အရေးပေါ်ကာလ သက်တမ်းထပ်တိုးတာ ဥပဒေချိုးဖောက်တာဖြစ်ကြောင်း ဝေဖန်
နိုင်ငံတော်သမ္မတက ခေါ်ခွင့်ရှိတဲ့ ကာလုံအစည်းအဝေးကို နိုင်ငံတော်သမ္မတကို ဖမ်းဆီးပြီး အခုလို လုပ်ဆောင်တာဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတာသာ ဖြစ်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
-
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023-02-01 -
-
-
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၂၅ အရ ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုတဲ့ အသုံးအနှုန်းအသုံးပြုပြီး စစ်ခေါင်းဆောင်က အရေးပေါ်ကာလ ၆ လထပ်တိုးပြီး နိုင်ငံတော်အာဏာကို ပြန်ယူလိုက်ပါတယ်။ ၂၀၂၃ စစ်တပ်က စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ အရေးပေါ် အခြေအနေကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး နောက်ထပ်ခြောက်လတိုးမြှင့်အုပ်ချုပ်ခွင့်ကို အခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ မနေ့က ဆုံးဖြတ်လိုက်တာပါ။
"တကယ်ခေါ်ပိုင်ခွင့်ရှိတဲ့ သမ္မတကို ထိန်းသိမ်းထားပြီးတော့ ဒုတိယသမ္မတကို အစားထိုးပြီးတော့ လုပ်တယ်ဆိုတည်းက တရားမဝင်ဘူးဗျ။ ဒါလုပ်ပွဲပဲ"
ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပြုလုပ်တဲ့ ကာလုံအစည်းအဝေး တင်ပြချက်တွေကို မသိသေးဘဲ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီညွတ်တဲ့အတွက် သက်တမ်းတိုးအုပ်ချုပ်ခွင့် ထပ်ပေးလိုက်တာဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် လိမ်လည်နေတာသာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပြောဆိုလိုက်ပါတယ်။
"မင်းအောင်လှိုင်ရဲ့လိမ်စဉ်ကတော့ ရှေ့ကဖုံး နောက်ကပေါ် ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း ခိုင်လုံတဲ့ဥပဒေ အချက်အလက်တွေကို သိချင်တာ။ ဘယ်လိုညီတာလဲ။ ရှေ့နေချုပ်ကလည်း သူ့အလုပ်မဟုတ်တာတွေကို ညီပါတယ်။ ဝင်လုပ်နေတယ် တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို ကျော်ပြီးတော့ ရှေ့နေချုပ်က ဘာမှပြောလို့မရဘူး။ ဦးတီခွန်မြတ်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ပို့သင့်ပါတယ်လို့ ပြောတာက အဲဒီနေ့မှ ပြောတာ ပို့ဖို့လို့လုပ်သင့်ပါတယ် ဆိုတဲ့ အချိန်မှာ ပြန်စာက ရောက်နေပြီ။ အဲဒါကြောင့်မို့လို့ ဒါတွေဟာ ရှေ့ကဖုံးနောက်ကပေါ်နေတယ်ဆိုတာ ဒါအတိအကျပဲ"
နိုင်ငံတော်သမ္မတက ခေါ်ခွင့်ရှိတဲ့ ကာလုံအစည်းအဝေးကို နိုင်ငံတော်သမ္မတကို ဖမ်းဆီးပြီး အခုလို လုပ်ဆောင်တာဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတာသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
"စပြီးအာဏာသိမ်းကတည်းကိုက သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာပေါ့ အရေးပေါ်အခြေအနေ ကြေညာဖို့အတွက်ဆိုရင် သမ္မတကနေ ကြေညာမှာ ဖြစ်တယ်။ ကာကွယ်ရေး ဦးစီးချုပ်ကနေပြီးတော့ ယာယီသမ္မတ ခန့်အပ်တယ်ဆိုတဲ့ဟာက ဘယ်လိုမှလည်း အဓိပ္ပါယ် မရှိဘူး၊ မင်းအောင်လှိုင်ကို နောက်ထပ် ခြောက်လဆက်လက်ပြီးတော့ အရေးပေါ် အာဏာပေးတယ်ဆိုပြီး ကြေညာတာ အဓိကဘာကို ပြနေလဲဆိုတော့ သူတို့အနေနဲ့ တိုင်းပြည်ကို အာဏာသိမ်းတာ မအောင်မြင်ဘူး သူတို့ ထိန်းချုပ်နိုင်မှု မရှိဘူးဆိုတာ ဝန်ခံသွားတယ်ဆိုတာ ပြောကြားချင်ပါတယ်"
စစ်ကောင်စီတင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ ဥပဒေပုဒ်မ ၄၂၅ နဲ့ ပတ်သက်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသဘောထား မှတ်ချက်ကိုတင်ပြမယ်ဆိုရင် ပိုပြည့်စုံသွားမယ်လို့ ဖေဇော်ဝါရီ ၁ ရက်နေ့မှာမှ ထည့်သွင်းပြောသွားတာကို တွေ့ရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်တွေကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးရင် သာမန်အားဖြင့် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးပေးနိုင်တယ်လို့ အခြေခံ ဥပဒေပုဒ်မ ၄၂၅ မှာ ပြဋ္ဌာန်းထားပါတယ်။
ဆက်လက်သက်တမ်းတိုး ဆောင်ရွက်လိုက်တာဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်တွေ နှစ်နှစ်တာကာလအတွင်း တာဝန်မကျေပွန်သေးဘူးလို့ ပြောဆိုလို့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
"ပြောမယ်ဆိုလို့ရှိရင် သူ့ကို ပေးထားတဲ့တာဝန်က မကျေပွန်သေးဘူးလို့ ပြောရင်လည်းရတယ်။ အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ပြီးမြောက်ပါပြီဆိုမှ ပြီးမြောက်ပါတယ်ဆိုတဲ့ အကြောင်းကို ကာကွယ်ရေးဦးစီးချုပ်က သမ္မတကို အစီရင်ခံတဲ့အခါကျတော့မှ သမ္မတက လွှတ်တော်ရှိရင် လွှတ်တော်ကို တင်ပြအတည်ပြုချက်ယူရမယ်။ လွှတ်တော်မရှိရင်တော့ ကာလုံကို ခေါ်ပြီးတော့ ကာလုံကို တင်ပြပြီးတော့ အဲဒီတင်ပြတဲ့ နေ့ကစပြီးတော့ သူ့ကိုပေးအပ်ထားတဲ့ တာဝန်ဖျက်သိမ်းကြောင်း ကြေညာရမှာကိုး။ မနေ့က ကျွန်တော်တို့ ကြည့်လိုက်တဲ့အခါ အောင်မြင်စွာ ပြီးမြောက်ပါတယ်ဆိုတာ မတင်ပြဘူး။ အဲဒီတော့ မပြီးသေးဘူးဆိုတဲ့ အခါကျတော့ သက်တမ်းထပ်တိုးဖို့အတွက် ပုဒ်မ ၄၂၅ ကို လိုသလို အဓိပ္ပါယ် ဖွင့်ဆိုကြတာပေါ့"
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက တပ်မတော်ဟာ နိုင်ငံရေးမှာ ပါဝင်ချင်နေသေးတာကြောင့် အခုလိုအခြေအနေမျိုး မဖြစ်ဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်ပြီး အခုလိုကာလမျိုးမှာတော့ တပ်မတော်အနေနဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ လိုအပ်နေပြီလို့ သူ့အမြင်ကို ပြောပါတယ်။
"တပ်မတော်ဟာ နိုင်ငံရေးလောကထဲမှာ ထဲထဲဝင်ဝင်ပါဝင်နေသမျှ တိုင်းပြည်ကတော့ တပ်မတော်ရဲ့ခါးပိုက်ဆောင်တိုင်းပြည် ဖြစ်နေလိမ့်မယ်။ အဲဒါကြောင့် သူတို့ကိုယ်တိုင်ကလည်းပဲ အဲဒီလိုနိုင်ငံရေးထဲမှာ ပါဝင်ခြင်းအားဖြင့် နာမည်ကောင်းလည်း မရဘူး နာမည်ဆိုးပဲ ဘယ်တော့အခါမှာ ပြည်သူတွေ ထောက်ခံမှုမရခဲ့ဘူး။ နာမည်ကောင်းမရခဲ့ဘူး ပြည်သူတွေက ပိုမုန်းလာတယ် ပိုပြီးတော့ နာကြည်းလာတယ်ပေါ့ ဒီတစ်ကြိမ်ဆိုရင် အဆိုးဆုံးပဲ။ ဒါကြောင့် တပ်မတော်ဟာ နိုင်ငံရေးလောကထဲက ထွက်သင့်ပြီ"
နှစ်ရက်ကြာပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌအပါဝင် စစ်ကောင်စီဒုဥက္ကဋ္ဌနဲ့ အစည်းဝေးတက်ရောက်သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်လုပ်ရပ်တွေကို ဆောင်ရွက်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုပြီး စစ်ကောင်စီတင်မြှောက်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကို တင်ပြခဲ့တာတွေ့ရပါတယ်။
ပြောဆိုတင်ပြချိန်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နယ်မြေတည်ငြိမ်အေးချမ်းဖို့ လိုအပ်တာကြောင့် အချိန်နောက်ထပ်လိုအပ်တဲ့အကြောင်း ပြောသွားတာပါ။
"တပ်မတော်ဟာ နိုင်ငံရေးလောကထဲမှာ ထဲထဲဝင်ဝင်ပါဝင်နေသမျှ တိုင်းပြည်ကတော့ တပ်မတော်ရဲ့ခါးပိုက်ဆောင်တိုင်းပြည် ဖြစ်နေလိမ့်မယ်။"
စစ်ကောင်စီဟာ ကာလုံခေါ်ပိုင်ခွင့် ရှိတဲ့ သမ္မတဦးဝင်းမြင့်ကို ထိန်းသိမ်းထားပြီးတော့ ဒုတိယသမ္မတကို အစားထိုးပြီး ပထမအကြိမ် ကာလုံခေါ်တည်းက ဒါဟာ တရားဝင်မှု မရှိခဲ့သလို အခုတစ်ခါ ကာလုံဟာလည်း တရားဝင်မှုမရှိဘူးလို့ စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောလိုက်ပါတယ်။
"သူတို့ဟာ ဒီကာလ ပထမအကြိမ် စခေါ်တယ်ဆိုတည်းက တကယ်ခေါ်ပိုင်ခွင့်ရှိတဲ့ သမ္မတကို ထိန်းသိမ်းထားပြီးတော့ ဒုတိယသမ္မတကို အစားထိုးပြီးတော့ လုပ်တယ်ဆိုတည်းက တရားမဝင်ဘူးဗျ။ ဒါလုပ်ပွဲပဲ။ ကျွန်တော်တို့ ကာလုံကနေပြီးတော့ တစ်နှစ် ပထမ သတ်မှတ်တယ်။ နောက် ခြောက်လ၊ ခြောက်လ သတ်မှတ်တယ်။ အခုတစ်ခါ ထပ်ပြီးတော့ ပုဒ်မ ၄၂၅ အရ ထပ်ပြီးတော့ သတ်မှတ်တယ်ဆိုတာ အားလုံးက ဒါခုနက ပြောတဲ့ ကာလုံတုကနေ ဖြစ်လာတဲ့ တရားမဝင်မှုတွေ တောက်လျှောက်ပါပဲလို့ ပြောချင်ပါတယ်"
စစ်ကောင်စီဟာ အရေးပေါ်ကာလ ခြောက်လ သက်တမ်းတိုးလာတာ နှစ်ကြိမ်ရှိခဲ့ပြီး ဒီတစ်ခါမှာလည်း ရွေးကောက်ပွဲနဲ့လုံခြုံရေးကို အကြောင်းပြ ခြောက်လ သက်တမ်းတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ခြင်္သေ့ ကွန်မန်ဒိုဗျူဟာစစ်ကြောင်း ပြန်ကြားတာဝန်ခံ တောင်ပိုင်းနဂါးက စစ်ကောင်စီဘက်က ရွေးကောက်ပွဲတွေ၊ ကာလုံတွေ လုပ်နေပေမယ့် ပြည်သူ၊ NUG၊ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
"စစ်ကောင်စီအနေနဲ့ ကိုယ့်ဖဲကိုယ်ချိုး နောက်တစ်ကွက်ကို ထပ်ရွှေ့တယ်လို့ပဲ ကျွန်တော့်အနေနဲ့ကတော့ မြင်ပါတယ်။ သူတို့ဟာ သူတို့ဟာသူတို့ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အာဏာထိန်းသည်ဖြစ်စေ အာဏာသိမ်းသည်ဖြစ်စေ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ စစ်အာဏာရှင် အမြစ်ပြတ်အောင် ကျွန်တော်တို့ ပြတ်ပြတ်သားသား တိုက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာ ဖြစ်တယ် ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ကျွန်တော်တို့မှာ စိတ်ဓာတ်၊ ပြည်သူက ထောက်ပံ့မှုတွေနှစ်ခု ညီညွတ်နေပြီဆိုရင် ပြည်သူရယ်၊ PDF ရယ်၊ NUG ရယ် လက်တွဲမြဲမြဲနဲ့ ရှေ့ဆက်သွားမယ်ဆိုရင် ဒီတော်လှန်ရေးက မကြာခင်မှာ အဆုံးသတ်အောင်ပွဲကို ရောက်အောင်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်"
