အာဏာရှင်အချင်းချင်း နည်းနာယူကြောင်း ပညာရှင် သုံးသပ်

အာဏာရှင်တွေဟာ အချင်းချင်း တယောက်နဲ့ တယောက် ဖလှယ်ကြ၊ နည်းနာယူကြ၊ ပုံတူကူးကြတယ်ဆိုတာ ဗြိတိန်နိုင်ငံ Bath တက္ကသိုလ်ပါမောက္ခ အထောက်အထားတွေနဲ့ ရေးသားထားပါတယ်။

၂၀၂၂ စက်တင်ဘာလ ၇ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus တွင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)။ Reuters

အခြေခံလူတန်းစားတွေ ကိုယ့်ဝမ်းစာကိုယ် သိက္ခာရှိရှိ ရှာနိုင်ဖွေနိုင် တနိုင်တပိုင် စတင်လုပ်နိုင်ကိုင်နိုင်ဖို့ ငွေထုတ်ချေးပြီး ဘဝအခြေလှအောင် ပျိုးထောင်ပေးတဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် PACT Global Microfinance Fund –PGMF ဟာ စစ်ကောင်စီပေးတဲ့ ဖိအားကြောင့် လုပ်ငန်းတွေရပ်ဆိုင်းမယ့် အနေအထားကို ရောက်ရှိသွားပါတယ်။ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုလွှဲပြောင်းပေးရမယ်လို့ စစ်ကောင်စီက ဖိအားပေးတာပါ။

UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် ကျောထောက်နောက်ခံနဲ့ အရင်စစ်အစိုးရလက်ထက် ၁၉၉၇ က စပြီး အခြေခံလူတန်းစားတွေ ဝင်ငွေလည်းရစေ၊ ဘဝလည်း တိုးတက်စေဖို့ အမြော်အမြင်ရှိရှိ မတည်ငွေထုတ်ပေးတဲ့ အသေးစားချေးငွေ လုပ်ငန်းဟာ ဖိအားကြောင့် ရိုက်ချိုးခံရတာလည်း ဖြစ်ပါတယ်။

ဒီ PACT ချေးငွေနဲ့ ဈေးဗန်းလေးတစ်ဗန်းဖြစ်မြောက်အောင် ငွေရင်းမတည်နိုင်တဲ့ ဘဝ စတင်နိုင်ခဲ့ပြီး ကုန်ဖြန့်ချိရေးအထိ တစတစတက်လှမ်းနိုင်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့က ကုန်သည် မကြီးစန်းကတော့ ဒီသတင်းကြောင့် အတော်လေး စိတ်မကောင်းဖြစ်နေပါတယ်။

“ကျွန်မဆိုရင် ဈေးဆို ဈေးဗန်းလေးနဲ့ ရောင်းတာပေါ့လေ။ သူတို့ဆီက စလုပ်တော့ ဈေးဗန်းလေးနဲ့ ရောင်းတယ်။ ဈေးဗန်းလေးနဲ့ ရောင်းရာကနေ တဖြည်းဖြည်း တဖြည်းဖြည်း တက်သွားတာ အခုဆိုရင် ဝပြည်ဘက်ကို ကုန်ဖြန့်ချိရေးအထိကို ကျွန်မရောက်သွားပြီ။ ရောက်သွားပြီးတဲ့အချိန်ကျမှ သူကဒီလို ပြန်ရုပ်သိမ်းတယ် ဆိုတော့ ကျွန်မတို့တော်တော်လေးကို စိတ်မကောင်းဖြစ်တယ်”

PACT ချေးငွေမှာ ဇွဲ လုံ့လအားဖြည့်ပြီး တိုးတက်ရာတိုးတက်ကြောင်း ဖော်ဆောင်နိုင်သူတွေနဲ့ မတူတဲ့ စီးပွားရှာနည်းနဲ့ သူ့မိသားစု ကျိကျိတက်ချမ်းသာလာအောင် လုပ်နိုင်တဲ့ လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရှေ့က သူ့လိုစစ်ခေါင်းဆောင် ချန်ခဲ့တဲ့ အမွေကောင်းတခုကို မဆက်ခံလိုသူလို့လည်း ပြောနိုင်ပြန်ပါတယ်။

သူ့လိုပဲ NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို မလိုလားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ကမ္ဘာမှာပေါ်ထွန်းနေတာကိုလည်း တွေ့နေရပြန်ပါတယ်။

ဥပမာ- မြန်မာလိုပဲ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် ကမ္ဘောဒီးယားနိုင်ငံ ဖြစ်ပါတယ်။ NGO တွေ လိုက်နာကျင့်သုံးရမဲ့ ဥပဒေတစ်ရပ်ကို အာဏာရှင် ဟွန်ဆန်က ၂၀၁၅ မှာ ထုတ်ပြန်ခဲ့ပါတယ်။

