ICRC ကို စစ်ကောင်စီ လက်ခံတွေ့ဆုံမှု ဟန်ပြသာဖြစ်ကြောင်း သုံးသပ်နေကြ

စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို လက်ခံတွေ့ဆုံတာဟာ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

လားရှိုးအကျဉ်းထောင်မှ အကျဉ်းသားများအား ၂၀၂၀ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။

စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို လက်ခံတွေ့ဆုံ တာဟာ ဟန်ပြလုပ်ရပ်သာဖြစ်တယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်နေကြပါတယ်။

၁၉၉၉ ခုနှစ်ကစလို့ မြန်မာပြည်က အကျဉ်းထောင်တွေကို ဝင်ထွက်ကူညီခွင့်ရခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ ၂၀၂၀ ကတည်းက ကိုဗစ်နိုင်တင်းကပ်ရောဂါကာလ ကန့်သတ်ချက်ကြောင့် အကျဉ်းထောင်တွင်း ဝင်ရောက်ခွင့်ရပ်သွားခဲ့ပါတယ်။

ဒါကြောင့် ထောင်တွေကို အရင်လို ပြန်ဝင်ခွင့်ရဖို့ကိစ္စအပေါ် မတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

"စေတနာရှိတယ် ဆိုလို့ရှိရင်တော့ ဒါနဂိုကတည်းက ဖြေလျှော့ပေးရမှာတွေ အများကြီးရှိတာပဲ”

စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ICRC အသင်းရဲ့ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာမာတင်ရှူးအပ် ( Mr. Martin Schuepp) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့အကြောင်းကို စစ်ကောင်စီက မတ်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တွေ့ခွင့်ပြုမယ်၊ မပြူဘူးဆိုတာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြမထား ပါဘူး။

ဒီတွေ့ဆုံမှုကနေ ဘာမှထူးခြားလာမှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“တခြား သူ့ဟာသူ ဘယ်သူနဲ့ပဲတွေ့တွေ့၊ ဘာနဲ့ပဲတွေ့တွေ့ ဘာမှထူးခြားလာမှာ မဟုတ်ဘူးလို့ ညီမက ထင်တာပဲ။ လုပ်နေတာတွေက လုပ်တော့လုပ်ပြနေတာပဲလေ။ ဒါပေမဲ့ ရလဒ်က ဘာမှမှ မဖြစ်လာတာ။ ဒါတွေက စာရွက်ပေါ်မှာပဲလေ။ ဒီလိုပဲ ဟန်ပြလုပ်နေတယ်လို့ပဲ ညီမကထင်တယ်ပေါ့နော်”

ထောင်တွင်းလေ့လာကြည့်ရှုခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ ပြန်ခွင့်ပြုဖို့အတွက် ICRC က ၂၀၂၂ ခုနှစ်၊ ဇွန်လကတည်းက တောင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူက စစ်ကောင်စီအနေနဲ့ ICRC ကို လက်ခံတွေ့ဆုံတာဟာ ရွေးကောက်ပွဲအတွက် အများအမြင်ကောင်းရုံလုပ်တာလို့ ဝေဖန်ပါတယ်။

“ကျနော်တစ်ဦးတည်း အမြင်နဲ့ပြောရရင်တော့ ဒီတွေ့ခွင့်ရတဲ့ဟာက သူတို့အတွက် သူတို့ လျှောက်လှမ်းနေတဲ့ ဒီရွေးကောက်ပွဲအတွက်ပေါ့နော်၊ သူတို့ အများအမြင် ကောင်းအောင်လို့ ခြေလှမ်းလေးတစ်ခု လှမ်းတဲ့အနေနဲ့ပဲ သူတို့လုပ်တာ။ စေတနာရှိလို့ မဖြစ်နိုင်ပါဘူး။ စေတနာရှိတယ် ဆိုလို့ရှိရင်တော့ ဒါနဂိုကတည်းက ဖြေလျှော့ပေး ရမှာတွေ အများကြီးရှိတာပဲ”

စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တဲ့အပေါ် ICRC (မြန်မာ) ရုံးခွဲကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဒီနေ့အထိ (မတ်လ ၁၇ ရက်အထိ) အကြောင်းပြန် ဖြေဆိုတာမရှိသေးသလို၊ ICRC ရုံးဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ညွှန်ကြားရေးမှူး ကိုဗညားကလည်း၊ ICRC ကို လက်ခံတွေ့ဆုံတာဟာ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို အာရုံပြောင်းဖို့သာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီကတော့ သူတို့ ဗန်းပြနိုင်သလောက်ကတော့ သူတို့ ဗန်းပြမှာပဲ။ အခုဆိုရင် ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ စစ်ကိုင်းဘက်မှာလည်း အကြီးအကျယ် ထိုးစစ်ဆင်ပြီးတော့ သတ်ဖြတ်မှုတွေ အများကြီး လုပ်နေတယ်ပေါ့နော်။ အဲဒီဟာကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုနဲ့တွေ့တယ်။ တွေ့ပြီးတော့မှ ဆွေးနွေးပြ တယ်ဆိုတာက ဒါကတော့ တစ်ဖက်လှည့် အာရုံပြောင်းလဲချင်တဲ့ လုပ်ရပ်တစ်ခုလို့ ကျနော်မြင်တယ်”

