အာဏာသိမ်းပြီးနောက် သေဒဏ်ကျခံရသူ တစ်ရာကျော် အတွင်း လူငယ်အများစု ပါဝင်နေ
စစ်ခုံရုံးကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့သူ စုစုပေါင်း ၁၇၅ ဦးအထိ ရှိနေပါတယ်။
- 2022-03-28
-
-
-
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင် စစ်ခုံရုံးကနေ သေဒဏ်၊ တစ်သက်တစ် ကျွန်း အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့သူတွေကို RFA က ပြုစုထားတဲ့ အချက်အလက် တွေ အရ မတ်လ ၂၅ ရက်နေ့အထိ စုစုပေါင်း ၁၇၅ ဦးအထိ ရှိနေပါတယ်။ သေဒဏ်ချမှတ်ခံရသူ ၁၀၃ ဦး၊ ထောင်ဒဏ်တစ်သက်နဲ့ အခြား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူက ၇၂ ဦး တို့ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ သပိတ်ခေါင်းဆောင်တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ် မှုရှိတယ်ဆိုတဲ့ စွပ်စွဲခံရသူတွေဟာ စစ်ခုံရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံနေရပါတယ်။ ဒီလိုပြစ်ဒဏ်ချခံထားရသူတွေထဲမှာအများစုက တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအပါအဝင် အသက် ၂၃ နှစ်ကနေ ၂၇ နှစ်ကြား လူငယ်တွေဖြစ်ကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး အဖမ်းခံခဲ့ရပြီး သူတို့ အထဲက ၇ ဦးဟာ ထောင်ဒဏ် ၁၀ နှစ်၊ တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်တွေ ချမှတ်ခံထားသူတွေ ပါဝင်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုမင်းဟန်ထက်က ပြောပါတယ်။
“လမ်းပေါ်မှာ ထွက်ပြီး ဆန္ဒပြလိုက်ရုံနဲ့ သူတို့ကို ဆန့်ကျင်လိုက်ရုံနဲ့ သူတို့တွေက ဒီလို ထောင်ဒဏ် တွေ ၁၀ နှစ်၊ ၁၀ နှစ်နဲ့ အထက် ဒီလိုမျိုး မတန်တဆ သေဒဏ်အထိ ပေးနိုင်တယ်ဆိုတဲ့ အခင်း အကျင်းမျိုးကို လူထုကို မြင်အောင်လုပ်နေတာ။ လူထုအနေနဲ့က ကိုယ့်ရဲ့ သားသမီးကိုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ မိသားစုဝင်ကိုပဲဖြစ်ဖြစ် ဒီလိုမျိုးထောင်ဒဏ်တွေ ချမှတ်ခံရမှာဆိုးလို့ တားဆီးလာအောင် ပေါ့လေ"
ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ခံနေရပေမဲ့လည်း လူငယ်တွေကတော့ ကြောက်သွားမှာမဟုတ်ဘူးလို့ ကိုမင်းဟန်ထက်က ပြောပါတယ်။
မြောက်ဥက္ကလာပအဝိုင်းမှာ အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့မတ်လ ၁၇ ရက်နေ့က ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒ ဌာနက မဆောင်းလေပြေ (ခေါ်) မဇူဇူးဟာ သေဒဏ်ချမှတ်ခံခဲ့ရပြီး လှိုင်သာယာ မြို့နယ်ထဲက ရာအိမ်မှူးကို ပစ်သတ်တဲ့အမှုတွေနဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာမှု ဌာနက ကိုနိုင်အောင် (ခေါ်) Snake က ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။
ထောင်ဒဏ် ၅ နှစ်နဲ့ တစ်လ ချမှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ ချုပ်) ရဲ့ ဒု-ဥက္ကဋ္ဌ အသက် ၂၃ နှစ်အရွယ် ကိုဝေယံဖြိုးမိုးရဲ့ မိခင်က ဖမ်းဆီးခံ လူငယ်တွေ အားလုံးအတွက် ပူပန်နေပါတယ်။
