VPN သုံးသူတွေကို အရေးယူဖို့ စစ်ကောင်စီ ကြိုးစားနေ
ရန်ကုန်မြို့မှာ အခုရက်ပိုင်းတွေအတွင်း VPN အသုံးပြုတာတွေ ရှိ၊ မရှိ ပိုမိုတင်းကျပ် စစ်ဆေးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
- 2022-01-26
-
-
-
မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) နည်းပညာကို ခွင့်ပြုချက်မရှိဘဲသုံးရင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ပါဝင်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို စစ်ကောင်စီက အချောသတ်ပြင်ဆင် နေတဲ့ တစ်ချိန်တည်းမှာပဲ ရန်ကုန်မြို့မှာ အခုရက်ပိုင်းတွေအတွင်း VPN အသုံးပြုတာတွေ ရှိ၊ မရှိ ပိုမိုတင်းကျပ် စစ်ဆေးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဥပဒေမူကြမ်းနဲ့ပတ်သက်လို့ လာမယ့် ဇန်နဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး သဘောထား မှတ်ချက်တွေပေးကြဖို့ စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသူတွေထံ ဇန်နဝါရီလ ၁၃ ရက်နေ့က အကြောင်းကြားစာ ပေးပို့ ထားတာပါ။
"ဆိုင်ကယ်လည်း ရပ်ပေးရော ဖုန်းပြဆိုလို့ပြလိုက်တာ သူတို့ VPN စစ်တယ်တဲ့"
ဇန်နဝါရီလ ၂၆ ရက် ဒီနေ့ မနက်ပိုင်းမှာပဲ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းမ ပေါ်က ကျားဘုရား မှတ်တိုင်မှာ လမ်းတွေပိတ်ပြီး ဖုန်းထဲမှာ VPN ဆော့ဝဲလ် အသုံးပြု တာရှိ၊ မရှိ စစ်ဆေးခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ကျားဘုရားနား ရောက်တော့ သူတို့တွေ လှမ်းတားတော့ ဆိုင်ကယ်ရပ်ပေးလိုက်တယ်။ ဆိုင်ကယ်လည်း ရပ်ပေးရော ဖုန်းပြဆိုလို့ပြလိုက်တာ သူတို့ VPN စစ်တယ်တဲ့။ ဒါပေမဲ့ ညီမဖုန်းထဲမှာတော့ VPN မရှိဘူး။ သိပ်လည်းမသုံးဖြစ်တော့ ဖျက်ထားတာပေါ့။ မရှိဘူး ပေါ့နော်။ ညီမတို့ အထဲမှာမရှိတော့ သွားသွားပေါ့နော် အဲလိုပြောတယ်။ ရှိတဲ့သူတွေကျ တော့ ဖုန်းတွေလည်းသိမ်းတယ်။ လူတွေကလည်း အဲဒီမှာ အများကြီးပဲ စောင့်နေကြ တယ်။ နောက်ဆက်တွဲတော့ ဘာဖြစ်လဲ မသိတော့ဘူး။ ညီမတို့လည်း ထွက်လာလိုက် တယ်”
ရန်ကုန်မှာ သန်လျင်မြို့နယ်အပြင် အခြားမြို့နယ်တွေမှာလည်း လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေထဲမှာ VPN ဆော့ဝဲလ်တွေ ရှိ၊ မရှိ နေ့ရောညပါ စစ်ဆေးမှုတွေ အခုရက်ပိုင်း ပိုလုပ်နေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဆိုက်ဘာလုံခြုံရေးဥပဒေဟာ အတည်မပြုရသေးဘဲ မူကြမ်းအဆင့်ပဲ ရှိသေးတာကြောင့် အခုလို စစ်ဆေးအရေးယူတာတွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။
