အပစ်ရပ် ကြေညာထားပေမဲ့ လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်
MNDAA က ထိုးစစ်တွေ ရပ်ထားမယ်လို့ ကြေညာထားပေမဲ့ လားရှိုးမြို့နဲ့ အနီးတစ်၀ိုက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
-
RFA Burmese
2024-07-21 -
-
-
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ထိုးစစ်တွေ ရပ်ထားမယ်လို့ ကြေညာထားပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နဲ့ အနီးတစ်၀ိုက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ ပတ်ပတ်လည်မှာ MNDAA က နေရာယူထားပြီး စစ်ကောင်စီတပ်ကတော့ လားရှိုးလေယာဉ်ကွင်း အပါအဝင် အထိုင်ချတပ်ရင်းနေရာတွေနဲ့ လားရှိုးမြို့တွင်းက ရေးပါတဲ့နေရာတွေမှာ တပ်စွဲထားပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတာလို့ ဆိုပါတယ်။
"အိမ်မှာပဲနေနေရတယ် သူတို့ လက်နက်ကြီးပစ်တဲ့အသံတွေနဲ့ တအုန်းအုန်းဆိုတော့ တချို့ဆို အိမ်က မှန်တွေတောင်ကွဲတယ်”
ဇူလိုင်လ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တွေရှိသလို လားရှိုးမြို့ ရပ်ကွက် (၅) အထက်မန်အိုင် နေရာ၊ လားရှိုးမြို့အဝင် မုခ်ဦးအနီးက ခလရ-၄၁နဲ့ ခလရ-၆၈ အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် ၆ နာရီ ၂၀ ကျော်တုန်းကလည်း သူတို့ တော်တော်လေး အပြင်းအထန်ဖြစ်နေတယ်။ ပြီးတော့ အထက် မန်အိုင်ဘက်ပေါ့ အဲဒီဘက်ကျတော့ လေယာဉ်နဲ့ ဗုံးကြဲတယ်လို့ပြောတယ်။ အဲဒီဘက်က လူတွေတောင်မှ တော်တော်လေးရှောင်ရတယ်။ ကြားတာပိုများတာတော့ လက်နက်ငယ်သံ ပိုကြားရတာပေါ့။ ခလရ-၆၈ နဲ့ ၅၀၇ နဲ့က တအားကြီးမဝေးဘူး အဲဒီဘက်ခြမ်းမှာ ပိုတိုက်တာများတယ် အခုက”
တိုက်ပွဲတွေပြင်းထန်နေလို့ မြို့ထဲမှာ ကျန်နေသူတွေ ထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်နေကြပြီး လက်ရှိမှာ မြို့အဝင်အထွက်ဂိတ်တွေ မဖွင့်သေးတာကြောင့် မြို့ထဲမှာ ဆက်လက်ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လားရှိုးမြို့ရဲ့ လူဦးရေ ရှစ်သောင်းဝန်းကျင်ထဲက သုံးပုံ နှစ်ပုံခန့်ကတော့ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးသွားကြပြီလို့ ဆိုပါတယ်။
လက်ရှိ လားရှိုးမြို့ထဲမှာ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန်ကြီးမြင့်နေတယ်လို့ မြို့ထဲမှာ ကျန်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ မလုံခြုံမှုတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ လားရှိုးမြို့တွင်းမှာ ပိတ်မိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တော်တော်တော့ ဒုက္ခရောက်တယ်။ စားဝတ်နေရေးတွေရော အကုန်လုံးပဲ။ ညညဆိုရင်လည်း ကောင်းကောင်းမနေရဘူး။ မနက်ပိုင်းလောက်ပဲ ဈေးသွားရဲတာပဲ။ နေ့ခင်းဆို ကျနော်တို့ ဈေးတောင်မသွားရဲဘူး။ နေ့လယ် ၁၂ နာရီနောက်ပိုင်း မာရှယ်လောလိုလို ဘာလိုလိုနဲ့ အဲဒီလိုမျိုးရှိတော့ ခက်တာတော့ တော်တော်တော့ ခက်ခဲတယ်။ အိမ်မှာပဲနေနေရတယ် သူတို့ လက်နက်ကြီးပစ်တဲ့အသံတွေနဲ့ တအုန်းအုန်းဆိုတော့ တချို့ဆို အိမ်က မှန်တွေတောင်ကွဲတယ်”
လျှပ်စစ်မီးမရတော့တာ ရက်ကြာလာတာကြောင့်လည်း ဖုန်းအားသွင်းဖို့ ခက်ခဲတာ၊ ရေစက်မောင်းပြီး ရေတင်ဖို့ မလွယ်ကူတော့ပဲ ရေအခက်အခဲပါ ကြုံနေရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်လည်း လားရှိုးမြို့ ရပ်ကွက် (၄) နဲ့ ပါရမီ ရပ်ကွက်တွေက နေအိမ်အဆောက်အအုံအချို့ ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူနဲ့ MNDAA ပြောခွင့်သူတွေထံ RFA ကဆယ်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
MNDAA ကတော့ တရုတ်နိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲတွေ ရပ်တန့်ရေး တောင်းဆိုချက်ကို တုံ့ပြန်ဖို့အတွက် စစ်ဆင်ရေးတွေ ရပ်တန့်ထားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ဒီတစ်ခေါက် အပစ်ရပ်ထားချိန်မှာတော့ တပ်တွေ ရောက်နေတဲ့နေရာမှာ ရပ်ထားပြီး ခံစစ်ဆင်ဖို့၊ ထိုးစစ်တွေ ရပ်တန့်ဖို့၊ လေကြောင်းရန် ကာကွယ်ရေး အစီအမံတွေလုပ်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ ကယ်ဆယ်ရေးကိစ္စတွေကို လုပ်ဆောင်မယ်လို့ MNDAA က ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်လာရင် ပြန်လည်တိုက်ခိုက်မယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်ရဲ့ဖိအားကြောင့် MNDAA က အပစ်ရပ်ကြေညာထားပေမဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေဟာ နယ်စပ်ဒေသနဲ့ အလှမ်းဝေးတာကြောင့် တိုက်ပွဲတွေ ဆက်ရှိနေလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“တရုတ်ရဲ့ ဖိအားကြောင့် လားရှိုးတိုက်ဖို့ ကိစ္စကို MNDAA အနေနဲ့ ဆိုင်းငံ့ထားကြောင်း ကြေညာတာပေါ့။ ဒါပေမဲ့ လက်တွေ့ အောက်ခြေမှာက စစ်ကောင်စီတပ်တွေကလည်း ဗုံးကြဲတာတွေ၊ တိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်နေတဲ့အချိန်မှာ တိုက်ပွဲကတော့ ဆက်ရှိနေမှာပါ။ ဒါပေမဲ့ အဲဒီတိုက်ပွဲတွေက တရုတ်နဲ့ အလှမ်းနည်းနည်းဝေးတဲ့ နယ်စပ်ဒေသဖြစ်နေတာ မဟုတ်တဲ့အတွက် ဒီတိုက်ပွဲတွေ ဆက်ရှိနေလိမ့်ဦးမယ်လို့ ယူဆတယ်”
MNDAA ဟာ ဇူလိုင်လ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း လေးရက်ကြာ ပထမတစ်ကြိမ် အပစ်ရပ်ကြေညာခဲ့ပေမဲ့ အဲဒီလေးရက်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ ဟိုင်ဂင် သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ ဟိုင်ဂင် သဘောတူညီချက် ပျက်ပြယ်ပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။