ်မီး ဖြတ်တောက်တာတွေ ရှိလာတယ်လို့လည်းဆိုပါတယ်။

ဒါပေမဲ့ မီတာခပေးဆောင်ဖို့ ဆက်ပြီးတော့ ငြင်းဆန်နေကြသူတွေ ရှိနေဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတည်းက ဒီနေ့အထိ မီတာခမဆောင်ခဲ့တဲ့ အင်းစိန်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ယောက် က ပြောပါတယ်။

“ကျွန်တော်တို့ဘက်မှာတော့ (လျှပ်စစ်မီတာ) မဆောင်ကြဘူး။ ဘယ်သူမှသွားတာ မတွေ့ဘူး။ စာရွက် တွေတော့ လာတယ်။ ဘယ်သူမှ သွားမဆောင်ကြဘူး၊ လာမှန်းတောင် တစ်ခါတလေ မသိလိုက်ဘူး။ အောက်ထပ်က အိမ်တစ်အိမ်မှာ အကုန်လုံးအတွက်ဆိုပြီး ပေးသွားတာပဲ။ လာတာလည်း တစ်ယောက် တည်း ကိုယ်တွေတောင် တခါတလေ သတိတောင် မထားလိုက်မိဘူး အဲဒီလိုမျိုး ပေးသွားတာ”

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ ရပ်ကွက်ထဲက အိမ်တွေဟာ တစ်စတစ်စ မီတာ မဆောင်ဖို့ လုပ်ဆောင်လာရာကနေ အခုလို မီတာမဆောင်တဲ့သူတွေ များလာတာလို့ သူကဆိုပါတယ်။

"စာရွက်တွေတော့ လာတယ်။ ဘယ်သူမှ သွားမဆောင်ကြဘူး"

ကြည့်မြင်တိုင်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီး တစ်ယောက် ကတော့ စစ်အာဏာ သိမ်းမှု ဂယက်ကြောင့် မိသားစု ဝင်ငွေ ထွက်ငွေ မမျှတတော့တဲ့ အတွက်ကြောင့် မီတာခမပေး ဆောင်တာလို့ ပြောပါတယ်။

NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် ကတော့ ပြည်သူတွေ လျှပ်စစ် မီတာခတွေ မပေးဆောင်လို့ စစ်ကောင်စီဟာ ငွေကျပ် ၁၆၀ ဘီလီယံလောက် လစဉ်ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

"မြန်မာတစ်ပြည်လုံးမှာ မီတာခမဆောင်လို့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်း ပိတ်ဆို့ ထားနိုင်တာက တစ်လ တစ်လကို ကျနော်တို့ ငွေကျပ် ဘီလီယံပေါင်း ၁၆၀ လောက် ရှိတယ်။ အဲဒီတော့ ဘီလီယံ ၁၆၀ ဆိုတာ နည်းနည်းနောနော ပမာဏတော့မဟုတ်ဘူး။ ဒါကြောင့်လည်း စစ်ကောင်စီက အကျပ်တည်း စိုက်နေတဲ့ အတွက်ကို ကြံ့ကြံ့ခံပြီး ရပ်တည်ကြပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်ခင်ဗျ"

လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ရန်ကုန်မြို့က ၃၈ ရာခိုင်နှုန်း၊ မန္တလေးက ၁၆ ရာခိုင်နှုန်း၊ နေပြည်တော်က ၃.၈ ရာခိုင်နှုန်းနဲ့ တခြား ဒေသတွေက ၄၁.၉ ရာခိုင်နှုန်းအထိ ရှိနေတာကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စာရင်းတွေအရ တွေ့ရပါတယ်။

အဲဒီအထဲက ရန်ကုန်မှာ ၂ ရာခိုင်နှုန်း၊ မန္တလေးမှာ ၃ ရာခိုင်နှုန်းနဲ့ တခြားဒေတွေက ၂၀ ရာခိုင်နှုန်းလောက်သာ ဓာတ်အားခ ပေးဆောင်နေတာဖြစ်တယ်လို့ NUG ရဲ့ စီမံကိန်း ၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် က RFA ကို ယခင်က ပြောဆိုထားပါတယ်။

