ရွေးကောက်ပွဲနဲ့ အာဏာလွှဲမယ်ဆိုတဲ့ပြောဆိုချက် ဒီမိုကရေစီအင်အားစုတွေ ယုံကြည်မှုကင်းမဲ့
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ စစ်ကောင်စီရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အလေးပေးပြောဆိုခဲ့ပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023-08-22 -
-
-
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ စစ်ကောင်စီရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အလေးပေးပြောဆိုခဲ့ပါတယ်။
ဒီမိုကရေစီအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ပြောဆိုတာကို ယုံကြည်မှုမရှိဘဲ ခေတ်နဲ့ မဆီလျော်တော့ဘူးလို့ တုံ့ပြန်ပါတယ်။
"ရွေးကောက်ပွဲ လုပ်မယ်။ ပြီးရင်နိုင်တဲ့သူ အနိုင်ရတဲ့သူကို အာဏာလွှဲပေးမယ်ဆိုတာမျိုးက အင်မတန်ကို ခေတ်နောက်ကျသွားပြီလို့ မြင်တယ်"
ဩဂုတ်လ ၂၂ ရက်နေ့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး အလေးပေးပြောဆိုခဲ့တာပါ။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်ပြည့်စုံစွာ ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့ ဆောင်ရွက်ပြီးစီးရင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်အာဏာလွှဲအပ်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
စစ်ကောင်စီ ဦးဆောင်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုတဲ့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအရ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး မှတ်ပုံတင်ခွင့်ပြီးတဲ့ ပါတီ ၃၆ ပါတီရှိပြီလို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ပြုထားတဲ့ပါတီ ခုနစ်ပါတီနဲ့ တိုင်းနဲ့ပြည်နယ်အဆင့် ခွင့်ပြုထားတာ ၂၉ ပါတီရှိတယ်လို့ ပြောပါတယ်။ မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၃၆ ခုမှာ ပါတီအသစ် ခြောက်ပါတီ ပါဝင်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းအရေးမှူး ဦးစိုင်းလိတ်က ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်က ခေတ်နောက်ကျနေပြီဖြစ်လို့ စစ်တပ်အနေနဲ့ ကာကွယ်ရေးတာဝန်ကိုသာ လုပ်ဆောင်မယ်ဆိုတာပြသပြီး နိုင်ငံရေးထွက်ပေါက်ကို ရယူသင့်တယ်လို့ ထောက်ပြပါတယ်။
“၁၉၉၀ ခေတ်ကာလ အခြေအနေနဲ့ အများကြီးကွာသွားပြီပေါ့။ အခုကာလ အခြေအနေက။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင် အားလုံးကလည်း ဒီမိုကရေစီ မျှော်လင့်နေတဲ့အတွက်ကြောင့်မို့လို့ စစ်တပ်ပြောသမျှကို ယုံပြီးတော့မှ ရွေးကောက်ပွဲကို အုံနဲ့ကျင်းနဲ့ ဝင်ပါခဲ့တာပေါ့။ တစ်ခါ ၂၀၁၀ ကျတော့လည်း ဒီမိုကရေစီ ရနိုးနိုးဝင်ပါခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာ ၂၀၀၈ ကိုလည်း အယုံအကြည်က နည်းသွားတယ်။ မရှိသလောက်ဖြစ်ပြီ။ အဲဒီကြားထဲမှာမှ ၂၀၀၈ က မရှိတော့ဘူး။ ပျက်စီးသွားပါပြီလို့ ယုံတဲ့သူကလည်း ပိုပြီးတော့ များလာတာပေါ့။ ဒါကြောင့်မို့ အရင်နည်းလမ်းအတိုင်းပဲ။ လာရွေးကောက်ပွဲ လုပ်မယ်။ ပြီးရင်နိုင်တဲ့သူ အနိုင်ရတဲ့သူကို အာဏာလွှဲပေးမယ်ဆိုတာမျိုးက အင်မတန်ကို ခေတ်နောက်ကျသွားပြီလို့ မြင်တယ်။ အဲတော့ အကောင်းဆုံးက စစ်တပ်က စစ်တပ် ပီပီပြင်ပြင် သူရဲ့ မူရင်းတာဝန်ဖြစ်တဲ့ နိုင်ငံ့ကာကွယ်ရေးတစ်ခုတည်းကိုပဲ လုပ်ဆောင်နိုင်တယ်ဆိုရင်တော့ လူထုကလည်း သူရဲ့ ဖိတ်ခေါ်ချက်၊ ကမ်းလှမ်းချက်ကို ယုံကောင်း ယုံပါလိမ့်မယ်။ အဲဒီနည်းကလွဲရင် တခြားထွက်ပေါက် မရှိတော့ဘူးလို့ မြင်ပါတယ်ခင်ဗျ”
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားထားပြီးဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရှာတဲ့အနေနဲ့ အမြန်ဆုံးရွေးကောက်ပွဲ လုပ်လာနိုင်စရာရှိတယ်လို့ သုံးသပ်ပါတယ်။
“သူတို့ ဒီခြောက်လအတွင်း လုပ်၊ မလုပ်ကတော့ အတိအကျပြောလို့ မရပေမယ့် အမြန်ဆုံးတော့ ထွက်ပေါက်ရှာတဲ့ အနေနဲ့ ဒါကို လုပ်လာနိုင်တယ်။ သူတို့ ကိုယ့်ဖဲ ကိုယ်ချိုးပြီးတော့ သူတို့ပဲ နိုင်ပါတယ်ဆိုတဲ့ အခြေအနေမျိုးဖန်တီးပြီးတော့ လုပ်ဦးမှာပဲ။ မင်းအောင်လှိုင်အနေနဲ့ စစ်တပ်က အနားယူပြီး သမ္မတ ဝင်ပြီးတော့ ရွေးကောက်မယ်။ ပြီးတော့ သူနိုင်မယ်ဆိုပြီး လုပ်မယ်။ ကျွန်တော်တို့ ပြည်သူတွေကတော့ တစ်စိတ်တစ်ဝမ်းတည်း အတူတူရှိတယ်။ တော်လှန်ရေးရဲ့ အကျိုးစီးပွားကိုပဲ ကြည့်တယ်။ ပြည်သူကို ဒုက္ခပေးနေတဲ့ အဖွဲ့အစည်းက ဘာသက်သေအထောက်အထားနဲ့ပဲပြပြီး ဘယ်လိုပဲပြောနေပါစေ ဘယ်တော့မှတော့ နိုင်ငံတကာရဲ့ယုံကြည်မှုနဲ့ ပြည်သူရဲ့ယုံကြည်မှု ပြန်ရမှာ မဟုတ်ပါဘူးခင်ဗျ”
စစ်ကောင်စီက ရွေးကောက်ပွဲ မဖြစ်မနေလုပ်ရင် ပြည်သူအများစုက ထောက်ခံမှာ မဟုတ်ဘဲ ပူးပေါင်းပါဝင်မှု အားနည်းမယ်လို့ ဒီမိုကရေစီအင်အားစုတွေက တွက်ဆပါတယ်။ စစ်ကောင်စီဘက်တော့ ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝန်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကို စာရင်းကောက်ယူပြီးဖြစ်တယ်လို့ ဇွန်လက ကြေညာထားပါတယ်။