အပတ်စဉ် (၂) စစ်သင်တန်းအတွက် တိုင်းနဲ့ ပြည်နယ်တချို့မှာ စာရင်းစကောက်နေ

RFA Burmese
2024.04.27
အပတ်စဉ် (၂) စစ်သင်တန်းအတွက် တိုင်းနဲ့ ပြည်နယ်တချို့မှာ စာရင်းစကောက်နေ မန္တလေးတိုင်းအတွင်းရှိ စစ်မှုထမ်းမည့်သူများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ကတွေ့ရစဥ်။
Telegram/ Pyi Thu Sitt

စစ်မှုထမ်းဥပဒေအရ အပတ်စဉ် (၂) စစ်သင်တန်းအတွက် ဧပြီလဆန်းပိုင်းကတည်းက ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်မှာ လူငယ်တွေကို စာရင်းစကောက်နေပြီလို့ အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လူငယ်တွေကို စာရင်းကောက်ယူနေတဲ့အပြင် ညအချိန်တွေမှာ ဖမ်းဆီးတာနဲ့ စစ်မှုထမ်းဖို့ ရှောင်လွှဲသူတွေကို ငွေကြေးတောင်းခံတာတွေပါ လုပ်နေတာလို့ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းက သန်လျင်၊ ကျောက်တန်း၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာလည်း ဧပြီလအတွင်း စာရင်းစကောက်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက အပတ်စဉ် (၂) အတွက် သင်တန်းသားခေါ်ယူရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပြင် မြို့နယ်ထွေအုပ်ရုံးကပါ ခေါ်ယူနေတယ်လို့ RFA ကိုပြောပါတယ်။

"တချို့ကျတော့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဆောင်ရွက်တာရှိတယ်။ တချို့ကျတော့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတောင် မသိဘူး။ ထွေအုပ်ရုံးတွေကနေ စာအိတ်နဲ့ By Name တပ်ပြီး ခေါ်ကြတယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ ပုံစံကအမျိုးမျိုးနဲ့ကို သွားနေကြတော့ဘယ်လိုပြောရမလဲမသိဘူး။ သူ့တို့သဘော၊ သူတို့ဥပဒေ၊ သူတို့ပုံစံနဲ့ပဲ သွားနေကြတာ"

အပတ်စဉ် (၂) စစ်သင်တန်းအတွက် လက်ရှိ အိမ်တိုင်ရာရောက် စာရင်းကောက်ယူတာတွေ မလုပ်တော့ဘဲ ရာအိမ်မှူးတွေကနေတစ်ဆင့် တင်ပို့လာတဲ့ နာမည်တွေကိုသာ စစ်မှုထမ်းဖို့ရွေးချယ်နေတာလို့ ဆိုပါတယ်။

နာမည်စာရင်း ရွေးချယ်ခံထားရသူတွေကို ညအိပ်ခရီးသွားခွင့်မပြုဘဲ မဲနှိုက်မယ့်နေ့ကို အကြောင်းကြားမယ်ဆိုပြီး ရပ်ကွက်ရုံးက ပြောဆိုထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မန္တလေးမှာတော့ ဧပြီလဆန်းပိုင်းကတည်းက ညဘက်သွားလာနေတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေပြီး ငွေနဲ့ပြန်မရွေးနိုင်သူတွေကို အပတ်စဉ် (၂) အတွက် စစ်မှုထမ်းဖို့ ပို့ဆောင်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

" အခုခေါ်နေတာက စိစစ်နေတဲ့ သဘောမျိုးပုံစံပေါ့။ တကယ်တမ်းတော့ လုပ်စားနေကြတာ။ ခြိမ်းခြောက်မယ်။ ငွေညှစ်တယ်။ လုပ်စားနေကြတာ။ အဲဒီသဘောပေါ့။ ဟိုကဖမ်း၊ ဒီကဖမ်းတွေလည်း ရှိတယ်။ လမ်းထွက်ရင်လည်း ညပေါ်တာဆွဲတဲ့ပုံစံနဲ့ မသင်္ကာလို့ ဖမ်းသွားတာရှိတယ်။ အဲဒါမျိုးတွေက ဖြစ်တယ်။ အဲဒါမျိုးတွေကို စစ်မှုထမ်းဖို့ တကယ်အသုံးမချဘဲ ငွေနဲ့ရွေးနိုင်ရင် ရွေး၊ မရွေးနိုင်ရင် သွားပဲ။ မန္တလေးမှာ လက်တွေ့ဖြစ်နေတာတွေလေ"

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်သူတစ်ဦးကို ပြန်ရွေးမယ်ဆိုရင် ငွေကျပ်သုံးသိန်းကနေ ဆယ်သိန်းအထိ ပေးနေရတယ်လို့လည်း ဆိုပါတယ်။