ဒီလို လျှပ်စစ်မီတာခတွေကို ပြည်သူအများစုက မပေးဆောင်ကြတာနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်း လုပ်ဆောင်သွားမလဲဆိုတာကို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ ဒီကိစ္စကသူ့ရဲ့အခန်းကဏ္ဍမဟုတ်လို့ မသိရှိကြောင်း ပြောဆိုခဲ့ပါတယ်။

(ရန်ကုန်မြို့က ရပ်ကွက်တစ်ခုမှာ မီတာခလာကောက်နေသူတွေကို ဇူလိုင်လက တွေ့ရစဉ်) Photo: CJ

လျှပ်စစ်ဖြန့်ဝေတာတွေ၊ ထုတ်လုပ်တဲ့နေရာတွေ၊ ထိန်းသိမ်းစောင့်ရှောက်တာတွေမှာ ကုန်ကျစရိတ်တွေ မီတာခတွေကရတဲ့ငွေနဲ့ ပြန်လည်ပတ်ရတာကြောင့် မီတာခတွေ မဆောင်တဲ့အခါ ပြင်ဆင်စရိတ်တွေ မသုံးနိုင်တော့တဲ့အတွက် မီးပျက်တာတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အခုချိန်မှာ မီးပျက်ရင် အဆင်ပြေနိုင်မလားဆိုတာ ပြည်သူတွေဘက်က စဉ်းစားစရာ ဖြစ်လာနေပြီး မီတာခဆောင်ပြန်ရင်လည်း အခွန်ခတွေက ဘယ်ကို ရောက်နိုင်မလဲ ဆိုတာကို မသိရတဲ့အတွက်လည်း ဆုံးဖြတ်လို့မရတဲ့ အခြေအတွေ ရှိနေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“မီးပျက်ရင်လည်း မပေးဘူးဆိုရင် ကျနော်တို့ တောင့်ခံနေလို့ ရတာပေါ့နော်။ မီးပျက်တာကို မခံနိုင်ဘူး။ မီးပျက်ရင် အကုန်လုံး အနှောင့်ယှက်တွေ ဖြစ်ကုန်မယ် ဆိုရင်တော့ ကိုယ်သုံးတာ ကိုယ်ပေးဖို့ ကိုယ့်မှာ တာဝန်ရှိတာပေါ့။ ဒါပေမဲ့ ဘယ်သူ့ကို ပေးမလဲဆိုတာက အငြင်းပွားနေတာပေါ့။ လောလောဆယ် အဓိက က မီးဝန်ဆောင်မှု ပေးနေတယ်ဆိုတာက စစ်ကောင်စီလက်ထဲမှာ။ ပြီးတော့ အခွန်ခကို ကောက်ခံတာက စစ်ကောင်စီလက်ထဲမှာ ရှိတယ်ဆိုတော့ မီတာခဆောင်လိုက်တဲ့ဟာက ကုန်ကျမှု ဘယ်လောက်ကို တောင့်ခံပြီး ဘယ်လောက်က အကျိုးမြတ်ရသွားလဲဆိုတာကတော့ သူတို့ပဲ ပိုသိ လိမ့်မယ်။ ကျနော်တော့ အတိကျ မသိဘူးပေါ့ “

လျှပ်စစ်မီတာခ ပေးဆောင်ဖို့ စစ်ကောင်စီဘက်က ပြည်သူတွေကို ဖိအားပေးလာတာ တွေကြောင့် ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက လျှပ်စစ်မီတာရုံးတွေကို ဗုံးဖောက်ခွဲ တာတွေကို မေလကုန်ပိုင်းကစလို့ လုပ်ဆောင် လာတာ တွေ့ရပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းအရဆိုရင် အောက်တိုဘာလ ၁၈ ရက်နေ့အထိ အနည်းဆုံး အကြိမ် ၃၀ အထိ လျှပ်စစ်မီတာ ရုံးတွေမှာ ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီဘက်ကလည်း မြို့နယ်နဲ့ ခရိုင်လျှပ်စစ် မီတာရုံးတွေမှာ လက်နက်ကိုင် လုံခြုံရေးတချို့ချပြီး မီတာခ ကြွေးကျန်တွေကို သတ်မှတ်ရက်အတွင်း နောက်ဆုံးထား ပေးဆောင်ဖို့ကို နှိုးဆော်တိုက်တွန်းနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org