နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ခြေမြန်တပ်မများ
အခုဆိုရင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြ လှုပ်ရှားသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သေဆုံးသူ အရပ်သား ပြည်သူ ၇၀၀ကျော် ရှိသွားပါပြီ။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021-04-17 -
-
-
မြန်မာ့ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြပြည်သူများကြား လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မ ၇၇က တပ်သားကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်နေ့က တွေ့ရစဉ်
Photo: AFP
အခုဆိုရင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြ လှုပ်ရှား သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေအတွင်း သေဆုံးသူ အရပ်သား ပြည်သူ ၇၀၀ကျော် ရှိသွားပါပြီ။ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ဟာ အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူမယ့် စာရင်းထဲ ထည့်သွင်းခံထားရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်မှာ ဖြစ်ပွားတဲ့ ဆန္ဒပြလှုပ်ရှားမှု တွေနဲ့ လူထု အုံကြွမှုတွေကို နှိမ်နှင်းဖို့ သွားနေတဲ့ တပ်မ ၇၇ ရဲ့ စစ်ကားတွေကို အင်းစိန်မြို့နယ်မှာ တွေ့ရတာပါ။
ရန်ကုန်မြို့မှာ ရွှေ့ပြောင်းလုပ်သားနဲ့ ဝင်ငွေနည်း လုပ်သားတွေ သိန်းချီရှိတဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ မတ်လ ၁၄ရက်နေ့က စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးတဲ့နောက် ဒီ တပ်မ ၇၇ လက်အောက်က တပ်ခွဲတွေဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြ ပြည်သူတွေ အပြင်၊ ရပ်ကွက်နေပြည်သူတွေကိုပါ အကြမ်းဖက် ဖြိုခွင်းခဲ့တာပါ။ တရုတ်လူမျိုးပိုင် စက်ရုံအလုပ်ရုံအချို့ မီးလောင်ကျွမ်းခဲ့ပြီးတဲ့နောက်၊ မတ်လ ၁၅ ရက်နဲ့ ၁၆ရက်တွေမှာပါ အကြမ်းဖက်နှိမ်နှင်းမှုတွေ တိုးမြှင့်ခဲ့ပြီး၊ ဒီသုံးရက်အတွင်း လူ၁၀၀ ကျော် သေဆုံး ခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းမှုနောက်ပိုင်း လူ အသေအပျောက် အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တာပါ။
အလားတူ အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာလည်း အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုအတွက် နာမည် ဆိုးနဲ့ လူသိများတဲ့ တပ်မ ၃၃ က တပ်ဖွဲ့ဝင်တွေ ဆန္ဒပြပွဲတွေကို စတင်နှိမ်နှင်းခဲ့တဲ့နောက်၊ RFA က စုဆောင်း ထားတဲ့ မှတ်တမ်းတွေအရ ဖေဖော်ဝါရီလ ၂၀ရက်၊ မတ်လ ၂၁၊ ၂၂၊၂၃ ရက်တွေမှာ အသေအပျောက် များပြား ခဲ့တာ တွေ့ရပါတယ်။
မတ်လ ၂၂ရက်နေမှာတော့ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာ စစ်တပ်ရဲ့ တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ကို အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားသူတွေကို အင်အားလုံး နှိမ်နှင်းမှုတွေ အတွင်း အရပ်သား ပြည်သူ အမြောက်အများ အသက် သေဆုံးစေခဲ့တဲ့အတွက် တာဝန်ရှိသူတွေ အဖြစ်သတ်မှတ်ပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု စာရင်းထဲကို့က ထည့်သွင်းလိုက်ပါတယ်။