“ဥပဒေမူကြမ်းဆိုတာက ထုတ်ပြန်ပြဌာန်းထားတာပဲ ရှိသေးတယ်။ ဥပဒေတစ်ရပ်ကဲ့သို့ အတည်ပြု ပြဌာန်းထားတာ မရှိသေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေထဲမှာကို ပါပါ တယ် ပုဒ်မ ၄၃ မှာ။ ဥပမာ သူက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြဌာန်းလိုက်တယ်ဆိုရင် ဖေဖော်ဝါရီ ၁ ရက်နေ့ရဲ့ နောက်ပိုင်း ၂ ရက်နေ့ နောက်ပိုင်းဟာကိုပဲ အရေးယူလို့ရမယ်။ သူ့ရှေ့ကဟာကို အရေးယူလို့ မရဘူး။ နောက်ပြီး ဥပဒေမူကြမ်း တစ်ခုနဲ့လည်း အရေးယူ လို့ မရပါဘူး။ အမှန်တကယ်သာ အဲလိုတွေ ဆောင်ရွက်နေကြတယ် ဆိုရင်တော့ ဒါဥပဒေကို ချိုးဖောက်ပြီးတော့ ဥပဒေကို ဆန့်ကျင်ပြီး ဆောင်ရွက်တာလို့ပဲ ကျနော်တို့ သတ်မှတ်ရမှာဖြစ်ပါတယ်”
ဒီဥပဒေမူကြမ်းရဲ့ ပုဒ်မ ၉၀ မှာ ခွင့်ပြုချက်မပါဘဲ VPN ကိုအသုံးပြုရင် ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်ထိ ချမှတ်နိုင်သလို ငွေကျပ်သိန်းငါးဆက်ထက်မပိုတဲ့ ဒဏ်ငွေလည်း ချမှတ်ရမယ်လို့ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေအဓိကအသုံးပြုတဲ့ ဖေ့စ်ဘွတ် ကို အသုံးပြုလို့ မရအောင် စစ်ကောင်စီက နည်းပညာနဲ့ ပိတ်ပင်ထားတာပါ။ ဒါကြောင့် ဖေ့စ်ဘွတ်ကို VPN စနစ်နဲ့ အသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းဟာစစ်ကောင်စီက သူတို့ အရေးယူချင်တဲ့သူတွေကို အရေးယူနိုင်အောင် ပြဌာန်းမဲ့သဘောဖြစ်နေတယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်က ဝေဖန်ပါတယ်။
“လက်တွေ့မှာတော့ အဲဒီဥပဒေထဲကပါတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ စစ်အစိုးရခေတ်က ဥပဒေတွေလိုပဲပေါ့ အီးမေးလ်တစ်စောင်ကို ထောင် ဘယ်လောက်ဆိုတဲ့ အီလက်ထရွန်းနစ်ဥပဒေ မပြင်ခင်ကအနေအထားမျိုးပေါ့နော်။ လိုအပ်တဲ့အချိန်ကျရင် လိုသလို သုံးလို့ရတယ် နောက် လိုအပ်တဲ့သူကို အရေးယူ လို့ရအောင် ဥပဒေကို အဲဒီလိုမျိုး၊ လက်တွေ့မှာ အဓိပ္ပာယ်တော့မရှိတဲ့ ဥပဒေမျိုးကို ပြဌာန်းထားတာပါ။ သို့သော်လည်း သတင်းသမားတို့ တက်ကြွလှုပ်ရှားသူတို့ စသဖြင့် အဲဒီလိုလူတွေ အရေးယူချင်တဲ့အခါကျရင် ဒီလိုဥပဒေတွေနဲ့ အရေးယူလို့ရနိုင်တယ်။ ဥပဒေတွေက အဓိပ္ပာယ်တော့ မရှိဘူးပေါ့နော်”
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီဥပဒေအရ VPN ဆော့ဝဲလ်တစ်ခုတည်း မဟုတ်ဘဲ တားမြစ်ထားတဲ့ ဆော့ဝဲလ်မှန်သမျှကို အသုံးပြုရင် အရေးယူခံရနိုင်တယ်လို့ ပြောပါတယ်။
