လူဦးရေစာရင်း ကောက်ယူပြီးပေမယ့် ရွေးကောက်ပွဲ မသေချာသေး
စစ်ကောင်စီက ရွေးကောက်ပွဲသစ်အတွက် နိုင်ငံတစ်ဝန်း လူဦးရေစာရင်းကို ၉၀ ရာခိုင်နှုန်းနီးပါး ကောက်ယူပြီးကြောင်း ကြေညာထားပါတယ်။
-
RFA Burmese
2023-06-27 -
-
-
စစ်ကောင်စီက ရွေးကောက်ပွဲသစ်အတွက် နိုင်ငံတစ်ဝန်း လူဦးရေစာရင်းကို ၉၀ ရာခိုင်နှုန်း နီးပါး ကောက်ယူပြီးကြောင်း ကြေညာထားပေမယ့် လက်ရှိ တိုင်းပြည်အနေအထားအရ ရွေးကောက်ပွဲဖြစ်ဖို့ မသေချာဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ရှေ့ပြေးအစီအစဉ်တစ်ခုဖြစ်တဲ့ လူဦးရေစာရင်းကောက်ယူမှု ၈၇ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေက ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်လာတဲ့အပေါ် မေးမြန်းစဉ် အခုလို ပြောဆိုလိုက်တာပါ။
"အပွင့်လင်းဆုံး ပြောရရင် ၂၅ ရာခိုင်နှုန်း ပြည့်မီအောင် လုံးပမ်းနေရတာ"
လက်ရှိ တိုင်းပြည်အခြေအနေအရ တိကျတဲ့ လူဦးရေစာရင်းအမှန် ကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
"ရွေးကောက်ပွဲကို သူတို့ လုပ်မယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ သောကြာနေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှာ သူတို့က ရွေးကောက်ပွဲဆိုင်ရာဆိုပြီး အရေးပေါ် အစည်းအဝေး ခေါ်တယ်။ ဘယ်လိုပဲလုပ်လုပ် လူဝင်မှုကြီးကြပ်ရေးဌာနက ဘယ်လိုပုံစံလုပ်လုပ် သူတို့ကိုယ်တိုင်တောင် ဘာလုပ်ရမှန်း မသိအောင် လည်နေတာ။ အခု ကောက်တဲ့ စာရင်းမှာ မရှိတဲ့ လူတွေလည်း ပါနေတယ်။ သေဆုံးသွားတဲ့ လူတွေလည်း ပါနေတယ်။ ပြည်ပကို ရောက်နေသူတွေလည်း ပါနေတယ်။ နယ်ကနေပြီးတော့ စစ်ဘေးရှောင်ဖို့ ရန်ကုန်တိုင်းကို ရောက်နေတဲ့ သူတွေကိုလည်း အတင်းစာရင်း ကောက်တယ်။ အပွင့်လင်းဆုံး ပြောရရင် ၂၅ ရာခိုင်နှုန်း ပြည့်မီအောင် လုံးပမ်းနေရတာ"
စစ်ကောင်စီ မက်လုံးပေးထားတဲ့ PR အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဟာ ဒီနှစ်အတွင်းမှာတော့ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်တွေအရ လက်ရှိမှာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ ၅၀၊ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ ၁၃ ပါတီ၊ စုစုပေါင်း ၆၃ ပါတီရှိပါတယ်။
မည်သည့်အခြေအနေမှာမဆို ရွေးကောက်ပွဲဖြစ်အောင် ကြိုးပမ်းရမယ်လို့ အခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။
UECအနေနဲ့ တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေ မဖွဲ့နိုင်သေးဘဲ လူဦးရေစာရင်း ကောက်ယူဖို့ မလွယ်ကူသလို၊ ရွေးကောက်ပွဲ ကျင်းပဖို့ လည်း မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“အဲဒီ စစ်ကိုင်းနဲ့ မကွေးက ပြည်သူအများစုကလည်း တော၊ တောင်ထဲ ရောက်၊ စစ်ပြေးဒုက္ခသည်ဖြစ်၊ စစ်ပြေးဒုက္ခသည်ဟာ တစ်ပြည်လုံးမှာ တစ်သန်းခွဲလောက် ရှိနေပြီလို့ နိုင်ငံတကာက ပြောနေတယ်။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း အဲဒီဒေသတွေကို သွားပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ခွဲတွေ ဖွဲ့တာမရှိဘူး၊ ဒေသထဲလည်း ဆင်းမကောက်နိုင်ဘူး။ အဲတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ကောက်တဲ့စာရင်းတွေဟာ ဘယ်ကနေ ကောက်မလဲဆိုရင် မြို့ပေါ်မှာရှိနေတဲ့ ရုံးတွေက စာရင်းဇယားတွေနဲ့ပဲ ကောက်မှာ။ လူဦးရေ စာရင်းဟာ ဘယ်လိုမှ ယုံကြည်စိတ်ချရတဲ့ အနေထား မရှိပါဘူး”
