ကြေးနီစီမံကိန်းအနီးမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်လာ
တရုတ်အစိုးရနဲ့ စစ်တပ်ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်မှာ စစ်တပ်က အခု မေလဆန်းကစလို့ နယ်မြေ ရှင်းလင်းရေး လုပ်လာတာကြောင့် တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
- 2022-05-13
-
-
-
တရုတ်အစိုးရနဲ့ စစ်တပ်ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးဝန်းကျင်မှာ စစ်တပ်က အခု မေလဆန်းကစလို့ နယ်မြေ ရှင်းလင်းရေး လုပ်လာတာကြောင့် တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။
မေလ ၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ကြေးနီစီမံကိန်း ပတ်ပတ်လည်မှာ ကင်းလှည့်တာ၊ နေ့ရောညပါ ကင်းပုန်းထားရှိတာ၊ စစ်ဗျူဟာအရ အရေးပါတဲ့ ကြေးနီ စီမံကိန်း မြေစာပုံတွေပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသင့်ပြင်ဆင်ပြီး တပ်စွဲတာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မေလ ၅ ရက်နေ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ကြေးနီစီမံကိန်းတွေရဲ့ အနီး ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် PDF တပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အခုနောက်ပိုင်း တိုက်ပွဲတွေ ပိုစိပ်လာတယ်လို့ ဆားလင်းကြီး GZ တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
“မေလ ၅ ရက်နေ့ နောက်ဆုံးလို့ ထုတ်ပြန်ပြီးတော့ အဲဒီနောက်ပိုင်း လုံခြုံရေးအင်အား အပြည့်အစုံ ယူတယ်။ ကုမ္ပဏီဧရိယာထဲမှာလည်း လုံခြုံရေး အပြည့်ထားတယ်။ ဘေးရွာတွေ စစ်ကြောင်းထိုးတော့လည်း လုံခြုံရေး အပြည့်နဲ့ထိုးတယ်။ ဒီနေ့ ကူးလာတဲ့ သုံးစီးဆိုရင် အင်အားအပြည့်ပါတယ်ဗျာ။ နောက်ပြီး အဲဒီနားမှာ မြင်ရတဲ့ သူတွေက ပြောတယ်။ လက်နက်အသေးရယ်လို့ မပါဘူး။ လက်နက်အကြီးတွေချည်းပဲ ပါတယ်။ တိုက်ပွဲကတော့ ကုန်းကြောင်းကတော့ သုံးလေးကြိမ်လောက် ရှိသွားပြီ။ ကျနော်တို့ ကတော့ ရေကြောင်း၊ ရေကြောင်းကလည်း သုံးလေးကြိမ်ရှိပြီ။ တောက်လျှောက်ကို သူတို့စစ်ကြောင်း ပတ်ထိုးနေတာ။ သူတို့ကတော့ ဒီဟာက အဓိကဆိုတော့၊ စစ်တပ်ရဲ့ ထောက်တိုင် အကြီးစားကြီးဖြစ်နေတော့ သူတို့ကတော့ ဒီဟာကို လုံးဝကာကွယ် ထားတာပေါ့”
ကြေးနီစီမံကိန်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဟာ စီမံကိန်းအနီးတစ်ဝိုက်က မိုးကြိုးပြင်၊ ဝါးတန်း၊ တည်ပင်ကန်၊ ရွှေပန်းခိုင် ရွာတွေအနီးကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
စီမံကိန်းကို လုံခြုံရေးယူထားတဲ့ စစ်တပ်ဟာ မေလ ၇ ရက်နေ့က ဝါးတန်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ပြီး ပြန်ထွက်လာချိန် ဒေသခံ PDF တပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
နောက်တစ်ရက် ညနေပိုင်းမှာတော့ တည်ပင်ကန်ရွာကနေ ရွှေပန်းခိုင်ရွာကို ထွက်ခွာ လာတဲ့ အဲဒီ စစ်ကြောင်းနဲ့ပဲ တိုက်ပွဲထပ်ဖြစ်တာကြောင့် အနီးတစ်ဝိုက် ရွာတွေဖြစ်တဲ့ ရွှေပန်းခိုင်၊ သဲတောကြီး၊ မြရိပ်၊ ရေကြည်ပင်၊ စည်လောင်ချောင်း၊ ထန်းတောကြီး၊ ကျေးစာကျ၊ ရွာသာ၊ ဂုံနှော၊ အုံတုံပင် ဒုံးတော၊ ကန်ကုန်း စတဲ့ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲတွေ ထပ်ဖြစ်လာရင် ပစ္စည်းတွေ ယူချိန်မရမှာစိုးလို့ ယူသင့်တာယူပြီး ကြိုတင် တိမ်းရှောင် နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းထိုးလာတော့ ထွက်ပြေးရတာပေါ့။ ရုတ်တရက် စစ်ကြောင်းထိုးလာတော့ ဘာမှ သယ်ချိန်ပြုချိန်၊ စားနပ်ရိက္ခာ စုဆောင်းချိန် မရလိုက်ဘူး။ ဒီအတိုင်းပြေးရတာပေါ့။ လောလောဆယ်တော့ PDF ၁၆ ဖွဲ့ ကြေညာပြီးတော့ ယန်စီရဲ့ ဧရိယာပတ်ပတ်လည် ရွာတွေကို အကုန်လုံး လှည့်ပတ်ပြီးတော့ နယ်မြေရှင်းလင်းတဲ့ပုံစံများ လုပ်တာလား မသိဘူး။ ကုမ္ပဏီခြံစည်းရိုးကို တစ်ပတ် ပတ်တဲ့ ပုံစံနဲ့သွားနေတာ သူတို့က။ ကျီးလန့်စာစား ဖြစ်နေတာတော့ ကြာပြီ။ သူတို့လာရင်တော့ ပြေးရတာပေါ့ဗျာ။ ဘယ်ချိန်လာမတုန်းလည်းမသိဘူး။ ကုမ္ပဏီထဲမှာရှိနေရင် အချိန်မရွေး ရောက်လာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတာပေါ့ဗျာ”
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက်ဖျက်ဆီးသွားမှာမို့ အဲဒီစီမံကိန်းက ဝန်ထမ်းတွေ မေလ ၅ ရက် နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ ဒေသခံ PDF ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့တာပါ။
အခု မေလဆန်းကစလို့ ကြေးနီစီမံကိန်းနယ်မြေအနီးမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာတာ၊ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီကနေ့ ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကြေးနီစီမံကိန်းတွေဟာ သဘာဝဝန်းကျင်ပျက်စီးပြီး ဒေသခံတွေကို ထိခိုက်စေတာမို့ ဒီစီမံကိန်းတွေ ပြန်လုပ်ရင် တိုက်ခိုက်မယ်လို့ PDF ၁၆ ဖွဲ့ သတိပေးချက် ထုတ်ပြန်ချိန် တုန်းကတော့ ဒီစီမံကိန်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်တာကြောင့် တိုက်ခိုက်ရင် ကာကွယ်ပေးရလိမ့်မယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီလကုန်ပိုင်းမှာ ပြောခဲ့ဖူးပါတယ်။
ကြေးနီစီမံကိန်းရှိတဲ့ ဆားလင်းကြီးမြို့နယ်နဲ့ ထိစပ်နေတဲ့ ယင်းမာပင်မြို့နယ်မှာလည်း စစ်တပ်က အင်အားတွေတိုးချပြီး ထိုးစစ်ဆင်လာတယ်လို့လည်း မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။
“အခုနောက်ပိုင်းမှာ စစ်ကောင်စီက ဘယ်လိုတွေလုပ်လာသလဲဆိုရင် ကျနော်တို့ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းနိုင်တယ် အထင်ပေါ့နော်။ အားကောင်းမယ့် မြို့နယ်တွေကို ဖိပြီးတော့ မြေပြင်ထိုးစစ်တွေ သာလွန်အင်အားနဲ့ ထိုးနေတာရှိတယ်။ နောက်တစ်ခုက ရဟတ်ယာဉ်ပစ်ကူတွေနဲ့ လာပြီး ပစ်ခတ်တာတွေရှိတယ်။ နောက်တစ်ခု ကင်းပုန်းတွေပေါ့နော်။ မုံရွာ-ယင်းမာပင်-ပုလဲသွား ကားလမ်း တစ်လျှောက်မှာလည်း တချို့နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲ ထားပြီးတော့ နေ့ရော၊ ညပါ စောင့်ကြည့်နေတဲ့ အပိုင်းတွေရှိတယ်”
ဆားလင်းကြီးနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကနီနဲ့ ပုလဲမြို့နယ်တွေမှာလည်း မေလ ၁၀ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေနဲ့သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက် ပေးနေတဲ့ ပြည်သူမှ ပြည်သူသို့ ပရဟိတအဖွဲ့က အဖွဲ့ဝင်တစ်ဦးကတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာရင် မိုးတွင်းကာလမှာ စစ်ရှောင်ရတဲ့ပြည်သူတွေ ပိုဒုက္ခရောက်လိမ့်မယ်လို့ ပြောပါတယ်။
