စစ်ကောင်စီတပ်ကြောင့် KNU နယ်မြေမှာ ကိုးလအတွင်း လူ ၁၄၀ သေဆုံး
စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာအနီး မိုင်းထောင်တာအပြင် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။
-
RFA Burmese
2023-11-09 -
-
-
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ စစ်ရေးပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း အရပ်သား ၁၄၀ သေဆုံးပြီး ၄၆၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ဒီသတင်းအပြည့်အစုံကို မသဇင်လှိုင် ကတင်ပြပေးပါမယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ စစ်ရေးပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေပါတယ်။
ဒီပဋိပက္ခတွေမှာ စစ်ကောင်စီတပ်က စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေအပေါ် ဒီနှစ် (၂၀၂၃ ခုနှစ်) ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း လူအခွင့်အရေး ချိုးဖောက်မှု ၁၈၄၇ ကြိမ် ကျူးလွန်ခဲ့တယ်လို့ KNU က ကြေညာချက်တစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၄၀ သေဆုံးပြီး ၄၆၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာ”
ဒါတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကိုပြောပါတယ်။
“KNU က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ကော်မတီရှိတယ်။ အဲဒီ လူ့အခွင့်အရေး ကော်မတီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုစည်းပြီးတော့ မှတ်တမ်းတင်ထားတယ်။ နောက်ပြီး နိုင်ငံတကာနဲ့ ဆက်စပ်ပြီး လုပ်ဆောင်နေတာလည်း ရှိတယ်။ အထူးသဖြင့် IIMM လို ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားကနေ နီးနီးကပ်ကပ် လက်တွဲ လုပ်ဆောင်နေတာ ရှိတယ်။ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကနေပြီးတော့ မှတ်တမ်းတင်ထားတာ အများကြီးရှိသလို ကျွန်တော်တို့နဲ့တွဲပြီး လုပ်နေတာတွေလည်း ရှိတယ်”
စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာအနီး မိုင်းထောင်တာအပြင် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။
အရပ်သား အများစုဟာ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ထိခိုက်ခဲ့ကြတာပါ။ ကိုးလအတွင်း လက်နက်ကြီး ပစ်ခတ်မှု ၁၂၇၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ခြောက်ဆယ်ဦး သေဆုံးကာ ၃၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှု ၃၆၅ ကြိမ်မှာ ၂၆ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ သေဆုံး၊ ထိခိုက်မှု စုစုပေါင်းရဲ့ ၇၇ ရာခိုင်နှုန်းက လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။
ဒီလို တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အတိုင်းအဆမဲ့ ထိခိုက်နစ်နာနေတယ်လို့ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က ကိုစောဦးက ပြောပါတယ်။