ဒါဟာ စစ်ကောင်စီဘက်က ဟန်ပြလုပ်နေတာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမယ့် ရက်ကိုတောင် စစ်ကောင်စီက အတိအကျ မကြေညာနိုင်သေးဘူးလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
လုံခြုံရေးနဲ့ စစ်ရေးအခြေအနေတွေကြောင့် ၂၀၂၃ အလွန်မှာတောင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မသေချာဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"မှတ်ပုံတင်ဥပဒေအရ တင်ထားတဲ့ပါတီတွေရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကနေ အသိမှတ်ပြုတဲ့ အခြေအနေကလည်း အခုထိ တိကျတဲ့အဖြေ မရှိသေးဘူး။ လျှောက်ထားဆဲ ပါတီတွေကိုလည်း ပဏာမအနေနဲ့ မှတ်ပုံတင်ခွင့်ပြုတယ်၊ ဒါပေမဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ ကိုယ့်ပါတီရဲ့ အခြေနေတွေ၊ ပါတီဝင် အခြေနေတွေ၊ ငွေစာရင်းတွေ ပြန်ပြီး လုပ်ပြီးတော့မှ တကယ့်တကယ် ပါတီရဲ့ရပ်တည်ပိုင်ခွင့်ကို တရားဝင်ရမယ်။ အဲဒါ အခုထိတော့ ပါတီတွေရဲ့ ရပ်တည်ခွင့်တွေကတော့ ခိုင်ခိုင်မာမာ မဖြစ်သေးဘူး”
စစ်ဗိုလ်ချုပ်ဟောင်း အများစုပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စနစ်တကျပြင်ဆင်ပြီး တိုင်းနဲ့ ပြည်နယ်တချို့မှာ ပါတီဝင်တွေ့ဆုံပွဲနဲ့ စည်းရုံးပွဲတွေ မကြာခဏ လုပ်ဆောင်နေပါတယ်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ နေရာမှာ ရဲချုပ်ဟောင်း ဦးခင်ရီကို အစားထိုးပြီးနောက်ပိုင်း တွေ့ဆုံပွဲတွေ ဆက်တိုက်လုပ်လာသလို ရွေးကောက်ပွဲအနိုင်ရဖို့ ကြိုးစားမယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားသိရဖို့ ပါတီ ဥက္ကဋ္ဌနဲ့ ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ ထောက်ခံမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း၊ ဒလမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
"စစ်ကောင်စီ ဦးစီးပြီး ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ၊ တစ်ဖက်သတ်လုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ထောက်ခံစရာ မမြင်ပါဘူး။ ပြည်သူ့လူထုရဲ့ ထောက်ခံမှုကို ရဖို့ဆိုတာ ပြည်သူရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်တဲ့ အဖြေရှာနည်း မျိုးပဲ ဖြစ်သင့်ပါတယ်"
NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ ၈၀ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်း ထားတာပါ။ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ကလည်း မှတ်ပုံပြန်မတင်တဲ့ NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထားပါတယ်။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အတိအကျ မထုတ်ပြန်သေး ပေမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ ကောက်ယူမယ်လို့ ကြေညာထားပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တရားဝင်အစိုးရအဖြစ် ရေရှည်ရပ်တည် နိုင်ဖို့အတွက် တိုင်းပြည်ကို ထိန်းချုပ်နိုင်ဖို့နဲ့ ရွေးကောက်ပွဲလုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။