ဒီ တပ်မ ၃၃ နဲ့ တပ်မ ၇၇ တို့ဟာ ဖေဖော်ဝါရီလ ၂၀ရက်ကနေ့က မန္တလေးမြို့ မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်း နှိမ်နှင်းမှုတွေအတွင်း ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နှင်းခဲ့တာနဲ့ မတ်လ ၁၄ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြသူအရေအတွက် စံချိန်တင် သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေအတွက် တာဝန်ရှိသူတွေ ဖြစ်တယ်လို့လည်း အမေရိကန် အစိုးရရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်တွေ အားလုံးမှာ တပ်မ ၃၃ နဲ့ ၇၇ တံဆိပ်ပါ လက်မောင်း လက်ပတ် ဝတ်ဆင်ထားတဲ့ တပ်သား တွေက အရပ်သား ပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်နေတာ၊ သေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်နေတာ၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးနေတာတွေကို မျက်မြင်သက်သေအနေနဲ့ရော ဗွီဒီယို မှတ်တမ်းအမြောက်အများပါ ပေါ်ထွက်လာခဲ့ပါတယ်။
မြန်မာ စစ်တပ်မှာ စစ်မြေပြင် တိုက်ခိုက်ရေး အထူးလေ့ကျင့် သင်ကြားပေးထားတဲ့ ခြေမြန် တပ်မတွေထဲက တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ ရာဇဝင်ရှိခဲ့တဲ့ တပ်တွေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ နဲ့ ပဲခူးတိုင်း ဒေသကြီး ပဲခူမြို့ အခြေစိုက် တပ်မ ၇၇ တို့ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းအတွင်းမှာ ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းမှုနဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို ရှင်းလင်းရေး စစ်ဆင်ရေး ပြုလုပ်ပြီး နှိမ်နှင်းရာမှာ အဓိကပါဝင်ခဲ့တဲ့ တပ်တွေဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
“ကျွန်တော်တို့ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီတပ်မတွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်တဲ့အမှုမှာ၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတဲ့ တပ်တွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သမိုင်းမှာ ၈၈ နောက်ပိုင်း တိုင်းရင်းသား ဒေသ တွေမှာ ပဋိပက္ခဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်လေ့ရှိတဲ့ တပ်တွေဖြစ်တာကို သတိထား မိတယ်။ မြန်မာ့တပ်မတော်ဟာ လူစုလူဝေးတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လုပ်ရပ်တွေ၊ နောက်ပြီးတော့ လူတွေကို ပစ်မှတ်ထားပြီး နှိမ်နှင်းဖို့အတွက် သေချာ တည်ဆောက်ပြီး ဖွဲ့စည်းထားတဲ့ စစ်တပ်လို့ ပြောလို့ရတယ်။ အဲဒီအထဲမှာမှ တပ်မ ၃၃ နဲ့ ၇၇ ကတော့ အမိန့်နာခံတဲ့သူတွေ၊ အထက်က အမိန့်ပေးစေခိုင်းရင် သတ်ဆိုသတ် ဖြတ်ဆိုဖြတ် လုပ်ရဲတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ကျွန်တော်တို့ ထင်တယ်။ အခုမြင်ရတဲ့ အထောက်အထားတွေအရလည်း သတ်ရဲဖြတ်ရဲတဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ် တပ်တွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်”
ဒါကတော့ Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်းက ပြောသွားတာပါ။
