သြဂုတ်လအတွင်း စစ်ကောင်စီတပ်က CDM ဝင်လာသူ ၅၀ ကျော်ရှိ
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ကချင်ပြည်နယ်၊ ရှမ်းနဲ့ ကယား ဒါမှမဟုတ် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ပွင့်လင်းရာသီ မဟုတ်ဘဲ စစ်ရေးအရှိန် တိုးမြှင့်ထားပါတယ်။
-
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023-08-15 -
-
-
စစ်ကောင်စီတပ်တွေဟာ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနဲ့ ကချင်ပြည်နယ်၊ ရှမ်းနဲ့ ကယား ဒါမှမဟုတ် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ပွင့်လင်းရာသီ မဟုတ်ဘဲ စစ်ရေးအရှိန် တိုးမြှင့်ထားပါတယ်။
စစ်ကောင်စီဟာ ထိုးစစ်ရှိန်ကို မြှင့်လိုက်ပေမယ့် ကရင်နီဒေသ၊ ကရင်နဲ့ ကချင်ပြည်နယ်တွေမှာ အထိုင်စခန်းတွေ လက်လွတ်လိုက်ရတယ်ဆိုတဲ့ သတင်းတွေလည်း တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေဘက်က ထုတ်ပြန်တဲ့ သတင်းတွေမှာ ဆက်တိုက်ကြားနေရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီသတင်းတွေကို ထုတ်ပြန်တာသိပ်မတွေ့ရပါဘူး။
"တစ်ပြည်လုံးမှာ ကျွန်တော်တို့ ရထားတဲ့ စာရင်းအရ နှစ်ပတ်အတွင်းမှာကို အယောက် ၅၀ ကျော်ကျော် ဝင်လာတာရှိပါတယ်”
တစ်ဆက်တည်းမှာပဲ တပ်ပြေးသတင်းတွေ၊ CDM လုပ်သူတွေ တိုးလာတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဗိုလ်မှူးအဆင့် မိသားစုလိုက် ထွက်လာသူ နှစ်စု အပါအဝင် ဗိုလ်ကြီးအဆင့်နဲ့ တခြားအဆင့် စုစုပေါင်း ၅၀ ခန့်ရှိတယ်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောပါတယ်။
“အကြမ်းဖျင်းတင်ဆို ပြည်သူ့ရင်ခွင်ချန်နယ်ကနေ ချိတ်ဆက်လာတာ ၁၄ ဦးရှိတယ်၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာတာ တောင်ပိုင်းဘက်အခြမ်းမှာဆို မေဂျာ (ဗိုလ်မှူး) နှစ်ဦး၊ ကပ္ပတိန် (ဗိုလ်ကြီး) သုံးဦး၊ တခြားအဆင့်စုစုပေါင်းက ၁၀ ဦး၊ မဲဆောက်ဘက်ကို ထွက်လာတာက ၁၅ ဦး၊ ချင်းပြည်နယ်မှာ ခမရ ၂၆၄ က လေးဦး၊ အဲလိုပဲ ကယား ပြည်နယ်မှာလည်း အများကြီးရှိတယ်။ မနေ့ကဆိုရင်ပဲ မြဝတီ လက်ခတ်တောင်ကုန်းကို ဝင်တိုက်တဲ့ အဖွဲ့ထဲက လက်နက်နဲ့ ဝင်လာတာ နှစ်ဦးရှိတယ်၊ တစ်ပြည်လုံးမှာ ကျွန်တော်တို့ ရထားတဲ့ စာရင်းအရ နှစ်ပတ်အတွင်းမှာကို အယောက် ၅၀ ကျော်ကျော် ဝင်လာတာရှိပါတယ်”
အခုလို CDM ဝင်လာသူတွေ သီတင်းနှစ်ပတ်ကျော် သုံးပတ်အတွင်း ၅၀ ခန့်ရှိပေမယ့် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခြင်း မရှိဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် တပ်စခန်းတွေကနေ ခြေရာဖျောက်ပြီး အဆင်ပြေတဲ့နေရာမှာ တိမ်းရှောင်နေထိုင်သူ တွေက ပိုများတယ်လို့ CDM တွေကို အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။ ဒါ့အပြင် ခုအချိန်မှာ တပ်ကပြေးသူများလာခြင်းဟာ စစ်ကောင်စီက အမျိုးသားမှတ်ပုံတင်ကတ်ကို စမတ်ကတ်ပုံစံပြောင်းဖို့ စီစဉ်နေတာကို သိရှိနေတာကြောင့် စမတ်ကတ်တွေထွက်မလာခင် ကြိုပြေးကြတာလို့ ပြောပါတယ်။