“အဲဒီဥပဒေ မူကြမ်းမှာ အခုပြောနေတဲ့ VPN တို့ ဘာတို့ဆိုတာထက် အဲဒီဥပဒေမူကြမ်း မှာက တားမြစ်ထားတဲ့ ဆော့ဝဲလ်တွေ အသုံးပြုလို့ရှိရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျနိုင် တယ်ဆိုတာလည်း ကျနော်တို့ ဒါလုံခြုံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒီစာမျက်နှာ ၅၀ ကျော်မှာ အဲဒီအပိုဒ်သည် ဘာမှ VPN ကိုပဲ ရည်ညွှန်းတာ မဟုတ် ဘူး။ ဥပမာအနေနဲ့ ပြောတာ။ ဒါမူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ ဒီလက်ထက်မှာ ရေးဆွဲတဲ့မူကြမ်း မဟုတ်ဘူး ယခင်ကတည်းကတိုင် ရေးဆွဲတဲ့မူကြမ်းလို့ ကျနော် ပြောချင်ပါတယ်”
လက်ရှိမှာ ဒီဥပဒေဟာ မူကြမ်းအဆင့်သာ ရှိသေးတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွေဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်း ကလည်း ဒီဥပဒေမူကြမ်းအပေါ် သဘောထားမှတ်ချက် တောင်းခံတဲ့ ညွန်ကြားစာ ထွက် ပေါ်ခဲ့ပါတယ်။
ဒီကိစ္စအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း UMFCCI၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
ဒီဥပဒေကြောင့် ဖေ့စ်ဘွတ်ကိုအသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နေသူတွေလည်း ထိခိုက်မှု ရှိနိုင်တယ်လို့ ရန်ကုန်မြို့က အွန်လိုင်းဈေးသည် အမျိုးသမီးတစ်ဦးက RFA ကို ပြောပါ တယ်။
“အမှန်တကယ်တော့နော် ဒီလိုမျိုးလုပ်လိုက်တဲ့အတွက် ကျမတို့လို အွန်လိုင်းပေါ်မှာ ဈေးရောင်းတဲ့သူတွေက တော်တော်ဒုက္ခရောက်တယ်ပေါ့နော်။ အခုတော်တော်များ များကလည်း အခုခေတ်က ကိုဗစ်ကာလ နောက်ပိုင်းကတည်းက အွန်လိုင်းပေါ်မှာပဲ ဈေးရောင်းနေကြတာလေ။ အခုကဟာ VPN လည်း မခံရဘူး။ VPN မခံထားလို့ရှိရင် တောင်မှ သူတို့ပေးတဲ့ အင်တာနက်က မလုံလောက်ဘူး။ အွန်လိုင်းနဲ့ မားကက်တင်း လုပ်နေတဲ့သူတွေကတော့ တော်တော်အဆင်မပြေဘူး။ မိုဘိုင်းအင်တာနက်နဲ့ ဈေး ရောင်းရမယ်ဆိုရင်တော့ ကျမတို့ ထမင်းစားရမှာ မဟုတ်တော့ဘူး။ VPN ခံပြီးသုံးတယ် ဆိုတာက ကျမတို့နိုင်ငံရဲ့ ဆာဗာကိုက အဆင်မပြေတဲ့အခါကျတော့ VPN ခံလိုက်မှ တခြားနိုင်ငံရောက်သွားတယ်။ ပြီးတော့ ဆာဗာကောင်းတယ် လိုင်းပိုကောင်းတယ်”
လက်ရှိမှာ VPN ဆော့ဝဲလ်တွေကို ကြားခံအသုံးပြုနေရတဲ့ ဆိုရှယ်မီဒီယာတွေကသာ သတင်းအချက်အလက် အများအပြားရရှိနေတာကြောင့် ဥပဒေတွေထွက်လာရင်လည်း မပြောင်းလဲဘဲ ဒီအတိုင်း ဆက်သုံးမယ်လို့ နေပြည်တော် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနေသမိုင်းက ပြောပါတယ်။