“အခုလက်ရှိ စစ်ကောင်စီနဲ့ တရုတ်ကလည်း ကုမ္ပဏီတွေကို လည်ပတ်အောင် ကြိုးစားမယ်။ ဓမ္မဘက်တော်သား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း စက်ရုံကို လည်ပတ်လို့မရအောင် ပြုလုပ်တယ် ဆိုရင်တော့ ဒေသခံတွေအနေနဲ့တော့ မကြာခဏ စစ်ဘေးရှောင်ရတာတွေ ရှိလိမ့်မယ်။ ခဏခဏ ရှောင်လာရရင်တော့ စားနပ်ရိက္ခာ သော်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ သော်လည်းကောင်း နောက်ကျရင် မိုးတွင်းကာလဖြစ်တဲ့အတွက် နေရေးထိုင်ရေးကအစ အခက်အခဲ ဖြစ်လာနိုင်တယ်”
ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီဘက်ကတော့ ကြေးနီစီမံကိန်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေ၊ အထင်မြင် လွဲမှားမှုတွေနဲ့ စွပ်စွဲမှုတွေ ပေါ်ပေါက်လာပြီး စီမံကိန်းဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဟာ ခြိမ်းခြောက်ခံ နေရတယ်လို့ မေလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရပ်နားထားပြီး အခုကာလမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကိုသာ ဆောင်ရွက်နေတယ်၊ လာမယ့် မိုးရာသီမှာလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကိုပဲ ဦးစားပေး ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။
"ကုမ္ပဏီဧရိယာထဲမှာလည်း လုံခြုံရေး အပြည့်ထားတယ်။ ဘေးရွာတွေ စစ်ကြောင်းထိုးတော့လည်း လုံခြုံရေး အပြည့်နဲ့ထိုးတယ်။"
ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီထုတ်လုပ်ရေးစီမံကိန်း နှစ်ခုရှိပြီး လောက်ပံတောင်း တောင် စီမံကိန်းနဲ့ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွေဖြစ်ပါတယ်။
လက်ပံတောင်းတောင်စီမံကိန်းမှာ စစ်ကောင်စီရဲ့ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။
စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှာတော့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်ရဲ့ကုမ္ပဏီခွဲ မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။
စစ်ကောင်စီက မြန်မာပြည်ထဲက တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ် မပေးနိုင်ရင် တရုတ်ဘက်ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်လာဖို့ မရှိတာကြောင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက မှတ်ချက်ပေးပါတယ်။
“တရုတ်နဲ့ ဆွေးနွေးတဲ့အခါတိုင်း တရုတ်က နစကအစိုးရကို သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံရေး ကိစ္စအတွက် စိုးရိမ်ကြောင်း အဲဒါတွေကို အာမခံချက်ပေးနိုင်၊ မပေးနိုင် အဲဒါမျိုးတွေ ဆွေးနွေးတာရှိတယ်။ ပြောချင်တာက သူ့ရင်းနှီးမြှုပ်နှံမှုတွေ၊ သူ့အကျိုးစီးပွားတွေကို မထိခိုက်စေချင်တဲ့သဘော၊ တာဝန်ယူပေးစေချင်တဲ့ သဘောပေါ့ဗျာ။ လက်တွေ့မှာ လုံခြုံရေးတာဝန် ယူမပေးနိုင်ဘူးဆိုရင် တရုတ်ပြည်ဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေ တန့်နေမယ့်သဘောရှိတာပေါ့”
မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာ သိမ်းပြီးစ အစောပိုင်းလတွေမှာ တရုတ်အထည်ချုပ်စက်ရုံ ၃၂ ရုံ မီးရှို့ခံရပြီး မန္တလေးတိုင်းထဲက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း၊ လက်ပံတောင်းတောင် စီမံကိန်းအတွက် ရေပိုက်လိုင်းနဲ့ တကောင်း နီကယ်စက်ရုံအတွက် လျှပ်စစ်တာဝါတိုင်တွေ PDF တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ မြို့နယ်ပေါင်း ၄၂ ခုမှာလည်း ၂၀၂၁ ဇူလိုင် ၁ ရက်နေ့ကနေ ၂၀၂၂ ဧပြီ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar က ဧပြီလ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။