“သူတို့မှာ ဒီလို ဖိနှိပ်ချုပ်ချယ်မှုတွေ များတဲ့အတွက် မခံနိုင်လို့သာ လုပ်ကြရတာလေ။ သူတို့ စိတ်ဓာတ်တွေနဲ့ ဒီလို လုပ်ကြတာ။ အပြင်မှာတုန်းကလည်း အပြင်မှာ။ အတွင်းထဲရောက်တော့ လည်း ဘယ်အချိန် မှာ ဘယ်လိုတွေ ဖြစ်မလဲ။ ဘယ်လိုတွေ လုပ်မလဲဆိုတာ အခုချိန်အထိက အမြဲတန်း ပူပန်နေရတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် သူတို့လုပ်ချင်သလိုလုပ်တာ။ သူတို့ သဘောအတိုင်း။ ဥပဒေဆိုတာ မရှိတော့ဘူးလေ”
ကိုဝေယံဖြိုးမိုးဟာ အင်းစိန်ထောင်ထဲမှာ ရိုက်နှက်ခံခဲ့ရလို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ဖူးပြီး ပြီးခဲ့တဲ့ လပိုင်းက နောက်ဆုံးတစ်ခေါက် တွေ့ခွင့်ရခဲ့တဲ့အချိန်မှာတော့ သူ့ဒဏ်ရာတွေ သက်သာ နေတဲ့အကြောင်း မိခင်ကိုပြောတယ်လို့ဆိုပါတယ်။
စစ်ခုံရုံးတွေရဲ့အမိန့်တွေကို ကြည့်ရင် တရားစီရင်ရေးဟာ စစ်ကောင်စီလက်အောက်ကို ရောက်နေပြီ ဆိုတာကို သိနိုင်တယ်လို့ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
“စွဲဆိုတဲ့ပုဒ်မကို အမြင့်ဆုံး ပြစ်ဒဏ်တွေကိုပဲ ချမှတ်တာတွေ့ရတယ်။ ဥပမာ ၅၀၅ - က ဆိုပါစို့ ၃ နှစ်လို့ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်တယ်ဆိုရင် အကုန်လုံး တစ်ပြေးညီ ၃ နှစ်ပဲ။ ကျန်တဲ့လူ လျှော့တာ ပေါ့တာ မရှိဘူး။ အမှုမှာ ပေါ်ပေါက်တဲ့အချက်တွေ ထည့်သွင်းစဉ်းစားခြင်း မရှိဘူး။ ၅၀၅ (က) (ခ) တို့ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ် ၂ နှစ်ဆိုရင် ၂ နှစ် အပြည့်ချတယ်။ ဒီလိုမျိုး ကွာခြားချက်ကို သွားပြီးတော့ မြင်နေရပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် တရားစီရင်ရေးသည် အုပ်ချုပ် ရေးရဲ့ လက်အောက်မှာ အုပ်ချုပ်ရေးအလိုကျ စီမံဆောင်ရွက်နေရတယ်ဆိုတာကို ထူးထူးခြားခြား တွေ့ရပါတယ်”
၁၉၈၈ ခုနှစ်အလွန် နဝတ ခေတ်မှာ စစ်ခုံရုံးတွေရှိခဲ့ဖူးပေမယ့် အခုလို အမြင့်ဆုံး ပြစ်ဒဏ်တွေနဲ့ ပြင်း ပြင်းထန်ထန် အမိန့်ချတာမျိုးမရှိဘူးလို့လည်း ဦးခင်မောင်မြင့်က ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် သူတို့လုပ်ချင်သလိုလုပ်တာ။ ဥပဒေဆိုတာ မရှိတော့ဘူးလေ"
စစ်ခုံရုံးက ချမှတ်တဲ့အမိန့်တွေဟာ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက အမိန့်ဖြစ်လို့ အယူခံကိုလည်း စစ်တိုင်းမှူးတွေဆီကို တင်တဲ့အခါ မလွယ်ကူတာကြောင့် နစ်နာသူတွေအတွက် အခွင့်အရေး မရှိသလောက်ပဲလို့ မိသားစုဝင်တွေက ဆိုပါတယ်။
၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေအရဆိုရင် စစ်ခုံရုံးနဲ့ စစ်ဆေးတဲ့အမှုအခင်းတွေ အား လုံးကို အရပ်ဘက် အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဝင်ရောက် စွက်ဖက်လို့မရပါဘူး။ စစ်ခုံရုံးမှာ အမြင့်ဆုံး အခွင့်အာဏာပိုင်ကတော့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ စစ်ခုံရုံးတွေကတော့ တရားလိုရဲ့ တင်ပြ ချက်အပေါ်မှာ အဓိကအခြေခံပြီး အပြစ်ရှိတယ်လို့ ကောက်ချက်ဆွဲနေတာလို့ ရှေ့နေတွေက ထောက်ပြကြပါတယ်။