၂၀၁၈ ခုနှစ် ဂျွန်လက ရိုက်တာသတင်းဌာနက လေ့လာစုံစမ်းရေးသားတဲ့ သတင်းဆောင်းပါးအရ ကမ္ဘာသိ ဖြစ်ရပ်တစ်ခု ဖြစ်သွားတဲ့ အင်းဒင်ရွာ လူသတ်ပွဲမှာ တပ်မ ၃၃ က တပ်သားတွေ ဦးဆောင်ပြီး ရိုဟင်ဂျာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး၊ ကျင်းထဲမှာ မြှုပ်နှံခဲ့တာဖြစ်ပါတယ်။
တပ်မ ၇၇ကတော့ ၂၀၀၇ ခုနှစ်က လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတဲ့ သံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ်မှုနဲ့ အရပ်သားတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့ ဖြစ်ရပ်တွေအတွက် တာဝန်ရှိတဲ့ တပ်ဖွဲ့ ဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ဘန်ကောက်အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ David Matheson ကတော့ ဒီ ခြေမြန် တပ်မ တွေဟာ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်မြေပြင်မှာ ရင်ဆိုင်တိုက်ခိုက်ဖို့နဲ့ နယ်မြေ ရှင်းလင်းရေး စစ်ဆင် ရေးတွေ လုပ်ဆောင်ဖို့အတွက် လေ့ကျင့်သင်ကြားထားတာ ဖြစ်တဲ့အတွက် လက်နက်မဲ့ ပြည်သူတွေ ပါဝင်တဲ့ အဓိကရုဏ်း ဖြိုခွင်းမှုအတွက် အသုံးပြုတာ မလုပ်သင့်ဘူးလို့ ပြောပါတယ်။
“ ဒီတပ်မတွေဟာ အထူးလေ့ကျင့်ပေးထားတဲ့ တပ်ဖွဲ့တွေပါ။ ၁၉၆၀ ပြည့်နှစ်တွေက ဒီခြေမြန် တပ်မ တွေကို စတင်ဖွဲ့စည်းခဲ့စဉ်က မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို စေလွှတ်ပြီး ရန်သူကို ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒီ တပ်ဖွဲ့ဝင်တွေဟာ ရက်စက်ကြမ်းကြုတ်ပြီး မြင်မြင်သမျှ လက်မရွံ့ပဲ ပစ်ခတ်နှိမ်နှင်းဖို့ လေ့ကျင့် ပေးထားတာပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီ တပ်မ ၃၃ နဲ့ ၇၇ တို့ဟာ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်ရာမှာ ပါဝင်ခဲ့တဲ့ ရာဇဝင်ရှိပါတယ်။ ဒီတပ်မတွေရဲ့ လက်မောင်းတံဆိပ်ပါတဲ့ ယူနီဖောင်းဝတ်ထားတဲ့ တပ်သား တွေ ရောက်လာပြီဆိုရင် အဆိုးတကာ့ အဆိုးဆုံး အခြေအနေ ရောက်တော့မယ်ဆိုတာ ညွှန်ပြနေသလို ပါပဲ။ ဒီလို တပ်ဖွဲ့တွေကို လက်နက်မဲ့ အရပ်သားတွေကို ချေမှုန်းဖို့အတွက် အသုံးမပြုသင့်ပါဘူး။ လူထု အုံကြွမှုတွေကို ဖြိုခွင်းဖို့အတွက်ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေကိုပဲ သုံးရမှာပါ။ လူထု အုံကြွမှုတွေကို နှိမ်နှင်းဖို့ စစ်မြေပြင်သုံး တပ်ဖွဲ့တွေကို ခေါ်သုံးနေရတာကို ကြည့်ရင် တပ်မတော်ဟာ အရပ်ဘက် အုပ်ချုပ်ရေးမှာ နိုင်နိုင်နင်းနင်း မလုပ်နိုင်တာကို ပြနေပါတယ်”
ဖေဖော်ဝါရီလကုန်နဲ့ မတ်လ အစောပိုင်းက မန္တလေးမြို့မှာ ဖြစ်သွားတဲ့ ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းတဲ့ ဖြစ်စဉ်ထဲမှာဆိုရင်ဟာ ခြောက်လှန့်ပစ်ခတ်ရုံမကပဲ၊ ပစ်မှတ်ကို သေသေချာချာ ချိန်ရွယ် ပစ်ခတ်ရတဲ့ စနိုက်ပါ တပ်သားတွေ ပါဝင်ခဲ့တာတွေ့ရကြောင်း နဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ရဲယူနီဖောင်းကို ပြောင်းလဲ ဝတ်ဆင်ထားတဲ့ တပ်မတော်သားတွေလည်း နှိမ်နှင်းရာမှာ ပါဝင်ခဲ့တယ်လို့ သိရတဲ့အကြောင်း David Matheson က ပြောပါတယ်။
