စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေထူးခြားလာနိုင်မလဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို လာမယ့်နိုဝင်ဘာလမှာ သွားရောက်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားမှ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့စဉ်။ Chinese Embassy in Myanmar Photo

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို လာမယ့်နိုဝင်ဘာလမှာ သွားရောက်ဖို့ ရှိနေတယ်လို့ နေပြည်တော် စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFA ကို အတည်ပြုပါတယ်။

ဒါပေမဲ့ ဘယ်နေ့သွားရောက်ပြီး ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

"မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဘက်က ပြတ်ပြတ်သားသား ဟိုနေ့ကလည်း ပြောသွားတဲ့ သတင်းထဲမှာ ရှင်းနေတာပဲ"

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာချိန်ကတည်းက တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာလို့ AFP သတင်းက မနေ့ကဖော်ပြပါတယ်။

စစ်ကောင်စီ ဩဇာခံ တယ်လီဂရမ် လူမှုကွန်ရက်အချို့မှာတော့ စစ်ခေါင်းဆောင်ဟာ ဒီခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ပင် အပါအဝင် တရုတ်ထိပ်ပိုင်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်တယ်လို့ ခန့်မှန်းဖော်ပြကြ ပါတယ်။

ဒီခရီးစဉ်ဟာ အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို သွားရောက်တဲ့ စစ်ခေါင်းဆောင်ရဲ့ ပထမဦးဆုံးခရီးစဉ် ဖြစ်လာမှာပါ။


ဆက်နွှယ်သော သတင်းများ

အပစ်ရပ်ရေး တရုတ်ဖိအားတွေကြားက သီပေါမြို့ကို TNLA အပြီးသတ်သိမ်းပိုက်

စစ်ကောင်စီကို ဘဏ္ဍာရေးအရ ဝင်ကယ်ဖို့ တရုတ်ကမ်းလှမ်း

မြန်မာ့အရေးတရုတ်မူဝါဒ အပြောနဲ့လက်တွေ့ ကွဲလွဲနေ


တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ ဒီခရီးစဉ်မှာ တရုတ်နိုင်ငံက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် တွန်းအားပေးနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တရုတ်ဘက်တော့ သူ့ရဲ့ မဟာဗျူဟာဖြစ်တဲ့ မြန်မာပြည်က သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ စားပွဲဝိုင်းကိုရောက်အောင် တွန်းနေတယ်ထင်တယ်လေ။ အဲဒီအတွက် မင်းအောင်လှိုင်ကိုလည်း ဖိတ်ပြီးတော့ တစ်စုံတရာ ပြောတာဖြစ်မှာပေါ့။ သို့သော်လည်း ဘာမှသိပ်ထူးလာစရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်ထိ မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဘက်က ပြတ်ပြတ်သားသား ဟိုနေ့ကလည်း ပြောသွားတဲ့ သတင်းထဲမှာ ရှင်းနေတာပဲ။ ပြတ်ပြတ်သားသားသူက ဆက်ပြီးတိုက်ဖို့၊ခိုက်ဖို့လုပ်ထားပြီးပြီ ဖြစ်တာကိုနော်”

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင် တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်း ပေးမှာမဟုတ်ဘူးလို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးခြင်း ကိုးနှစ်မြောက် နှစ်ပတ်လည် အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြောကြားထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် တစ်ခုမှာ စစ်တပ်နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

ဒီဘုံသဘောတူညီချက်ကို တရုတ်နိုင်ငံဘက်က ကြားဝင်ဆောင်ရွက်တာမရှိရင် အခုစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာလည်း ပြည်သူတွေအတွက် ထူးခြားမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

“ကျွန်တော်ရဲ့ ဘုံသဘောတူညီချက် တိုင်းရင်းသားတွေနဲ့ NUG နဲ့ ဘုံသဘောတူညီချက်မှာ ကြေညာထားတဲ့ အတိုင်း စစ်တပ်လက်ခံဖို့အတွက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကြားဝင်ဆောင်ရွက် ပေးနိုင်မယ်ဆိုတော့ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် လမ်းစရှိတာပေါ့နော်။ ဒါမှမဟုတ်ရင်တော့ လုံး၀ထူးခြားချက် ရှိမှာမဟုတ်ပါဘူး“

စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့မနက်က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ညနေ ၄ နာရီအထိ အကြောင်းပြန်လာ တာမရှိပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား (Ma Jia) ကတော့ သံတမန်ဆက်ဆံရေးမှာ မြန်မာနိုင်ငံကို အရေးကြီးတဲ့နေရာမှာ အမြဲထားပြီး မြန်မာပြည်သူ တစ်ရပ်လုံးအပေါ် မျက်နှာမူတဲ့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို လက်ကိုင်ထားတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ပြောကြားထားပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ NUG နဲ့ PDF တွေ အနိုင်ရသွားမှာကို တရုတ်က လုံးဝလက်ခံမှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံစဉ်က အစည်းအဝေးမှတ်တမ်းဟာ အခုလဆန်းပိုင်းမှာ ပေါက်ကြားခဲ့တာပါ။

ဒါ့အပြင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ တရုတ်ဘက်က သြဂုတ် ၂၉ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာ ပေးပို့ခဲ့ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး မူဝါဒဟာ အပြောနဲ့လက်တွေ့ ကွဲလွဲမှုတွေရှိနေတယ်လို့ လေ့လာသုံးသပ်သူတွေကြား ဝေဖန်မှုတွေလည်း ရှိနေတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ TNLA တပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးကတော့ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြန်ရဖို့ စစ်ကောင်စီဘက်က တောင်းဆိုနိုင်တယ်လို့ ခန့်မှန်း သုံးသပ်ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို RFA က ဆက်လက်မေးမြန်းရာမှာ ဒီခရီးစဉ်ဟာ နိုင်ငံအတွက် အကျိုးအမြတ်ရှိနိုင်တယ်လို့ ပြောပါတယ်။

“အိမ်နီးချင်း ဖြစ်နေတယ်။ ဘယ်လိုမှကို ရှောင်လို့မရတဲ့ အိမ်နီးချင်း။ အဲဒါက အဓိကအချက်ပဲ။ အိမ်နီးချင်း ဖြစ်တဲ့အတွက်ကြောင့် ဒီအိမ်နီးချင်းနဲ့ ကျွန်တော်တို့ ဘယ်လောက်အထိ တည့်တည့်ပြုပြုနေပြီးတော့ ကျွန်တော်တို့ ဒီလုပ်ငန်းစဉ်တွေပေါ့ ဘယ်လောက်အထိလုပ်နိုင်မလဲ။ အဲတော့ သေချာတာက တရုတ်နဲ့ ပတ်သက်တဲ့ ခုနကပြောတဲ့ ဒီညှိနှိုင်းရမဲ့ ကိစ္စတွေ စီးပွားရေးအပိုင်းသော် လည်းကောင်း၊ ဒီနယ်စပ်ဒေသ လုံခြုံရေးသော် လည်းကောင်း၊ ခုနကပြောတဲ့ ဒေသတွင်း လုံခြုံရေးသော် လည်းကောင်း အများကြီး ကျွန်တော်တို့ လုပ်စရာတွေရှိတယ်။ အဲတော့ သေချာတာက အဲဒီခရီးစဉ်သွားဖြစ်ခဲ့ရင် ကျွန်တော်တို့ အကျိုးအမြတ်တွေ အများကြီးရလာနိုင်ပါတယ်”

ဒီခရီးစဉ်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ဆွေးနွေးဖြစ်ခဲ့ရင် ဒါဟာ လမ်းစဖော်ပေးရုံသာဖြစ်လာနိုင်ပြီး အောင်မြင်မှု ရှိ၊ မရှိ ပြောဖို့ခက်နိုင်တယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း တွေ့ရသည့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား ၂ဝ၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Myanmar Military Photo)

အခုနှစ် ဇွန်နဲ့ ဇူလိုင်လထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ လေးခုက တာဝန်ရှိသူတွေလည်း တရုတ်နိုင်ငံကို သွားရောက်ထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် အဓိက မဟာမိတ် အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ထားပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ ခရီးစဉ်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် ဒုတိယမြောက် အဓိက မဟာမိတ် အင်အားကြီး နိုင်ငံတစ်ခုကို သွားရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာဖို့ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org