၂၀၂၃ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ပြင်ဆင်
စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံတစ်ဝန်း လူဦးရေစာရင်းကောက်ယူပြီး လူတိုင်းမှတ်ပုံတင်ရရှိရေးကို စတင်ဆောင်ရွက်နေပြီလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ၂၀၂၃ ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာဖို့ ကြိုးစားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ် အောင်မြင်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။
- 2022-04-25
-
-
-
လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စစ်ကောင်စီက မြို့ပေါ် ရပ်ကွက်နဲ့ ကျေးလက်ဒေသတွေပါမကျန် လူဦးရေစာရင်းကောက်ယူတာတွေနဲ့ လူတိုင်း မှတ်ပုံ တင်ရှိရေး ကွင်းဆင်းလုပ်ဆောင်နေပါပြီ။ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး နေရာမလပ် ကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ ရက် နေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ နောက်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တိုင်းပြည်တည်ငြိမ်အောင် ကြိုးစားနေသလို တစ်ဖက်မှာလည်း အခြေခံလူဦးရေစာရင်း မှန်ကန်အောင် ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၂ ရက်က RFA ကို ပြောထား ပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးရင် ကျနော်တို့ လုပ်ဆောင်ရမယ့်ဟာတွေ၊ ဆွေးနွေးရမယ့်လူတွေ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရမယ့်ဟာတွေ စနစ်နဲ့ ပတ်သက် ပြီးတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဟိုဘက်မှာရှိတဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုအဖွဲ့နဲ့ တွေ့ဆုံ တာတွေ ပြီးရင် ကျနော်တို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာတွေကိုတော့ စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပါတယ်”
တပ်ကို နိုင်ငံရေးမှာပါဝင်ဖို့ လျှော့ချချင်တယ်ဆိုရင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးက ပိုပြီး အဓိကကျလိမ့်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ချိုးဖောက်ပြီး စစ်အာဏာသိမ်းထားတာဖြစ်လို့ သူတို့ လုပ်တဲ့ ရွေးကောက်ပွဲဟာလည်း တရားမဝင်ဘူးလို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီးတော့ သိမ်းထားတာလည်း ဖြစ်တယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ သူတို့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရကိုက လုပ်ပိုင်ခွင့်တွေထဲမှာ အဲဒါက မပါဘူး။ မပါတော့ လုပ်သမျှကတော့ ဘာမှ တရားမဝင်ဘူးလို့ ကျနော်တို့က သတ်မှတ်ထားပါတယ်။ ၂၀၂၃ ကို ရွေးကောက်ပွဲ လုပ်ချင်တယ်ဆိုတာကတော့ ကျနော်တို့ မြင်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ချင်တာရယ် သူတို့ရဲ့ နိုင်ငံရေးအရပေါ့။ Legitimacy ရဖို့အတွက်ကို သူ့ရဲ့နိုင်ငံရေးထွက်ပေါက်အတွက် ကြိုးပမ်း နေတာ ဖြစ်ပါတယ်”
ပြည်သူ့ဆန္ဒနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကို မဖော်ဆောင်နိုင်သေးသရွေ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကတော့ တရားဝင်တည်ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ဦးကျော်ထွေးက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ယောက်ကတော့ စစ်ကောင်စီကို ယုံကြည်မှုမရှိတဲ့အတွက် သူတို့ ဦးဆောင်ကျင်းပပေးမယ့် ရွေးကောက်ပွဲကိုလည်း မဲသွားထည့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“သူတို့ဘက်ကလုပ်မယ့် ရွေးကောက်ပွဲပေါ့နော်။ အခု ကျမတို့ ရပ်ကွက်ထဲမှာလည်း သန်းခေါင် စာရင်း အကြမ်းလိုက်ကောက်တယ်ပေါ့။ လူဦးရေစာရင်းဆိုတဲ့ ပုံစံမျိုးလေ။ အဲဒီလိုမျိုးတွေ ရှိနေတယ်ပေါ့။ သူတို့ကတော့ ပေါ်ပေါ် တင်တင် မပြောဘူး။ ဒါပေမဲ့ ကျမတို့က သွားပြီးတော့ မဲထည့်မှာလည်း မဟုတ်ဘူး။ မဲပေးတဲ့ ပြည်သူတစ်ယောက်အနေနဲ့ သွားထည့်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုလည်း ယုံကြည်မှုမရှိဘူးလေ။ ယုံံကြည်မှုမရှိတဲ့အတွက် သွားထည့်ဖို့ အစီအစဉ်လည်း မရှိဘူး။ ထည့်ဖို့လည်း စဉ်းစားမှာ မဟုတ်ဘူးပေါ့နော်”
