မုံရွာ၊ မန္တလေးနဲ့ ရန်ကုန်မှာ တစ်နေ့တည်း ဘယ်လိုဖြိုခွင်းခဲ့သလဲ

မနေ့က မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရသလို မန္တလေး မစိုးရိမ်တိုက်ဟောင်းနဲ့ ဝိသုဒ္ဓာရုံ ကျောင်းတိုက်တွေကို ရဲနဲ့စစ်တပ်က ညနေပိုင်းမှာ ဝင်ရောက်စီးနင်းပြီး လူငယ် ၂ဝ ကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်ဘူတာကြီးဘေးက လမ်းကျော်ဂုံးတံတားပေါ်မှာ စစ်ကောင်စီ ဆန့်ကျင်ရေး ပိုစတာတွေ သွားရောက် ချိတ်ဆွဲခဲ့တဲ့ လူငယ် ၅ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ရန်ကုန်ဘူတာကြီးဘေးက လမ်းကျော်ဂုံးတံတားပေါ်မှာ စစ်ကောင်စီ ဆန့်ကျင်ရေး ပိုစတာတွေ သွားရောက်ချိတ်ဆွဲခဲ့တဲ့ လူငယ် ၂ ဦး။ Photo: Citizen Journalist

မနေ့က မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရသလို မန္တလေးမစိုးရိမ်တိုက်ဟောင်းနဲ့ ဝိသုဒ္ဓာရုံ ကျောင်းတိုက်တွေကို ရဲနဲ့စစ်တပ်က ညနေပိုင်းမှာ ဝင်ရောက်စီးနင်းပြီး လူငယ် ၂ဝ ကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်ဘူတာကြီးဘေးက လမ်းကျော်ဂုံးတံတားပေါ်မှာ စစ်ကောင်စီ ဆန့်ကျင်ရေး ပိုစတာတွေ သွားရောက်ချိတ်ဆွဲခဲ့တဲ့ လူငယ် ၅ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုဖမ်းဆီးမယ့်သူတွေ ကားအနက်တစီးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်က သူ့ဆိုင်ကယ်ပေါ်မှာ အတူပါလာသူက ကိုထင်အောင် ဆိုသူဖြစ်ပါတယ်။ အဲဒီကားဟာ ရှေ့ကဦးဆောင်တဲ့ ဆိုင်ကယ်တွေကို ကျော်လာပြီးမှ သူတို့ဆိုင်ကယ်ကို တမင်ရွေးပြီးဝင်ရောက်တိုက်ခဲ့တာဖြစ်တယ်လို့ RFA ကို သူကပြောပါတယ်။

“ကျနော်က ကိုဝေမိုးနိုင်နဲ့ အတူစီးပါတယ်။ ကျနော်တို့ရှေ့မှာ ဆိုင်ကယ် ၄ စီးလောက်ရှိတယ်။ အဲဒီရှေ့ကဆိုင်ကယ်တွေကို ကျော်လာပြီးမှ အဲဒီကားက ကျနော်တို့ဆိုင်ကယ်ကို ဘေးတစောင်းကနေ ဝင်တိုက်လိုက်တယ်။ ကျနော်နဲ့ ကိုဝေမိုးနိုင် တို့က ဆိုင်ကယ်ပေါ်ကနေ ဘေးချင်းယှဉ်လျှက် မြေပြင်ပေါ်မှောက်ရက် ကျသွားတယ်။ ကိုဝေမိုးနိုင်က ထပြေးတယ်။ ကျနော်က သူ့ဖုန်းကိုကောက်ဖို့လိုက်ရှာတဲ့ အချိန်မှာ ကားပေါ်ကလူ ၅ ယောက် ၆ ယောက်လောက်ဆင်းလာတယ်။ သေနတ်တွေကိုယ်စီနဲ့။ ပစ္စတိုတွေမဟုတ်ဖူး။ ရိုင်ဖယ်လည်း မဟုတ်ဘူး။ တဝက်လောက်ရှိမယ့်ဟာမျိုး၊ လည်ပင်းမှာ ဆွဲတာမျိုး၊ ဆင်းလာသူတွေထဲက ၂ ယောက်လောက်က ကျနော်တို့ဘက်ကို လှမ်းချိန်တယ်။ ပစ်တော့မယ့် ပုံစံမျိုး။ အဲဒီမှာ ကျနော်လည်းနောက်လှည့်အပြေးမှာပဲ ကြည့်လိုက်တော့ ကိုဝေမိုးနိုင် ပစ်လဲသွားတာမြင်ရတယ်။ သူ့ဖာသူ ခြေချော်လဲတာလား၊ အရိုက်ခံရလိုက်လို့ လဲတာလား မမြင်လိုက်ရဘူး။ အဲဒီ အချိန်မှာ သူ့ကို ဝိုင်းရိုက်နေသူတွေက သပ်သပ်တဖွဲ့ရှိတယ်။ ဒီဘက်မှာ အသင့်အနေအထားနဲ့ တက်လာရင်ပစ်မယ်ဆိုတဲ့ အနေအထားနဲ့ ကျနော်ဘက်ကို လှမ်းချိန်ထားသူတွေက သပ်သပ်တဖွဲ့ရှိတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်တဦး ဆုံးရှုံးလိုက်ရတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ လှေခွက်ချည်းကျန် အလှံမလဲဘူး။ တဗိုလ်ကျရင် တဗိုလ်တက်မှာပဲ။ ကျနော်တို့ ဒီလမ်းကို ဆက်လျှောက်မယ်။ တိုက်ပွဲကို နိုင်တဲ့အထိတိုက်မယ်။”