“VPN က သူတို့က ဒီ Facebook နဲ့ Instagram ပေါ့နော် တခြားဆိုရှယ်မီဒီယာ အပလီ ကေးရှင်းတွေကို သူတို့က အသုံးပြုခွင့် မပေးဘူးပေါ့နော်၊ ဒီအပေါ်ကနေပြီးတော့ သူတို့ ပြောတဲ့ပုံစံက ဆိုးကျိုးတွေဖြစ်စေတယ် ဘာညာပေါ့ဗျာ။ လောလောဆယ်မှာ ဆိုရှယ် မီဒီယာဆိုရင် အားအကောင်းဆုံးဖြစ်တဲ့ Facebook ကို တော်တော်များများ အသုံးပြု ကြတယ်။ သတင်းအချက်အလက် တော်တော်များများကိုလည်း ဒီဆိုရှယ်မီဒီယာကပဲ Facebook ကနေပဲ တော်တော်များများရကြတယ်။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ ကတော့ ဘာမှပြောင်းလဲသွားစရာ အကြောင်းမရှိဘူး”
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ရဲ့ ဒါရိုက်တာ ဗစ်ကီဘိုးမန်ကလည်း ဒီဥပဒေမူကြမ်းပါ ပြဌာန်းချက်တွေကြောင့် အင်တာနက်အသုံးပြု သူတွေရဲ့ အခွင့်အရေးကို သိသိသာသာ ရိုက်ခတ်မှုရှိလာမှာဖြစ်တယ်လို့ပြောပါတယ်။ လုပ်ငန်းကြီးငယ်တွေနဲ့ လုံခြုံမှုရှိရှိ လုပ်ဆောင်ရမယ့် စီးပွားရေး လုပ်ငန်းကြီးအများအပြားဟာ VPN အသုံးပြုမှုအပေါ် မှီခိုနေကြောင်း၊ ဥပဒေမူကြမ်း ပုဒ်မ ၆၂ မှာ VPN အတွက် ဝန်ကြီးဌာနကို လျှောက်လွှာတင်ဖို့ ပြဌာန်းထားပေမယ့် အဲဒီလျှောက် လွှာတွေကို ဘယ်အခြေအနေမှာ ထည့်သွင်းစဉ်းစားမယ် ဒါမှမဟုတ် ဘယ်အခြေအနေမှာ ကျင့်သုံးမယ်ဆိုတာကို ရှင်းလင်းလင်းမသိရကြောင်း သူက ဆိုပါတယ်။
ဒါက စီးပွားရေးပြန်လည်ဦးမော့လာမှုကို ဟန့်တားပြီး ဒစ်ဂျစ်တယ်စီးပွားရေးကို ထိခိုက်စေ နိုင်တယ်လို့လည်း သူက ပြောပါတယ်။
မကြာခင်ရက်ပိုင်းမှာ ရောက်ရှိတော့မဲ့ စစ်အာဏာသိမ်း တစ်နှစ်ပြည့်ကာလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ် သပိတ်ပြုလုပ်ဖို့ VPN ကြားခံ အသုံးပြုရတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုံ့ဆော်တာ၊ မျှဝေတာတွေကို အခုရက်ပိုင်းမှာ ပြုလုပ်လာကြပါတယ်။
စစ်ကောင်စီကတော့ NUG၊ CRPH အပါအဝင် သူတို့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ လှုံ့ဆော်မှုတွေကို မသိလို့ဖြစ်စေ၊ သိလို့ဖြစ်စေ ထပ်ဆင့်မျှဝေတာ၊ အားပေးကူညီတာတွေလုပ်ရင် နှစ်ရှည်ထောင်ဒဏ်၊ ငွေဒဏ်တွေချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ဇန်နဝါရီလ ၂၅ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။