ICRC နဲ့ စစ်ကောင်စီ တွေ့ဆုံခဲ့တဲ့ရလဒ် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာသိရဖို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လူသားချင်းစာနာမှု အကူအညီ ပေးရေး ကိစ္စတွေကို စစ်ကောင်စီရဲ့ အစီအစဉ်အောက်ကနေ ပေးချင်တဲ့နေရာကို လက်တွေ့ပေးလို့ရတဲ့အကြောင်း နိုင်ငံတကာအဖွဲ့တွေကို ရှင်းရှင်းလင်းလင်း ပြောထား တယ်လို့ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်မှာ RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ ICRC နဲ့ စစ်ကောင်စီ အခုလို တွေ့ဆုံဆွေးနွေးတာ အကျဉ်းသားတွေနဲ့ အချုပ်သားတွေအတွက် ကောင်းတဲ့အလားအလာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ICRC ကနေ အကျဉ်းထောင်တွေထဲကို ဝင်ရောက်လေ့လာပြီးတော့ ဒီအကျဉ်းသား၊ အချုပ်သားတွေအတွက် လိုအပ်တဲ့အကူအညီတွေကို မပေးနိုင်ခဲ့တာလည်း နှစ်တော်တော်ကြာသွားပြီပေါ့နော်။ အဲတော့ အခုထပ်မံပြီးတော့မှ ICRC နဲ့ ဒီပြည်ထဲရေးဝန်ကြီးဌာန၊ နောက်တစ်ခါ အကျဉ်းဦးစီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ဒီလုပ်ငန်းတွေ ဆက်လုပ်မယ်ဆိုရင်တော့ နိုင်ငံရေးအခြေအနေ ဘယ်လိုပဲရှိရှိ ဒီအကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသား၊ အချုပ်သားတွေအတွက် ကောင်းသော အလားအလာတစ်ခု လက်ခံကြိုဆိုသင့်တဲ့ ကိစ္စတစ်ရပ်လို့ပဲ မြင်ပါတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ NLD ပါတီရဲ့ လူ့အခွင့်အရေးဌာန စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ လ ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေးအကျဉ်းသား (၃၃) ဦး သေဆုံးခဲ့ ပါတယ်။

သူတို့ဟာ အချိန်မီ ဆေးကုသခွင့်မရတာ၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန် မရတာ၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရတာ၊ ထောင်တွင်းမှာပဲ ရုပ်ပိုင်းနဲ့စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ စစ်ကြောရေးကပါလာတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ မိသားစုဝင်တွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ ICRC အနေနဲ့ ဖမ်းဆီးခံထားရသူတွေ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းနဲ့အညီဆက်ဆံခံရအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ RFA ကို ပြောပါတယ်။

“ICRC အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာရှိတဲ့ အကျဉ်းသားတွေ၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနဲ့အညီ ပြုမူဆက်ဆံဖို့အတွက်ကို ဆောင်ရွက်ပေးဖို့အတွက် တောင်းဆိုချင်ပါတယ်။ အကျဉ်းသား၊ အကျဉ်းသူတွေအနေနဲ့ အနိမ့်ဆုံး လူ့အခွင့်အရေးတွေ ရဖို့နေနေသာသာ စိတ်ဓာတ်ရေးရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော နှိပ်စက်ညှဉ်းပန်းတာတွေ ခံနေရတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ တချို့ဆိုရင် အသက်ပါ သေကြေတဲ့အထိ ဖြစ်ခဲ့တယ်။ အဲလို ဖြစ်ခဲ့တဲ့ကိစ္စတွေကိုလည်း စုံစမ်းစစ်ဆေး အရေးယူဖို့ လိုအပ်ပါတယ်”

ICRC အနေနဲ့ စစ်ကောင်စီသာမက NUG အစိုးရ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး သဘောထားအမြင်တွေ ဖလှယ်သင့်တယ်လို့လည်း ဦးကျော်ဇော်က ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ICRC ဟာ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် လူသားချင်း စာနာမှှုအကူအညီလိုအပ်နေသူတွေနဲ့ အကျဉ်းသားတွေရဲ့လိုအပ်ချက်တွေကို ထောက်ပံ့ကူညီ ပေးနေတာ နှစ် ၃၀ ကျော်ပါပြီ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက် နေ့အထိစာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အဖမ်းခံထား ရတဲ့သူ (တစ်သောင်ခြောက်ထောင်ကျော်) ၁၆,၅၁၉ ဦးရှိပြီး (ငါးထောင်ကျော်) ၅၀၈၇ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org