ကိုဝေမိုးနိုင်ရဲ့လက်ရှိအခြေအနေကို မသိရသေးပါဘူး။ ဒီအတောအတွင်း မနေ့က ည ၈ နာရီလောက်မှာ မန္တလေး မစိုးရိမ်တိုက်ဟောင်းနဲ့ မျက်နှာခြင်းဆိုင်က ဝိသုဒ္ဓာရုံကျောင်းတိုက်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၁ဝဝ ခန့်က ကား ၁၂ စီးခန့်နဲ့ ဝင်ရောက်စီးနင်းပြီး ကျောင်းတိုက်တွေမှာ တွေ့ရတဲ့ လူငယ် ၂ဝ ကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဝိသုဒ္ဓာရုံကျောင်းတိုက်ရှိ ဆရာတော်တပါးက လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့သလို သူတို့ သံဃာတွေကိုလည်း ထပ်မံလာရောက် ဖမ်းဆီးမယ်လို့ စစ်သားတွေက ဆဲဆိုကြိမ်းမောင်းသွားခဲ့တယ်လို့ မိန့်ကြားပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို သူတို့က ဟိုဘက်ကနေ ကားနဲ့ထိုးဆင်းမောင်းပြီးတော့ တချို့လူငယ်တွေက ရပ်ကွက်ထဲ မပြေးဘဲ ဦးဇင်းတို့ကျောင်းထဲကို ဝင်ပြေးလာကြတာ။ သူတို့က နောက်က ဆဲဆိုပြီး ဒလဟော ထိုးလိုက်လာတာ။ တိုက်ထဲကို ၂ဝ လောက်တော့ အနည်းဆုံးပါလိမ့်မယ်။ တိုက်နောက်ကို ရဲ နဲ့ စစ်တပ်က အကုန်ဝိုင်းထားတာ။ အကုန်လုံးကို ထိုးနှက်ရိုက်၊ ဆရာတော်တို့က ဝင်တားတယ် လုံးဝမရဘူး။ ဦးဇင်းတို့ကို ဆဲဆိုတယ်။ သူတို့နောက်ဆုံး ဘာပြောလဲဆိုတော့ မင်းတို့ သံံဗုဒ္ဓေ များများသာရွတ်ထား။ မင်းတို့ သံဗုဒ္ဓေကလဲ မင်းတို့ကို ကယ်နိုင်မှာမဟုတ်ဘူး အဲလိုပြောတာ။ ဦးဇင်းတို့ကျောင်းက ၁၂ ကျောင်းရှိတယ် တံခါးတွေအကုန် ရိုက်ဖွင့်။ အမှန် ပရိတ်ပဌာန်းရွတ်နေတဲ့ ဦးဇင်းတို့ သူငယ်ချင်းတွေရှိတယ် အကုန် ကားပေါ်တက်ဆိုပြီး ဆွဲတင်တာ။ သင်္ဃန်းဆိုလဲ အကုန်ဆွဲချွတ် ကိုယ့်ကိုယ်ကို ဘာထင်နေကြလဲပေါ့နော် ။ သူတို့ ကားပေါ်ကို ၂ ပါး ၃ ပါး သံဃာတွေကို ဆွဲတင်တာကို ဦးဇင်းတို့က ပြန်ဆွဲလိုက်နိုင်တယ်။ ပြောရမှာတော့ ရင်နာတယ် သူတို့က အမျိုးဘာသာ သာသနာဆိုတော့ ရင်ထုမနာဖြစ်ရတာ အဲဒါပါပဲ။”

တပြိုင်နက်မှာပဲ မျက်နှာခြင်းဆိုင်ရှိ မစိုးရိမ်တိုက်ဟောင်းကိုလည်း ရဲနဲ့ စစ်သားတွေက ဝင်ရောက်ပြီး ကပ္ပိယ ဘုန်းကြီးကျောင်းသား ၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မစိုးရိမ်တိုက်ဟောင်းရှိ ဆရာတော်တပါးက မိန့်ပါတယ်။