အချိုးကျကိုယ်စားပြုစနစ်အရ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့သူ၊ ကိုယ်ကြိုက်တဲ့ပါတီကို ရွေးချယ်ခွင့်ရှိတော့မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူးလို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ ရွေးကောက်ပွဲလုပ်လည်း ကျနော်တို့ ပြည်သူတွေက ဘယ်သူမှ တရားဝင်ရွေးကောက်ပွဲ အဖြစ် သတ်မှတ်မှာမဟုတ်သလို အောင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခု လုပ်မယ့် ရွေးကောက်ပွဲကလည်း သူတို့နဲ့ သက်ဆိုင်တဲ့သူတွေနဲ့ပဲလုပ်မယ့် ရွေးကောက်ပွဲမျိုး ဖြစ်နေတယ်။ သူတို့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ NLD ပါတီကလူတွေဆိုလည်း အဖမ်းဆီးခံရတာ တွေ၊ ပြည်ပရောက်သွားတာတွေ ရှိတယ်။ သူတို့ရဲ့ အဓိကပြိုင်ဘက်မရှိဘဲနဲ့ ဒါကြီးက ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူးဗျ”
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ ကျေးလက်ဒေသအားလုံးကို PDF တွေက ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီဘက်က လူဦးရေစာရင်းလည်း ကောက်ယူလို့ မရသလို ဝန်ထမ်းတွေလည်း နယ်ဘက်ကို ထွက်ရဲတဲ့ အနေအထားတောင်မရှိဘူးလို့ ဆိုပါတယ်။
"ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီ ဥက္ကဋ္ဌကနေပြီးတော့ သမ္မတအဖြစ် သူက အရွေးခံခွင့်ရချင်တာပေါ့"
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌကနေ သမ္မတ လုပ်ချင်တဲ့အတွက် PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားတာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ ဖြစ်နိုင်စရာမရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယူဆပါတယ်။
“အဓိက ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီ ဥက္ကဋ္ဌကနေပြီးတော့ သမ္မတအဖြစ် သူက အရွေးခံခွင့်ရချင်တာပေါ့။ ဒါကြောင့်မို့ ဒီအခြေခံနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေထဲမှာမပါတဲ့ ကျနော်တို့ PR စနစ်ရယ် နောက်ပြီးတော့ သူ့ အတွက် သမ္မတဖြစ်ခွင့်ပေးမယ့် အခင်းအကျင်းတွေကို ပြင်ဆင်လိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်း ပါတယ်။ ဒါပေမဲ့ ဗမာပြည်ရဲ့ လက်ရှိ အနေအထားအောက်မှာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဆိုတာ ဟာ ဘယ်လိုမှဖြစ်နိုင်စရာအကြောင်း သိပ်မရှိပါဘူး”
တစ်နိုင်ငံလုံးမှာ ကျေးလက်ဒေသနဲ့ တောင်တန်းဒေသတွေရဲ့ ၅၀ ရာခိုင်နှုန်းကို NUG လက်အောက်ခံ PDF တွေက ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၂၀၂၃ မှာ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲ တရားဝင်မှု ရှိ၊ မရှိဆိုတာဟာ စစ်ကောင်စီနဲ့ NUG ကြား လက်ရှိ နိုင်ငံရေး၊ စစ်ရေးအရ အားပြိုင်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးရဲထွန်းက ပြောပါတယ်။
“တရားဝင်မှု ရှိ၊ မရှိဆိုတဲ့ ကိစ္စကျတော့လည်း နိုင်ငံရေးအရပေါ့နော်။ နှစ်ဖက်ပြိုင်ပြီးတော့ တိုက်ခိုက်နေတဲ့အဖွဲ့ အထူးသဖြင့်တော့ CRPH၊ NUG နဲ့ နစကပေါ့။ အဲဒီနှစ်ဖွဲ့က လာမယ့် အနာဂတ်မှာ ဘယ်သူနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ နိုင်တဲ့အဖွဲ့က CRPH ၊ NUG ဖြစ်မယ်ဆိုရင် ဒီရွေးကောက်ပွဲကြီးကို တရားမဝင်ဘူးလို့ သတ်မှတ်လို့၊ ဖျက်လိုက်လို့ ရတာပေါ့။ ရလဒ်ကို အသိအမှတ် မပြုလို့ ရတာပေါ့။ တကယ်လို့ နစက က နိုင်သွားမယ်။ NUG ၊ CRPH နဲ့ PDF တွေက တဖြည်းဖြည်းနဲ့ လုံးပါးပါးသွားမယ်ဆိုရင်တော့ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက ၂၀၀၈ အခြေခံဥပဒေအရ တရားဝင်တယ်ဆိုတာ ဖြစ်သွားမှာပေါ့”
နောက်တစ်ချက်ကတော့ NLD ၊ SNLD တို့ ပါဝင်နိုင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် မဲလာပေးမယ့်သူ နည်းနိုင်သလို လုံခြုံရေး အခြေအနေတွေ ကောင်းမလာဘူးဆိုရင် လက်တွေ့ ကျင်းပဖို့ အခက်အခဲ ရှိနိုင်တယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေတွေမှာ ပြည်သူလူထု မဲဘယ်လောက် လာပေးမှ အောင်မြင်တယ်၊ တစ်နိုင်ငံလုံး ရဲ့ ဘယ်နှရာခိုင်နှုန်းမှာ ရွေးကောက်ပွဲလုပ်ပေးနိုင်မှ အထမြောက်တယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိတဲ့အတွက် လုပ်ချင်တယ်ဆိုရင်လည်း လုပ်လို့ရတယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
၂၀၁၀ နောက်ပိုင်းမှာ အထွေထွေ ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မြို့နယ် ၃၂၃ မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မြို့နယ် ၃၁၅ မြို့နယ် ကျင်းပနိုင်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကို ပါတီစာရင်းစစ်ဆေးမှုခံယူဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူဖို့ ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။