လူငယ်တွေကို စစ်ခုံရုံးတွေကနေ ပြင်းပြင်းထန်ထန် အရေးယူနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဥပဒေနဲ့ ကျော်လွန်ပြီး လုပ်တာ တစ်ခုမှ မရှိဘူး။ သူတို့သည် ဒီပြစ်မှုကို ကျူးလွန်ခဲ့တယ်ဆိုရင် ဒီပြစ်မှုအတိုင်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရမှာပဲ။ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို သူတို့ရဲ့ တရားရုံး ထွက်ဆိုချက်တွေနဲ့ ပြစ်မှုထင်ရှားတဲ့ဟာတွေကိုပဲ မည်သူမှ ဖျောက်ဖျက်ပေးလို့လည်း မရဘူး။ မည်သူမှ ပိုကြီးအောင်လည်း ဖန်တီးလို့ မရဘူး။ ဒီပုဒ်မမှာ အမြင့်ဆုံး ပြစ်ဒဏ်က ဘယ်လောက်၊ အနိမ့်ဆုံး ပြစ်ဒဏ် ဘယ်လောက်ဆိုတဲ့ဟာက တရားသူကြီးတွေ လုပ်လို့ရပါတယ်။ ဒါကြောင့် ကျနော်ပြောလိုတာက ဘယ်သူမပြု မိမိမှုလို့ပဲ ပြောချင်ပါတယ်” လို့ပြောပါတယ်။
စစ်ကောင်စီရဲ့ အမုန်းတရားတွေဟာ စစ်ခုံရုံးတွေမှာ မြင်နေရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“စစ်ကောင်စီက သူတို့ကို တွန်းလှန်တဲ့ ပြည်သူ မှန်သမျှကို အမုန်းတရားတွေ အခြေခံ ပြီးလို့ရှိရင် ဖိနှိပ်မှု တွေ အခြေခံလိုတဲ့ စိတ်တွေနဲ့ လုပ်ဆောင်နေတယ်။ အဲဒီဟာတွေက တရားရုံးတွေမှာ ပိုပြီးတော့ ထင်ဟပ်နေတာ တွေ့ရပါတယ်။ မှန်ကန်တဲ့ တရားစီရင်မှုတွေ မပေးဘဲနဲ့ ဒီလိုမျိုး သူတို့ကိုဆန့်ကျင်တဲ့သူတွေ၊ သူတို့ကို တော်လှန်တဲ့သူတွေကို တကယ့်ကို အဂတိအစွဲကြီးကြီးနဲ့ ရက်ရက်စက်စက် လက်စားချေချင်တယ်ဆိုတဲ့ စိတ်မျိုးတွေ တွေ့နေရတယ်။”
စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးဆန့်ကျင်ခဲ့တဲ့ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့ သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက် ဥက္ကလာပ စတဲ့ မြို့နယ် ၆ မြို့နယ်ကို မတ်လ ၁၅ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ပြစ်မှု ၂၃ ခုကို စစ်ခုံရုံးတွေနဲ့ စီရင်နိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီပြစ်မှုတွေနဲ့ တရားရင်ဆိုင်နေရ သူတွေဟာ ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိရာ ကိုကိုးကျွန်းမြို့ကလွဲရင် မြို့နယ်ပေါင်း ၄၄ ခု စလုံးကို အင်းစိန်ထောင်ထဲမှာ အမှုစစ်ဆေးနေတာပါ။
စစ်ခုံရုံးက စီရင်ခွင့်ပေးလိုက်တဲ့ အမှုတွေထဲမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၂၊ ၁၂၄ (က) (ဂ) (ဃ)၊ ၅၀၅၊ ၅၀၅ (က)၊ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ၊ လက်နက်အက်ဥပဒေအရ ပြစ်မှု၊ လူ သတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ပြစ်မှု၊ ၁၉၆၃ ခုနှစ် အများနဲ့ သက်ဆိုင်တဲ့ပစ္စည်းများ ကာကွယ် ရေး ပြစ်မှုတွေအပြင် အကြမ်းဖက်မှုနဲ့ သတင်းမီဒီယာဆိုင်ရာပြစ်မှု စတာတွေ ပါဝင်ပါတယ်။ အာဏာ သိမ်းပြီးနောက်ပိုင်း လူငယ်တွေ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ခံနေရတဲ့ ဥပဒေတွေကတော့ လူ သတ်မှု ပုဒ်မ ၃၀၂ နဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ)၊ ၅၀ (ည) တို့ဖြစ်ပါတယ်။