“နေ့ခင်းဆို စပါးရိတ်သိမ်းချိန်ဖြစ်တော့ သူတို့ (အရပ်သားတွေ) စပါးတွေ လာရိတ်သိမ်းတယ်။ ညကြရင် လက်နက်ကြီး လွတ်မြောက်ရာ ဝေးတဲ့ကျေးရွာတွေကို သူတို့ ရှောင်ကြတယ်။ ညခင်း သွားအိပ်တယ်။ နေ့ခင်း ပြန်လာပြီး စပါးရိတ်တယ်။ ကျီးလန့်စာ စားနေရတဲ့ သဘောပေါ့၊ အပေါ်က လေယာဉ်သံ ကြားရင်လည်း ကြောက်ရတယ်။ လေယာဉ်ကလည်း အခန့်မသန့်ရင် ပစ်ချင်သလို ပစ်သွားတော့ ပျက်စီးဆုံးရှုံးမှုတွေက အတိုင်းအဆ မရှိဘူး။ ဒေသခံ အနေအထားနဲ့ကတော့ အမြဲတမ်းကို နေ့ရော ညရော အထုပ်အပိုး ပြင်ဆင်ထားရတယ်။ အသံမကြားရင် အလုပ်လုပ်၊ အသံကြားရင် အထုပ်ထုပ်ဆိုပြီး အသင့် စောင့်နေကြရတယ်”
ဒီအပြင် စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေနဲ့ ညှင်းပန်းနှိပ်စပ်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU နဲ့ PDFတွေကို ထောက်ခံတယ်လို့ စွပ်စွဲပြီး ရွာသားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က စောအဲဝါးက ပြောပါတယ်။
“ဒေသခံမှန်း သိတယ်။ ဒါပေမဲ့ ခေါ်သွားတယ်။ ဖမ်းတယ်။ ပစ္စည်းတွေ များများ ဝယ်လာတယ်ဆိုရင် ကိုယ့်အိမ်အတွက်ပဲဖြစ်ဖြစ် အလှူလုပ်ဖို့အတွက်ပဲ ဖြစ်ဖြစ် ဝယ်လာမိရင် PDF တွေကို ထောက်ပံ့တယ်၊ KNU တွေကို ထောက်ပံ့တယ်ဆိုပြီး ခေါ်ပြီးဖမ်းတယ်။ တစ်ခါတလေကျရင်လည်း ပစ္စည်းတွေ သိမ်းတယ်။ တော်တော် ဆိုးဆိုးဝါးဝါးကို ဖြစ်တာ။ ရွာသားပါ PDFနဲ့ ပတ်သက်မှု မရှိပါဘူးဆိုရင်တောင် မရဘူး။ သတ်ဖြတ်တာ၊ တစ်ခါတလေကျရင် ထောင်ချတယ်။ တစ်ခါတလေကျရင် လိုက်သွားရင်တောင် မမှီတော့ဘူး အစဖျောက်ပစ်လိုက်တယ်”
KNU ရဲ့ စာရင်းတွေအရ ဒီနှစ် ပထမကိုးလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် စုစုပေါင်း အဆောက်အဦ ၁၇၂၈ လုံး ပျက်စီးခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိအဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးမြန်းရာမှာ KNU ထုတ်ပြန်ချက်တွေဟာ စွပ်စွဲမှုသပ်သပ်ပဲလို့ တုံ့ပြန်ပါတယ်။
“အနည်းဆုံးတော့ အဲဒီနေရာမှာ ဖြစ်ခဲ့ပျက်ခဲ့ပါတယ်ဆိုတဲ့ သက်သေလေးတော့ သေချာလေး ထုတ်နိုင်ဖို့ လိုအပ်မယ်လို့ ကျွန်တော် ထင်တယ်။ သက်သေ သေချာမထုတ်နိုင်ဘူးဆိုရင် ပြောဖို့ခက်တယ်။ နောက်တစ်ခုက စွပ်စွဲချက် သီးသန့်လို ဖြစ်နေရင်တော့ ပြဿနာက အဖြေရှာဖို့မလွယ်ဘူး။ စစ်ပွဲတွေ တစ်ပွဲနဲ့တစ်ပွဲ ကြားထဲမှာ ထိခိုက်မှုတွေ တကယ် ဖြစ်သွားလား မဖြစ်ဘူးလားဆိုတာ ဖြေရှင်းလို့ မရဘူး။ သက်သေလိုတယ်”
မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းတော့ စစ်ကောင်စီတပ်က လက်နက်ကိုင် ခုခံမှုတွေကို နှိမ်နင်းတာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာလို့ ဝေဖန်ပါတယ်။
“စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာကိုက ဒီဖက်ဆစ်စနစ်တွေ ကျင့်သုံးခဲ့တဲ့ မြန်မာပြည်သူလူထုကို သတ်ဖြတ်ခဲ့တဲ့ပုံစံကို ကျင့်သုံးတဲ့သဘောရှိတယ်။ ရွာတစ်ရွာ၊ ဒေသတစ်ခုက တော်လှန်တယ်ဆိုရင် အဲဒီရွာ ဒေသမှာရှိတဲ့ ရွာတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီး စားဝတ်နေရေး ဒုက္ခရောက်အောင် အဲဒီလိုပုံစံ ဖန်တီးပစ်တာ။ တော်လှန်ရမှာကို ကြောက်သွားအောင် ဆိုတဲ့ ပုံစံမျိုး ဖန်တီးထားတာ”
ဒီကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဦးကျော်ဝင်းကပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည် ခုနစ်သိန်းကျော် (၇၁၇,၆၂၆) ရှိလာတယ်လို့ KNU ဗဟိုရဲ့ စာရင်းတွေအရ သိရပါတယ်။
ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၇ သန်းနီးပါး တိုးလာပါတယ်။