စစ်ကောင်စီကို ဆန့်ကျင်ရေးသားလို့ အဖမ်းခံရသူ လေးလအတွင်း ၂၀၀ ကျော်ရှိ

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အရေးအသား အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ထောက်ခံတဲ့ အရေးအသားတွေ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ရေးသားဖြန့်ဝေလို့ဆိုပြီး ဖမ်းဆီးအရေးယူခံရသူ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ မေလ ၅ ရက် ဒီနေ့အထိ ၂၂၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဖေ့စ်ဘွတ်အသုံးပြုနေသူတစ်ဦးကို တွေ့ရစဥ်

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အရေးအသားအပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) တွေကို ထောက်ခံတဲ့ အရေးအသားတွေ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ရေးသားဖြန့်ဝေလို့ဆိုပြီး ဖမ်းဆီးအရေးယူခံရသူ ဇန်နဝါရီလ ၂၇ ရက် နေ့ကနေ မေလ ၅ ရက် ဒီနေ့အထိ ၂၂၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

NUG၊ CRPH အပါအဝင် သူတို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့လုပ်ရပ် တွေကို ထောက်ခံတာ မသိလို့ဖြစ်စေ၊ သိသိနဲ့ဖြစ်စေ အားပေးလှုံ့ဆော်တာတွေလုပ်ရင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူခံရမယ့်အပြင် နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းမယ်ဆိုပြီး စစ်ကောင်စီက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ တာပါ။

အဲဒီနောက်ပိုင်း ဇန်နဝါရီ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေကို စောင့်ကြည့်ဖမ်းဆီးခဲ့ တာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ Page ပေါင်း ၂၂၄ ခုကနေ လှုံ့ဆော်ရေးသားတာတွေ လုပ်ခဲ့လို့ အရေးယူရတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အခုလို အဖမ်းခံရတဲ့သူတွေထဲက လူသိများသူတစ်ယောက်ဖြစ်တဲ့ ဟာသသရုပ်ဆောင် ဦးကောင်းကျော်ကို လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်လို့ဆိုပြီး ရန်ကုန်မြို့ သာကေ တမြို့နယ်က သူ့နေအိမ်မှာ ဧပြီလ ၁၉ ရက်နေ့မှာ ဖမ်းသွားပါတယ်။

နီးစပ်သူတစ်ဦးကတော့ သူဟာ ဖေ့စ်ဘွတ်ခ်ကနေ စာရေးတင်တာကလွဲလို့ ကျန်တဲ့ ပြစ်မှုကြီးကြီးမားမား ကျူးလွန်တာမျိုး မရှိတာကြောင့် ပြန်လည်လွတ်မြောက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ဦးကောင်းကျော်ကတော့ အဲဒီလိုမျိုး ဖေ့စ်ဘွတ်ခ်တင်တာပဲရှိပါတယ်။ စာလေးတွေ ဘာတွေပေါ့နော်။ ကျန်တာတော့ စွပ်စွဲသလိုမျိုးတော့ မဟုတ်ပါဘူး။ ကျမအတွေးကို ပြောရင်တော့ တရားကို နတ်စောင့်တယ်ပေါ့နော်။ အဲဒီလိုပဲ တွေးထားပါတယ်။ သူဘာ မှ မလုပ်ဘူး။ အဲဒီလိုမျိုး လိုင်းပေါ်လေး တင်တာလောက်တော့ရှိတာပေါ့”

ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်ကို ရေးသားရုံနဲ့ ဖမ်းဆီးခံရတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ က ဒေသခံတချို့နဲ့ ဆွေမျိုးနီးစပ်တော်စပ်သူ ကိုကေဂျေကတော့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ရေးသားရုံနဲ့ ဒီလိုမျိုး ဖမ်းဆီးထောင်ချနေတာတွေဟာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“အွန်လိုင်းပေါ်မှာ လှုပ်ရှားလို့၊ NUG ပရိုဖိုင်ချိန်းလို့၊ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ သတင်းတွေကို Share လို့၊ Post တင်လို့ဆိုပြီးဖမ်းတယ်။ ဒါပေမဲ့ သူတို့ စခန်းရောက် သွားတဲ့အချိန်၊ စစ်ကြောရေး ရောက်သွားတဲ့အချိန် စစ်ကြောရေးမှာ စစ်ဆေးမေးမြန်း တယ်။ မေးမြန်းပြီး တရားရုံးတက်သွားတဲ့ အချိန်ကျတော့ အကြမ်းဖက်ပုဒ်မတွေပါ တွဲဖက်ပြီးတော့ ပါဝင်လာတာတွေလည်းရှိတယ်။ အွန်လိုင်းပေါ်မှာ ရေးသား လှုံ့ဆော် ရုံလောက်နဲ့ ဒီလို ဖမ်းဆီးတယ်ဆိုတာကတော့ ဒီလိုကိစ္စမျိုး၊ ဒီလိုဖမ်းဆီးမှုမျိုးကို ပြည်သူတစ်ယောက်အနေနဲ့ကတော့ လုံးဝကို ကန့်ကွက်တယ်၊ ရှုတ်ချတယ်။ ဒီလုပ်ရပ် မျိုးက လုံးဝကို မဖြစ်သင့်ဘူး”

စစ်ကောင်စီကတော့ အွန်လိုင်းပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်မှုတွေကို ထပ်ဆင့်မျှဝေတာ၊ အားပေးကူညီ တာတွေလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇ သတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) တို့အပါအဝင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ NUG ၊ CRPH တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်တာ၊ အားပေးတာတွေလုပ်ရင် အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းတာဖြစ်လို့ အခုလို အရေးယူရတာလို့ ပြောပါတယ်။

“NUG CRPH အဖွဲ့တွေ၊ ဒါမြန်မာနိုင်ငံမှာလည်း PDF အဖွဲ့တွေ လက်တွေ့ အကြမ်း ဖက်လုပ်ရပ်တွေလုပ်နေတာ ကျနော်တို့တွေ့ရမှာပဲဖြစ်တယ်။ သူတို့နဲ့ ပတ်သက်တဲ့ ဟာတွေကို အကြမ်းဖက်ဥပဒေအရ ကျနော်တို့ အရင်တုန်းကလည်း ပြောခဲ့တယ်။ အားပေးအားမြှောက်လုပ်တဲ့သူတွေ ပြီးရင် လှုံ့ဆော်ပေးတဲ့သူတွေ သူတို့နဲ့ ပတ်သက်ပြီး ငွေရေးကြေးရေး ထောက်ပံ့နေတဲ့သူတွေဟာ အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းတာဖြစ်တယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က အကြမ်းဖက်ဥပဒေအရ ငြိစွန်းတဲ့ဟာတွေရှိရင် ကျနော် တို့က ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ တရားဥပဒေအရ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”

အခုအရေးယူခဲ့တဲ့သူတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ ပခုက္ကူ၊ ဘားအံ၊ ကော့သောင်းအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားက ထင်ပေါ်ကျော်ကြား သူတွေ၊ နိုင်ငံရေးသမားတွေ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆရာဝန်တွေ၊ သာမန်ပြည်သူတွေ စတဲ့ အလွှာပေါင်းစုံကဖြစ်ပြီး အသက် ၁၇ နှစ်ကနေ အသက် ၆၄ နှစ်ထိ အရွယ်တွေ ပါဝင်ပါတယ်။

"လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းရရှိခွင့်ကို ပြင်းထန်စွာ ချိုးဖောက်တဲ့ အနေအထားမျိုးဖြစ်နေပါပြီ”

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ၂၂၉ ဦးထဲမှာ ဖမ်းဆီးပြီး ပြန်လွှတ်တာတွေလည်း ပါဝင်သလို တချို့ကလည်း ဖမ်းမမိဘဲ တိမ်းရှောင်နေတာတွေ ရှိပါတယ်။

လှုမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုတာတွေကို နည်းပညာအရ ခြေရာခံလို့ရတာကြောင့် ဘယ်လို အခြေအနေမျိုးမှာမဆို လုံခြုံမှုမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က IT နည်းပညာရှင်တစ်ဦးက ပြောပါတယ်။

“ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘယ်သူမှ မယုံသင့်ဘူး။ ဖြစ်နိုင်ရင် Chat တွေ ဘာတွေဆိုရင် ဘယ်လောက်ပဲ Secret Chat တွေ ဘာတွေသုံးသုံး စကရင်ရှော့ ရိုက်ပြီးတော့ မှတ်ထားလို့ရတာပဲ။ အဲတော့ လုံခြုံရေး ပိုင်းဆိုင်ရာပေါ့နော်။ ကျန်တာကတော့ ကိုယ်မသုံးမှပဲရမယ်။ ဆိုရှယ်မီဒီယာဆိုတဲ့ သဘောက Digital Footprint ပေါ့နော် Digital Footprint ကတော့ Public ဖွင့်ပြီး ဖေ့စ်ဘွတ်ခ် ပိုစ့်တွေတင်ထားမယ်။ တွစ်တာ တွစ်ထားမယ်ဆိုရင် Google မှာ ကိုယ်ရေးခဲ့တဲ့ စာတစ်ကြောင်းရဲ့ အထဲက ကွန်းတန့် တစ်ခုကို Google မှာထည့်လိုက်တာနဲ့ တန်းပေါ်တယ်။ ဒါကတော့ ဘာမှလုပ်မရဘူး။ ပုံမှန်နိုင်ငံသားတွေအနေနဲ့ကတော့ မစိုးရိမ်နဲ့၊ အမှန်အတိုင်း ပြောရရင် ဘာမှ ဒီလောက်ကြီး ဖြစ်စရာမလိုဘူး။ လုံခြုံမှုဘာညာဆိုတာ နဂို ကတည်းကကို မလုံခြုံတာ အဲဒီတော့ ဂရုကို စိုက်မနေနဲ့တော့”

ဒါပေမဲ့ ဆိုရှယ်မီဒီယာတွေပေါ်က ကိုယ့်လုပ်ရပ်တွေကို အာဏာပိုင်အဖွဲ့အစည်းတွေက မသိစေချင်တဲ့ သူဆိုရင်တော့ နည်းပညာသမားတွေနဲ့တိုင်ပင်ပြီး ကိုယ့်ရဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စတဲ့အကောင့်တွေကို လုံခြုံရေးမြှင့်တင်ထားတာမျိုး လုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။

အဖမ်းခံရသည့် ဟာသသရုပ်ဆောင် ဦးကောင်းကျော်ကို တွေ့ရစဥ်

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ ပြည်သူ လူထုရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်း ရရှိခွင့်ကို ပြင်းထန် စွာ ချိုးဖောက်နေတာလို့ ပြောပါတယ်။

“ကိုယ့်ရဲ့ ယုံကြည်ထောက်ခံမှုတွေကို ဆိုရှယ်မီဒီယာမှာရေးလို့ နှစ်ရှည်လများ ဖမ်းဆီးမယ်၊ အပြစ်ပေးမယ် ဆိုတာလည်း သူတို့ခြိမ်းခြောက်တဲ့ သဘောပဲ။ အရင်လို သတင်းစာတွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ ထုတ်ပြန်လို့မရတဲ့အခါမှာ ပြည်သူလူထုက ဆိုရှယ်မီဒီယာကို အားကိုးပြီးတော့ သတင်းတွေကို ရေးသားတာ၊ ကိုယ့်ရဲ့အယူအဆ၊ အချက်အလက်တွေကိုပေးပို့တာ ဒါတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ အဲဒီတော့ သတင်းမီဒီယာကို ဖိနှိပ်ရုံတင်မကဘဲ ