အဓမ္မကို အားပေးမှု ဗုဒ္ဓအဆုံးအမနဲ့ဆန့်ကျင်ကြောင်း ဆရာတော်တွေ မိန့်ကြား
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေက နာမည်ကြီး ဆရာတော်တချို့ကို လှူဒါန်းပူဇော်မှုတွေ ဒီရက်ပိုင်းပြုလုပ်နေတာမြင်ရပါတယ်။ အခုလို ပြည်သူတွေကို သတ်ဖြတ်နေသူတွေက ပူဇော်နေရာပေးမှုတွေကို လက်ခံတာဟာ ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားမှုနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ ဆရာတော်အများအပြားက မိန့်ဆိုနေကြပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-04-14 -
-
-
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေက နာမည်ကြီး ဆရာတော်တချို့ကို လှူဒါန်းပူဇော်မှုတွေ ဒီရက်ပိုင်းပြုလုပ်နေတာမြင်ရပါတယ်။ အခုလို ပြည်သူတွေကို သတ်ဖြတ်နေသူတွေက ပူဇော် နေရာပေးမှုတွေကို လက်ခံတာဟာ ဗုဒ္ဓမြတ်စွာရဲ့ ဟောကြားမှုနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ ဆရာတော်အများအပြားက မိန့်ဆိုနေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီ သြဇာခံတပ်ဖွဲ့တွေက ပြည်သူလူထုကို ရက်စက်စွာ သတ်ဖြတ်လုယက်နေမှုတွေကို ပုပ်ရဟန်းမင်းကြီးကအစ ကမ္ဘာတခုလုံးက ဆန့်ကျင်ကန့်ကွက်နေချိန်မှာ ဗုဒ္ဓဘာသာ သံဃာအချို့က အာဏာသိမ်းခေါင်းဆောင်တွေကို မြှောက်ပင့်ခြင်း၊ အပူဇော်ခံခြင်း၊ ဘာသာရေးလုပ်ငန်းတွေဆောင်ရွက် ပေးခြင်း စသဖြင့်ပြုလုပ်နေတာ မြင်ရပါတယ်။ ဘားအံမြို့ရှိ အရှင်မင်းသုည အဲဒီလိုသံဃာတွေထဲမှာ အခု လူဝတ်လဲပြီး ဖြစ်ပေမယ့် အရင်က မန္တလေး မစိုးရိမ်တိုက်မှာ သီတင်းသုံးခဲ့တဲ့ သံဃာတပါးလည်း ပါဝင်နေတာမြင်ရတယ်လို့ RFA ကို မိန့်ကြားပါတယ်။
"အရင်ကတော့ မစိုးရိမ်တိုက်သစ်နေခဲ့တာပဲ။ အခုလိုအာဏာသိမ်းတာဟာ သာသနာပြုတာပါဆိုတဲ့ စာတမ်းကြီး ရေးထားတာပေ့ါ။ အဲဒါကို မ.ဘ.သ တွေကလည်း ဖြန့်တယ် စစ်တပ်ထဲမှာလဲ ဖြန့်နေတယ်။ အင်မတန်ယုတ်မာတဲ့ ကိစ္စပဲ။ ဒီလို သတ်ဖြတ်တာ ပစ္စည်းတွေ လုတာ ခိုးတာ ဒါတွေဟာ ဗုဒ္ဓရဲ့ဟောထားတဲ့ အဆုံးအမနဲ့ တခြားစီ ဖြစ်နေတာပေါ့။ ဟိုနေ့ကဆိုရင် ဦးဝိမလဆိုတဲ့ ကိုယ်တော်တပါးကလည်း သန်း ၄ဝ လောက် ပစ်သတ်လိုက်တဲ့ ကျန်တဲ့ ၁ဝ သန်းနဲ့ နေမယ်ဟေ့ ဆိုပြီး အဲလို ယနေ့ထိ မြှောက်ပေးနေတဲ့ ဘုန်းကြီးတွေလည်း အများကြီးတွေ့ရတယ်"
စစ်ကောင်စီကို ဆရာတော်တချို့က ထောက်ခံနေတဲ့အတွက် ဗုဒ္ဓဘာသာကို လူငယ်မျိုးဆက်သစ်တွေသာမက တခြားဘာသာဝင်တွေကပါ အထင်သေးကြတဲ့အတွက် သာသနာကွယ်ပျောက်လာနိုင်တယ်လို့လည်း အရှင်မင်းသုညက သတိပေးမိန့်ကြားခဲ့ပါတယ်။
“လူ ၇ဝဝ ကျော် ရက်ရက်စက်စက် ပစ်သတ်ခံနေရတယ်။ မိသားစုတွေအားလုံး တတိုင်းပြည်လုံးပေါ့နော်။ အာဏာသိမ်းခံရတယ်။ ရက်ရက်စက်စက် ဖျက်ဆီးခံရလို့ ငိုကြွေးနေ ပူဆွေးသောက ရောက်နေကြတဲ့အချိန်မှာ ဘုန်းကြီးတွေ မင်းဆရာတွေက သူတို့ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ နဲ့ တပူးတွဲတွဲ ဘုရားတည်တာတွေ နေရာပန္နက်ရိုက်တာတွေ ဒါတွေ မြင်ရတော့ အင်မတန် စိတ်မချမ်းသာစရာ ကောင်းတယ်ပေါ့နော်။ ဟီရိသြတ္တပ၂ ပါးဟာ ဗုဒ္ဓဘာသာတွေရဲ့ အသက်ဖြစ်တယ်လို့ ဘုရားကိုယ်တိုင် ဟောထားတာ။ ဟီရိသြတပ္ပ၂ ပါး - အရှက် နဲ့ အကြောက် ဒီ ၂ ပါးကို ပယ်လိုက်ရင် လူဖြစ်စေ ဘုန်းကြီးဖြစ်စေ ဒါ တိရိစ္ဆာန်နဲ့ အတူတူပဲ။ ခုတော့ ဟီရိသြတ္တပတရားတွေလဲ ကင်းပျောက်နေတာ တွေ့ရတယ်၊ သတ်တာ ဖြတ်တာတွေ သိရက်သားနဲ့ မတားမြစ်ဘူး။ မကောင်းတာသိရင် တားမြစ်ရမယ်။ လမ်းမှန်ကို ညွှန်ရမယ်။ အမှန်တရားဘက် ဓမ္မဘက်ကို ညွှန်ရမယ်။ အဓမ္မကို တားမြစ်ရမယ်။ ဒါ ဘုရားဟောထားတာ။ သို့သော်လည်း အခု ဒါ ဘုန်းကြီးတွေက ဘုရားရဲ့ အဆုံးအမတွေ နဲ့ ဆန့်ကျင်ဘက် ဒီလူသတ်နေတဲ့ စစ်မိစ္ဆာတွေကို အားပေးနေတယ်ဆိုတာက - ဒီ စစ်အာဏာရှင်တွေက ခိုးထားတော့ ဘီလီယံနဲ့ချီ ရှိနေတဲ့အခါကျတော့ သူတို့က များများလှူနိုင်တာပေါ့။ ဒီလှူနိုင်တာလေးတခုပေါ်မှာ ကြည့်ပြီး စစ်အာဏာရှင် အဓမ္မဘက်ကို ရပ်တည်မယ်ဆိုရင် ဒါ သာသနာကို ဖျက်ဆီးတာဘဲ။ လူတွေက အခုဆိုရင် သာသာနာ အပေါ်မှာ အယုံကြည်တွေ မဲ့လာတယ်။”
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အယ်ဘန်နီမြို့က ဆရာတော် အရှင်ဦးဣူရိယလည်း အကုသိုလ်ကျူးလွန်မှုအတွက် ပြန်လည်ခံစားရမှာဖြစ်တယ်လို့ ဗုဒ္ဓမြတ်စွာက အတိအလင်း ဟောကြားထားပါတယ်လို့ မိန့်ကြားပါတယ်။
“အကုသိုလ်တွေက ထပ်လုပ်နေတယ်။ လူအမြင်ကောင်းအောင် ကုသိုလ်လုပ်တယ်ဆိုပေမဲ့ ကုသိုလ်မစစ်ဘူး။ ဟန်ဆောင်ပြီး ကိုယ်လုပ်တဲ့ အကုသိုလ်ကို ဖုံးကွယ်ချင်လို့ လုပ်တာ။ ပြည်သူလူထုကို သတ်ဖြတ်ညှဉ်းဆဲ။ ဗုဒ္ဓနည်းအရ ဆိုရင် သူတို့လုပ်တဲ့ အကုသိုလ်ကံဟာ ကြီးလေးတဲ့ အကုသိုလ်ကံဖြစ်တဲ့အတွက် ဒီဘဝမှာတင် အကျိုးပေးပါလိမ့်မယ်၊ သေပြီးတဲ့နောက်မှာလဲ အင်မတန်ကြီးလေးတဲ့ ငရဲ ကို ရောက်ရှိပါလိမ့်မယ်လို့ ဘုရားက ဒီလိုပဲ ဟောပါတယ်။”
လက်ရှိမှာတော့ နာမည်ကျော် ဗုဒ္ဓဘာသာဆရာတော်တချို့ဟာ ဆန္ဒပြပြည်သူတွေကို ကမ္ဘာ့သမိုင်းမှာ မပေါ်ပေါက်ခဲ့ဖူးတဲ့ နည်းမျိုးစုံနဲ့ သတ်ဖြတ်နှိပ်စက်နေတဲ့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေနဲ့ အနီးကပ် ဆက်ဆံနေတာကို ဖူးမြင်နေရဆဲဖြစ်ပါတယ်။