ဒီခြေမြန် တပ်မတွေဟာ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့နဲ့ အလျှင်အမြန် ရွှေ့ပြောင်းနိုင်အောင် လေ့ကျင့်ထားတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး၊ ဒီ တပ်မတွေရဲ့ လက်အောက်မှာ ခ.မ.ရ လို့ခေါ်တဲ့ ခြေမြန် တပ်ရင်းတွေ ရှိတဲ့အတွက်၊ ဒီတပ်မတွေရဲ့ လက်အောက်ခံ ခြေမြန် တပ်ရင်းတွေဟာ မြို့ကြီးတွေမှာ ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းဖို့ အသုံးပြုနေသလိုပဲ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လည်း ရင်ဆိုင် တိုက်ခိုက် နေကြတာ တွေ့နိုင်ပါတယ်။
တပ်မတော်က အငြိမ်းစား အရာရှိအချို့ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ Thaynaga Institute for Strategic Studies အဖွဲ့က ဦးသိန်းထွန်းဦးကတော့ ပြီးခဲ့တဲ့ ဆန္ဒပြ နှိမ်နှင်းမှုတွေ အတွင်းမှာ တပ်မ ၃၃ နဲ့ ၇၇ တို့ကို အသုံးပြုခဲ့တာဟာ ထူးခြားတဲ့ အကြောင်းပြချက် မရှိဘူးလို့ ပြောပါတယ်။
“မထူးခြားပါဘူး။ ပုံမှန်အားဖြင့် ဘယ်တပ်မတွေက ဘယ်စစ်တိုင်းတွေမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ တပ်မတော်က နဂိုကတည်းက ရည်ရွယ်ထားတဲ့ planတွေ ရှိပြီးသားပဲ။ အဓိကရုဏ်း နှိမ်နှင်းရေးအတွက် တပ်မ တစ်ခုခုကို သီးသန့် လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ အလျဉ်းသင့်တဲ့ တပ်မတစ်ခုခု ဆွဲပြီး တင်လိုက်တဲ့ သဘောပဲ။ တပ်မတော်ရဲ့ တပ်မတွေမှာ Aid to Civil power သုံးရမယ်ဆိုရင် အဓိကရုဏ်း နှိမ်နှင်းရေးအတွက် ဘယ်လို လုပ်ရမယ်ဆိုတာ လေ့ကျင့် သင်တန်းပေးပြီးသား ရှိတယ်။ ပုံမှန်အားဖြင့် ရဲတွေက ရှေ့တန်းမှာ ရှိပြီး၊ တပ်မတွေက နောက်ကနေ cover ပေးတဲ့ ပုံစံမျိုးပေါ့။ လိုအပ်တဲ့အချိန်မှာ တပ်မတော်က ရှေ့တက်ရမယ့် အချိန်မှာ ရှေ့ကို တက်မယ်။ သိပ်ပြီး ဒီတပ်မတွေကို ထူးခြားမှုရှိလို့ တင်လိုက်တာလားဆိုတာကတော့ မဟုတ်ပါဘူး”
ထိုင်းနိုင်ငံ အခြေစိုက် စစ်ရေး လေ့လာသုံးသပ်သူ Anthony Davis ကတော့ မြန်မာ့ တပ်မတောဟာ ဒီ ခြေမြန်တပ်မတွေကို နေပြည်တော်က စစ်ခေါင်းဆောင်တွေရဲ့ တိုက်ရိုက်ညွှန်ကြားမှုအောက်မှာ ထားရှိပြီး၊ သူတို့ အကျပ်အတည်းဆိုက်တဲ့ အခြေအနေ ရောက်လာတဲ့အခါ ထုတ်သုံးဖို့ ဒီ ခြေမြန်တပ်မတွေကို မဟာဗျူဟာ ကျကျ ဖန်တီးတာလို့ သုံးသပ်ပါတယ်။
“မြန်မာ့ တပ်မတော်ဟာ အကျပ်အတည်း တစ်ခုခု ကြုံလာတိုင်း လျှင်လျှင်မြန်မြန်နဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ပြီး ရန်သူကို ချေမှုန်းဖို့အတွက် ဒီ ခြေမြန်တပ်မတွေကို လေ့ကျင့်သင်ကြားထားတာပါ။ ဒီ တပ်မတွေဟာ လိုအပ်တဲ့နေရာကို အလျှင်အမြန် ရွှေ့ပြောင်းနိုင်စွမ်းရှိပြီး၊ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နှိမ်နင်းတဲ့နေရာမှာ ဒီတပ်မတွေကို လေယာဉ်တွေ ထရပ်ကားတွေနဲ့ ပို့ပြီး ရှင်းလင်းရေး လုပ်ဆောင်ခဲ့တာ တွေ့နိုင်ပါတယ်။ ၂၀၁၅ မှာ ကိုးကန့် ဒေသ၊ ၂၀၁၆ မှာ ရှမ်းမြောက် နဲ့ ၂၀၁၈ မှာ ကချင်ပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေမှာ ဒီလိုပဲ လုပ်ခဲ့တာတွေ့ရပါတယ်။ အသိသာဆုံးကတော့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့နောက် ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ အနည်းဆုံး တပ်မ ငါးခုလောက်ကို ရခိုင်ပြည်နယ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း စေလွှတ်ခဲ့တာ တွေ့နိုင်ပါတယ်”