“သူက ဘာထုတ်လာလဲဆိုတော့ မှတ်ပုံတင်တွေကို ပြေးမရအောင် စမတ်ကတ်ပုံစံ တစ်နိုင်ငံလုံးကို လုပ်မှာပေါ့နော်။ အဲဒီမှာ တပ်ထဲတွေမှာ ပထမဆုံးစလုပ်မှာဆိုတော့ သိတဲ့သူတွေက ပြေးတော့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကတ်တွေထွက်လာရင် ဂိတ်တွေမှာ ပြေးလို့မလွတ်တော့ဘူး။ အရင်တုန်းကတောင် မှတ်ပုံတင်မှာ စစ်မှုထမ်းဆိုတာမျိုးပါရင် အရစ်ခံရသေးတာ၊ စမတ်ကတ်လုပ်တဲ့ အချိန်မှာ အကုန်ပြန်ဖြည့်ရမှာ”
တကယ်တမ်း အခြေအနေအရ စစ်ကောင်စီတပ်တွေဟာ အချိန်အခါမဟုတ် စစ်ဆင်ရေးတွေကို ပြုလုပ်နေတာဟာ လူအင်အား လက်နက်အင်အားအသာ၊ လေကြောင်းအကူတွေနဲ့ ဖြစ်ပေမယ့် စစ်ဆင်ရေးမှာ ပါဝင်သူတွေဟာ စိတ်ဓာတ်ပျက်ပြားနေကြတယ်လို့ CDM ဝင်ရောက်လာသူတွေက ပြောပါတယ်။ ချင်းပြည်နယ်က CDM ဝင်ရောက်လာသူ ဗိုလ်ကြီးတစ်ဦးဖြစ်တဲ့ အမည်ဝှက် ကပ္ပတိန် ဂလော့ အဆိုအရ နောက်တန်း စခန်းတွေမှာ အိမ်ထောင်သည်လိုင်းခန်းမှာနေသူတွေဟာ ခင်ပွန်းသည် ကင်းလှည့်ကျရင် မိသားတစ်စုလုံး ကင်းတဲအနီးမှာ သွားအိပ်ကြတယ်လို့ ပြောပါတယ်။
“စစ်သည်မိသားစုတွေပေါ့လေ လိုင်းခန်းမှာတော့ မအိပ်ရဲတော့ဘဲနဲ့ ကင်းစောင့်တဲ့ နေရာမှာ စောင်တွေပါ ယူလာပြီး လာအိပ်တာ ကျွန်တော်တို့ ဓာတ်ပုံမှတ်တမ်းတွေ တောင်ရှိတယ်။ ပြီးတော့ ဒါက လက်ရှိ ချင်းပြည်နယ်ထဲက တပ်တွေမှာဖြစ်နေတာပေါ့။ နောက်ပြီး နေ့ကင်း၊ ညကင်း စောင့်ရတာမှာ ကင်းကိုသူတို့က စိတ်မချတော့ဘူး။ တယောက်တည်း ပေးမစောင့်ဘူး။ လူက မရှိဘူး၊ လူမရှိရတဲ့ ကြားထဲမှာ ကင်းနှစ်ယောက်ချတယ်၊ သေနတ်ကတော့ တစ်လက်ပဲပေးထားတယ်၊ ဆိုလိုတာက ပြေးချင်လည်းပြေး၊ သေနတ်တစ်လက်ပဲပါမယ်ပေါ့”
ကပ္ပတိန်ဘလောက် ပြောပြတာပါ။ အခု CDM ဝင်လာသူတွေများလာတာနဲ့ ချင်းပြည်နယ်က တပ်တွေ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် အဆက်အသွယ်လုပ်လို့ မရပါဘူး။ အလားတူ စစ်ကောင်စီ ချင်းပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုလည်း အဆက်အသွယ်လုပ်လို့ မရပါဘူး။
အခုလို CDM ဝင် တဲ့ တပ်မတော်သားတွေ များလာတာက စစ်ကောင်စီရဲ့ အချိန်အခါမဟုတ် စစ်ဆင်ရေးတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေပြောတာကတော့
“နှစ်ချက်၊ သုံးချက်လောက်ရှိပါတယ် နံပါတ် ၁ ကတော့ စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ စစ်အာဏာရှင်နဲ့ ရပ်တည်မယ်ဆိုရင် သူတို့ဘဝတွေ အာမခံချက်မရှိနိုင်ဘူးဆိုတဲ့ ဆင်ခြင်သုံးသပ်မှုတွေ ရှိလာတယ်။ နံပါတ်၂ အချက်က ဘာလဲဆိုရင် သူတို့ရဲ့ တပ်အပေါ်မှာ ယုံကြည်မှုပေါ့ CDM ဝင်လာတဲ့ ဗိုလ်ကြီး တစ်ယောက်ပြောသလိုဆို ဒီလောက်ဖြုတ်ထုတ်သတ်တွေများနေတာ အယောက် ၆၀ ကျော်လောက် ဖြုတ်လိုက်၊ ပြီးရင် ဒီနေ့ပဲ ဗိုလ်ချုပ်ကြီး ရာထူးပေး နောက်တစ်ပတ်လောက်ကျ ပျောက်သွားလိုက် အဲလို နေ့မြင်ညပျောက်တွေ၊ အချင်းချင်း ဖြုတ်ထုတ်သတ်တွေလုပ်တယ်၊ တပ်ကလည်း ပြိုကွဲနေတဲ့ အခါကျ အဲဒီပေါ်မှာလည်း သူတို့ယုံကြည်မှုမရှိတော့တာပေါ့”
ဦးမောင်မောင်ဆွေ ပြောပြသွားတာပါ။