"ဟိုကဖမ်း၊ ဒီကဖမ်းတွေလည်း ရှိတယ်။ လမ်းထွက်ရင်လည်း ညပေါ်တာဆွဲတဲ့ပုံစံနဲ့ မသင်္ကာလို့ ဖမ်းသွားတာရှိတယ်။ အဲဒါမျိုးတွေက ဖြစ်တယ်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖြူးမြို့ခံတစ်ဦးက ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းမှာ ဧပြီ ၂၃ ရက်နေ့ကတည်းက တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူနေပြီလို့ RFA ကိုပြောပါတယ်။

"တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်နေပါပြီ။ အခုတစ်ခေါက်ကောက်တဲ့အခါမှာ ၁၆ နှစ်ပဲရှိသေးတဲ့ အသက်မပြည့်သေးတဲ့ လူငယ်တွေကိုပါ ကောက်သွားပါတယ်။ ဘယ်တော့ခေါ်မယ် ဆိုတာကတော့ မပြောသွားဘူး။ စာရေးမတွေ၊ အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးတွေ လာကောက်သွားတာပေါ့ "

ဧပြီလ ၂၁ ရက်နေ့လည်း ဖြူးမြို့နယ်မှာ လမ်းသွားလမ်းလာ လူငယ်အမျိုးသားအများစု အပါအဝင် ခြောက်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အပတ်စဉ် (၂) စစ်သင်တန်းအတွက် တောင်ငူမြို့အခြေစိုက် ခလရ (၃၉) တပ်ထဲ ပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ဒီလိုဖမ်းဆီးမှုတွေမရှိဘူးဆိုပြီး သူတို့လက်အောက်ခံ သတင်းမီဒီယာတွေကတော့ ပြန်လည်ငြင်းဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ စစ်သားလိုအပ်ချက်ကြောင့် စစ်သင်တန်းတွေကို သတ်မှတ်ကာလထက်ပိုစောပြီး ခေါ်ယူနေတာလို့ သုံးသပ်ပါတယ်။

"သူ့တပ်ကလည်း နေရာတကာမှာ အရှုံးတွေများပြီး တပ်အင်အားတွေ လျော့ပါးနေတဲ့အနေအထားမှာ အဲဒါတွေ ဖြည့်တင်းဖို့အတွက် တပ်သားအလျင်အမြန်လိုအပ်နေတော့ ဒီကိစ္စတွေကို အလျင်အမြန် လုပ်ကိုင်ဆောင်ရွက်နေတာပါ။ လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုတာကလည်း လိုအပ်ချက်တစ်ခု အကြောင်းပြုပြီးတော့ စနစ်ကျတဲ့ နည်းဥပဒေတွေနဲ့ လုပ်နေတာမဟုတ်ပါဘူး "

အပတ်စဉ် (၂) စစ်သင်တန်း စတင်ခေါ်ယူနေတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ရုံးပိတ်ရက်ဖြစ်တာကြောင့် ရုံးဖွင့်ရက်မှပဲ ဆက်သွယ်ဖို့ ပြောပါတယ်။

စစ်ကောင်စီ အရာရှိတစ်ဦးနဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) တက်ရောက်နေသူများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)
စစ်ကောင်စီ အရာရှိတစ်ဦးနဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁) တက်ရောက်နေသူများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဥပဒေအသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့မှာ စစ်မှုထမ်းမယ့်သူတွေကို စတင်ဆင့်ခေါ်ခဲ့ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီလ သင်္ကြန်ပြီးမှ အပတ်စဉ် (၁) အတွက်စခေါ်မယ်လို့ ပြောခဲ့ပေမယ့် မတ်လလယ်ကတည်းက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ လူငယ်တွေကို စုဆောင်းခဲ့တာပါ။

စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နဲ့ အမျိုးသမီး ၁၈ နှစ်ကနေ ၂၇ နှစ် အထိ သတ်မှတ်ထားပြီး အတတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူဆိုရင် အမျိုးသားက ၄၅ နှစ်အထိနဲ့ အမျိုးသမီးက ၃၅ နှစ်အထိ အကျုံးဝင်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကာလကို သာမာန်ဆိုရင် နှစ်နှစ်နဲ့ ကျွမ်းကျင်ပညာရှင်ကို သုံးနှစ် သတ်မှတ်ထားပေမယ့် အရေးပေါ်ကာလမှာ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့  ဆိုထားပါတယ်။

စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရသူဟာ တာဝန်မထမ်းဆောင်ဘဲ ငြင်းဆန်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့လည်း အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။