စစ်ရေးသုံးသပ်သူ Anthony Davis ကတော့ တပ်မ ၃၃ နဲ့ ၇၇ လိုပဲ မြန်မာ စစ်တပ်ရဲ့ အခြား တပ်မတွေ ဟာလည်း အလားတူ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန် နိုင်စွမ်းရှိကြတယ်လို့ သုံးသပ်ပါတယ်။
“အမှန်က မြန်မာ့ တပ်မတော်မှာ ခြေမြန် တပ်မ ၁၀ခုရှိတဲ့အထဲက အားလုံးဟာ တူညီတဲ့ လေ့ကျင့် သင်ကြားမှုတွေ နဲ့ တိုက်ပွဲ အတွေ့အကြုံတွေရှိခဲ့တဲ့အတွက် ရန်ကုန်နဲ့ မန္တလေးက ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ ဘယ်တပ်မကိုမဆို အသုံးပြုလို့ ရနေပါတယ်။ အခုဆို တပ်မ ၅၅ ကိုရခိုင်ဘက်မှာ ချထားတယ်။ တပ်မ ၁၀၁ ကို စစ်ကိုင်းဘက်မှ ချထားလိုက်ပါတယ်။ တပ်မ ၃၃ နဲ့ ၇၇ အပြင် အခြား တပ်မတွေက အရပ်သား ပြည်သူတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်တာကို တွေ့လာရနိုင်ပါတယ်။ အမေရိကန်အစိုးရက တပ်မ ၃၃ နဲ့ ၇၇ ကို ရွေးထုတ်ပြီး အရေးယူလိုက်တာဟာ တကယ် ထိရောက်သလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ တကယ်တော့ စစ်တပ်ကို ဆန့်ကျင်သူတွေ စိတ်ကျေနပ်သွားအောင် လုပ်လိုက်တာလို့ ထင်ပါတယ်”
အလားတူပဲ မြန်မာ့အရေး သုံးသပ်သူ David Matheson ကလည်း တပ်မ ၃၃ နဲ့ ၇၇ နှစ်ခုကို သီးခြား အရေးယူတာဟာ လုံလောက်မှု မရှိဘူးလို့ သုံးသပ်ပါတယ်။
“လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဒီတပ်ဖွဲ့ နှစ်ခု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထောက်ပြခဲ့တာ ကြာပါပြီ။ အမေရိကန်အစိုးရအနေနဲ့ ဒီ တပ်မနှစ်ခုကို ပိတ်ဆို့အရေးယူတဲ့ စာရင်ထဲမှာ သီးခြား ထည့်သွင်း လိုက်တဲ့အတွက် ကျန်တဲ့ တပ်မတွေက သိပ်မဆိုးဘူးဆိုတဲ့ သဘောမဟုတ်ပါဘူး။ တပ်မ ၂၂ က တပ်သား တွေဟာ ၈၈ အရေးအခင်းတုန်းက ရန်ကုန်မှာ အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ရာမှာ အဓိက ပါဝင်ခဲ့ပါတယ်။ တပ်မ ၉၉ နဲ့ ၄၄ တို့ဟာလည်း ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အရပ်သားတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒါကြောင့် တပ်မ ၃၃ နဲ့ ၇၇လက်မောင်း လက်ပတ် မဟုတ်ရင် ကြောက်စရာ မလိုဘူးလို့ မယူဆသင့်ပါဘူး။ မြန်မာစစ်တပ် တစ်ခုလုံးက ပြည်သူကို ဖိနှိပ်ပြီး အုပ်ချုပ်လိုတဲ့ စိတ်ထားရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခုလို တပ်မနှစ်ခုကို သီးခြား ခွဲထုတ်ပြီး အပြစ်ပေး အရေးယူဖို့ ကြိုးပမ်းတာဟာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်”
တစ်ဘက်မှာလည်း တပ်မ ၇၇ နဲ့ ၃၃ ရဲ့ လက်အောက်ခံ တပ်ခွဲတွေက တပ်သားတွေဟာ တင်းကြပ်တဲ့ အုပ်ချုပ်ရေးပုံစံရဲ့ အောက်မှာ နေထိုင်ကြရပြီး၊ လုံလောက်တဲ့ စားနပ်ရိက္ခာ၊ လစာနဲ့ အသုံးအဆောင်တွေ မရကြတဲ့အတွက် ဆင်းရဲကျပ်တည်းမှုတွေ ကြုံနေရတဲ့အကြောင်း တွေ့နေရပြီး တပ်ကို စွန့်ခွာ ထွက်ပြေး တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆီမှာ သွားရောက် ခိုလှုံတာတွေ ရှိနေပါတယ်။
တပ်မ ၇၇ လက်အောက်က အောက်ခြေ စစ်သားတွေ စားဝတ်နေရေး အခြေအနေ အလွန် ကျပ်တည်းနေတဲ့ အကြောင်း အမည်မဖော်လိုသူ တပ်သားတစ်ဦးက RFA နဲ့ အင်တာဗျူး တစ်ခုမှာ ပြောသွားပါတယ်။