တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲ AA စတင်

ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။

တရုတ်စီမံကိန်းတွေ တည်ရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ကြပ်တိန်၊ စေမော်၊ ရှောက်ချောင်းနဲ့ ဦးဂင်း စတဲ့ရွာတွေအနီးက နေရာလေးခုမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အင်အားနှစ်ရာဝန်းကျင်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အာရက္ခတပ်တော် (AA) ဘက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးကို ဝိုင်းထားပြီ"

တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာခဲ့လို့ ကျောက်ဖြူမြို့နယ်က အကြီးဆုံး တပ်စခန်းဖြစ်တဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်အထိ တပ်ဆုတ်သွားတယ်လို့ စစ်ရေးအခြေအနေသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီ အကြီးဆုံးတပ်စခန်းကိုပါ AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတာကြောင့် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ စတင်နေပြီလို့ တရုတ်စီမံကိန်းတွေနဲ့ စစ်ရေးအခြေအနေကို စောင့်ကြည့်နေတဲ့ ကျောက်ဖြူဒေသခံ ဦးထွန်းကြည်က ပြောပါတယ်။

“အရင်က တွေ့ခဲ့တာက နှစ်ဖက်ထိပ်တိုက်ထိတွေ့မှုပေါ့လေနော်။ အခုကတော့ အာရက္ခတပ်တော် (AA) ဘက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးကို ဝိုင်းထားပြီ။ ၀ိုင်းပြီးတော့ တိုက်ပွဲကတော်တော်လေး ပြင်းထန်နေတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒီတော့ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲက စပြီလို့ ပြောလို့ရပါတယ်”

စစ်ကောင်စီတပ်ကလည်း AA ရဲ့ ထိုးစစ်ကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရေကြောင်း၊ ကုန်းကြောင်း စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီ့အပြင် တိုက်ပွဲအနီးတစ်၀ိုက်က ရွာတွေကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ပြားတဲ၊ ကပ်သပြေ၊ ရှောက်ချောင်း၊ စေမော်၊ ဦးဂင်း၊ ကြပ်တိန်၊ သပြုတောင်၊ သဖန်းခါး စတဲ့ရွာတွေက ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓညဝတီရေတပ်စခန်းဌာနချုပ်အနီးက အိမ်ခြေ ၁၅ဝ ခန့်ရှိတဲ့ သစ်ပုတ်တောင်ရွာက ဒေသခံတွေကိုတော့ စစ်ကောင်စီတပ်က ထွက်ပြေးတိမ်းရှောင်ခွင့်မပြုဘဲ ရွာထဲမှာ ပိတ်ဆို့ထားတယ်လို့ ကျောက်ဖြူ ဒေသခံ ကိုနေစိုးခိုင်က RFA ကို ပြောပါတယ်။

“လေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သား သေဆုံးမှုတွေလည်းရှိတယ်။ ဒေသခံ တစ်ထောင်ကျော်လောက်လည်း ထွက်ပြေးနေရာတာရှိတယ်။ နောက်ပြီးတော့ ဓညဝတီ ရေတပ်စခန်းဌာနချုပ် အနီးမှာရှိတဲ့ သစ်ပုတ်တောင်ရွာက ပြည်သူတွေကို ထွက်ရင်သတ်ပစ်မယ်၊ မထွက်ရဘူးဆိုပြီး လူသားဒိုင်း လုပ်ထားတာတွေလည်းရှိတယ်”

ဒီလို ပိတ်ဆို့ထားတာက တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ပြင်ဆင်တာဖြစ်တာကြောင့် ရွာသားတွေအတွက် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံတချို့ သေဆုံး၊ ထိခိုက်တာတွေရှိနေပြီး အဲဒီဒေသမှာ ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတာကြောင့် အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

မြို့နယ် ၁၂ ခုကို AA သိမ်းပြီးနောက် လက်ကျန်မြို့တွေကို စစ်ကောင်စီ ခံစစ်ပြင်

AA ရည်မှန်းချက်ကို လိုက်လျောနိုင်ခြေနည်းကြောင်း လေ့လာသူတွေပြော

တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့မှာ စစ်ရေးတင်းမာလာ


တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုန်းကျွိန် ရေတပ်စခန်း၊ ခလရ (၃၄)၊ ခမရ (၅၄၂)၊ ခမရ(၅၄၃) စတဲ့တပ်ရင်းတွေနဲ့ အမှတ်(၃၂) ရဲတပ်ရင်း အခြေစိုက်ထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီ CITIC တို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ဆက်လက်အကောင်အထည်ဖော်ရေးအတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။ (RFA Photo)

တိုက်ပွဲတွေကြောင့် ဒေသမတည်ငြိမ်တဲ့အချိန်မှာ တရုတ်စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ဖို့ ခဲယဉ်းနိုင်တယ်လို့ တရုတ်စီမံကိန်းတွေကို အနီးကပ်စောင့်ကြည့် လေ့လာနေတဲ့ ကျောက်ဖြူဒေသခံ ဦးထွန်းကြည်က ပြောပါတယ်။

“ပဋိပက္ခဖြစ်နေတဲ့ အခြေအနေမျိုးမှာ၊ ဒေသတည်ငြိမ်အေးချမ်းမှု မရှိတဲ့အခြေအနေမျိုးမှာ ဒီလိုအကြီးစား စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မြေပြင်အခြေအနေအရလည်း ဘယ်လိုမှ လက်တွေ့မကျတဲ့ အခြေအနေပေါ့နော်”

ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခု ရှိတဲ့အနက် ကိုးခုကို AA က အပြည့်အဝ ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့မှာရှိတဲ့ စီမံကိန်းနှစ်ခုကိုလည်း တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်တယ်လို့ လွတ်လပ်တဲ့ သုသေတနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဇန်နဝါရီလအတွင်းက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားတာပါ။ လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org