NGO တွေရဲ့ လုပ်ရပ်ဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရပ်ရွာငြိမ်ဝပ်ပိပြားရေး၊ ဒါမှမဟုတ် အမျိုးသားလုံခြုံရေး၊ ကမ္ဘောဒီးယား လူ့ဘောင်ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာကို ထိပါးနှောင့်ယှက်ငြိစွန်းရင် ဖျက်သိမ်းပစ်မယ်လို့ ရာဇသံပေးတဲ့ ဥပဒေ ဖြစ်ပါတယ်။

အဲအချိန်က မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်ဟောင်း ဦသိန်းစိန်ရဲ့ အရပ်သားတပိုင်း အစိုးရအုပ်ချုပ်တဲ့ကာလဖြစ်ပြီး ကမ္ဘောဒီးယားကို အတုမခိုးခဲ့ပါဘူး။ ၂၀၂၁ မှာ စစ်အာဏာ တကျော့ပြန်သိမ်းလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကမ္ဘောဒီးယားကို အညံ့မခံဘဲ ၂၀၂၂ အောက်တိုဘာမှာ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ပြဋ္ဌာန်းလိုက်ပါတယ်။ အသင်းအဖွဲ့အဖြစ် မှတ်ပုံမတင်ရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် ဆယ်သိန်းချမှတ်ခံရပါမယ်။

ဒါဟာပရဟိတ စိတ်ဓာတ်နဲ့ အများအကျိုးထမ်းရွက်သူတွေကို ချုပ်ကိုင်လိုက်တဲ့ သဘောသက်ရောက်သွားတာကို ရန်ကုန်မြို့က ပရဟိတသမားတယောက်ပြောတာက

“အသင်းအဖွဲ့ဆိုင်ရာဥပဒေက အရမ်းပြင်းထန်သွားတယ်။ ကျွန်တော်တို့ကို အရမ်းချုပ်ကိုင်တဲ့ သဘောတွေ အများကြီးဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ လွတ်လွတ်လပ်လပ်ပဲ လုပ်ချင်တယ်။ အခုဟာက တော်တော်ကိုမလွယ်တာ၊ အသင်းသားတစ်ဦး ဘာလုပ်တယ် ဘယ်သွားတယ်ဆိုတာကအစ နေ့စဉ် ရီပို့ တင်နေရတယ်။ သမားရိုးကျပဲ လုပ်ချင်ပေမယ့် ကျွန်တော်တို့ကို မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ မူတည်ပြီး အသင်းဖျက်သိမ်းခံရနိုင်တာတွေ ရှိလာတယ်”

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း သမ္မတ ရှီကျင့်ဖျင် ၂၀၁၂ က အာဏာရယူခဲ့ပြီး ၂၀၁၇ မှာ NGO ဥပဒေသစ်ပြဋ္ဌာန်းပါတယ်။ အဲဒိ ဥပဒေသစ်အရ အသင်းအဖွဲ့တွေကို ပြည်တွင်း ပြည်ပက ရန်ပုံငွေထည့်ဝင်နေတာကို အစိုးရက ပိုချုပ်ကိုင်လို့ ရသွားတဲ့အကြောင်း ဇွန် ၂၅ ရက်ထုတ် အမေရိကန်က အထင်ကရ Washington Post သတင်းစာ အယ်ဒီတာ့ အာဘော်မှာ ပါရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ စလမ်းခင်းခဲ့ပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ရွှေလမ်းငွေလမ်း ပိုပွင့်လန်းသွားတဲ့ ရုရှားနိုင်ငံဆိုရင်လည်း NGO မှန်းသိအောင် လည်မှာ Foreign Agent ပြည်ပကိုယ်စားလှယ်ဆိုတဲ့ တံဆိပ်ချိတ်ဆွဲရပါတယ်။

နောက်ပိုင်းမှာ ပြည်တွင်း၊ ပြည်ပက ဘယ်ငွေကြေးလက်ခံလက်ခံ ဆောင်းပါးတစ်ပုဒ်ရေးလို့ရတဲ့ ဉာဏ်ပူဇော်ခကိုပဲ လက်ခံလက်ခံ အနှောင်အဖွဲ့ မရှိတဲ့ အလွတ် သတင်းစာဆရာတွေ၊ Bloggers တွေလည်း ဒီတံဆိပ် တပ်ရတာပဲလို့ Washington Post က ဖော်ပြပါတယ်။

ဒီရာစုမှာ ဘာလို့များ နိုင်ငံအတော်များများ ထပ်တူဆောင်ရွက်နေကြပါသလဲ။ အဖြေရှာဖို့ခက်တယ်လို့ဆိုပါတယ်။ အာဏာရှင်တွေဟာ လျှို့ဝှက်လှတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အာဏာရှင်တွေဟာ အချင်းချင်း တယောက်နဲ့ တယောက် ဖလှယ်ကြ၊ နည်းနာယူကြ၊ ပုံတူကူးကြတယ်ဆိုတာ ဗြိတိန်နိုင်ငံ Bath တက္ကသိုလ်ပါမောက္ခ Stephen G.F. Hall က အာဏာရှင်ဆန်သော နိုင်ငံတကာ စာအုပ်မှာ အထောက်အထားတွေနဲ့ ရေးသားထားတယ်လို့ သတင်းစာ အယ်ဒီတာ့ အာဘော်က ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org