“ဝင်လာပြီး ကျောင်းသားတွေကို လိုက်ရှာတာပေါ့။ ကျောင်းထဲကို ဖိနပ်တွေ နဲ့ ဝင်တယ်။ ကျောင်းထဲမှာ ရှိတဲ့ တိုင်းသံဃာ့မဟာ နာယက ရုံးကိုလဲ ဖွင့်တယ်။ ဒီကျောင်းမှာ ဦးဇင်းတို့က ကျောင်းဆောင် ၁ဝ ဆောင်ရှိတယ်လေ။ တကျောင်းပြီး တကျောင်း ပတ်ရှာတာ။ ကျောင်းဆောင်ပေါ်တွေရော ကျောင်းဝင်းအတွင်းရော ကျောင်းအပေါ်ထပ်ရော ဖိနပ်တွေနဲ့တက်၊ စစ်သားတွေ ရဲတွေက ကလေးအရွယ်တွေပါပဲ။ တချို့က အရက်သောက်ထားတယ်။ သူတို့ ဘာမှမသိဘူး။ ဒီကျောင်းမှာ သံဃာ ၃ ပါးပဲရှိတယ်ဆို၊ အခု သံဃာတွေ ဘာကြောင့်များတာလဲတဲ့။ ဒါမစိုးရိမ်ကျောင်းတိုက် စာသင်တိုက်ကြီး သံဃာရာကျော်ရှိတာ မင်းတို့ဒီလောက်မှ မသိဘူးလားဆိုတော့ ဟာ သူတို့ မသိဘူးတဲ့။”

ဒီအတောအတွင်းမှာပဲ ရန်ကုန်မြို့ဘူတာကြီးဘေး ဗိုလ်ချုပ်အောင်ဆန်းလမ်းဂုံးကျော်တံတားမှာ ပိုစတာတွေ တက်ရောက်ချိတ်ဆွဲခဲ့တဲ့ လူငယ် ၄ ဦး နဲ့ သူတို့စီးလာတဲ့ အငှားကားကို ရဲတွေက မုံရွာမြို့မှာဖြစ်ပျက်ခဲ့သလိုပဲ ကားနက်တစီးနဲ့ ဝင်တိုက်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ခေါင်းဆောင်တဦးက-

“ကလေးတွေ နဲ့ ကျနော်တို့က ဘူတာကြီးရှေ့က ဂုံးကျော် တံတားပေါ်မှာ စာသား ၂ ခု ချိတ်ဖို့ သွားကြတယ်။ ပထမ စာသားက “United We Stand, Divided We Fall” တခုရယ် “There can’t be no Tyrant, where there is no Slave” ဆိုတဲ့ စာသားရယ်။ ကျနော်တို့ ချိတ်ပြီးကာစပဲ ရှိသေးတယ်။ ကျနော်တို့ ၂ ဖွဲ့ခွဲပြီး ပြန်တာ။ ကျောင်းသားလေးတွေက Honda Fit တက္ကစီတစီး နဲ့ ဗိုလ်အောင်ကျော်ဘက်ကို ထွက်တာ။ အဲဒီအချိန်မှာ ရဲတွေက နောက်ကလိုက်လာပြီး အဲဒီ Honda Fit ကို သူတို့ကားအမဲတစီး နဲ့ ဝင်တိုက်ပြီးတော့ ကလေးတွေကို ဖမ်းသွားတာပေါ့နော်။ ၅ ယောက်လုံးကို ဖမ်းသွားတာ။ လောလောဆယ် အဆက်အသွယ်မရဘူး။ ကလေးတွေကို ထိုးကြိတ်ပြီး ဖမ်းသွားတယ်လို့ အဲဒီနားက မျက်မြင်သက်သေတွေက ပြောတယ်။ ဆဲပြီးတော့။ ကလေးတွေကလည်း ကျနော်တို့က လူငယ်တွေပါ ကျနော်တို့မှာ ဒီလိုမျိုး လွတ်လပ်ခွင့်ရှိတယ်လို့ ပြန်အော်တယ်လို့ အဲဒီနားက မျက်မြင် သက်သေတွေက ပြန်ပြောတယ်။”

ဖမ်းဆီးခံရသူတွေကတေ့ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်းရှိကြတဲ့ ကိုဖြိုး၊ ကိုထက်ကိုကိုအောင်၊ ကိုရဲကျော်အောင်၊ ကိုအောင်ပြည့်စုံ နဲ့ ကိုလမင်းခန့်တို့ဖြစ်ပါတယ်။ ကိုထက်ကိုကိုအောင် ရဲ့ အစ်မ မဖြူဖြူကို RFA က ဆက်သွယ်ခဲ့ရာမှာ -

“ကျမမောင်လေးက နေ့တိုင်းသွားတာပါ။ ဒီနေ့ ကတော့ မနက် ၉ နာရီလောက်ကထွက်သွားပြီး နောက်ပိုင်း အဆက်အသွယ်မရတော့ဘူး။ ည ရောက်တော့မှ သိရတယ် သူပါသွားတာ။ ခုချိန်အထိ သက်ဆိုင်ရာတွေက ဘာမှအကြောင်းကြားတာ မရှိတော့ ကျမတို့ အရမ်းစိတ်ပူနေပါတယ်။”

အခုလို ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org