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မတည်ငြိမ်တဲ့ ဒေသတွေကို အင်အားသုံး ခပ်ကြမ်းကြမ်း လုပ်ဆောင်မယ် ဆိုရင်တော့ ခြောက်လတာအချိန်ဟာ လုံလောက်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အင်စတီကျု အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သူ့အမြင်ကို သုံးသပ်ပါတယ်။
"အခုလောလောဆယ် တပ်မတော်သွားနေတဲ့ အေးအေးချမ်းချမ်းနဲ့ အားလုံးလည်း မနာစေချင်ဘူး။ တစ်ဖက်ကလည်း ရွေးကောက်ပွဲကို ဦးလှည့်စေချင်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဆိုရင်တော့ အဲဒီအခြေခံပေါ်မူတည်ပြီး သွားမယ်ဆိုရင်တော့ ခြောက်လဆိုတဲ့ အချိန်ဟာ မလုံလောက်ဘူးလို့ သုံးသပ်နိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းမြေပြင်မှာ ကြမ်းကြမ်းတမ်းတမ်း လုပ်လိုက်မယ်ဆိုရင်တော့ နယ်မြေထိန်းသိမ်း မှုတွေ နယ်မြေအေးချမ်းအောင် လုပ်တာတွေ ပြန်လည်တည်ဆောက်ရေးတွေ ခပ်ကြမ်းကြမ်းလုပ်မယ်ဆိုရင် ကျွန်တော်ထင်တယ် ခြောက်လအတွင်းကတော့ မပြီးနိုင်စရာ အကြောင်းမရှိဘူး။ ဒါမယ့် အဲတစ်ခုကလည်း စဉ်းစားစရာရှိတာက တပ်မတော်ဘက်က လောလောဆယ်မှာသွားနေတဲ့အပိုင်း နိုင်ငံတကာရေးရာနဲ့ ပတ်သက်ပြီးတော့ ဆက်ဆံနေတာဆိုတော့ အဲဒါကတော့ နောက်ထပ် နှစ်လ သုံးလလောက် အတွင်းမှာတော့ အချိန်ဆက်စောင့်ကြည့်ရမယ့်အနေအထားလို့ သုံးသပ်ပါတယ်"
ရာခိုင်နှုန်းပြည့်အေးချမ်းတဲ့မြိုနယ် ၁၀၀ ကျော်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့် မြို့နယ် ၆၀ ကျော်၊ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၀ ကျော်ရှိနေတယ်လို့ မနေ့က ကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
ဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာ/လုံကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
အာဏာသိမ်းပြီးနောက်မှာ သမ္မတဦးဝင်းမြင့် အဖမ်းခံထားရပြီး NLD ပါတီက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ကာလုံအဖွဲ့မှာ မပါဝင်တော့ပါဘူး။ NLD ပါတီကပဲ ခန့်အပ်ထားတဲ့ စစ်တပ်အရာရှိဟောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ကျန်းမာရေး အကြောင်းပြချက်နဲ့ အရင်က အစည်းအဝေးတွေကို မတက်ရောက်ခဲ့သလို ၂၀၂၃ ဇန်နဝါရီလ ၃၁ ရက် အစည်းအဝေးကိုလည်း တက်ရောက်တာ မတွေ့ရပါဘူး။
လက်ရှိကာလုံအဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်နေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့နယ်စပ်ရေးရာဝန်ကြီး လေးဦးအပါအဝင် စုစုပေါင်း ကိုးဦးနဲ့ ဖွဲ့စည်းထားပါတယ်။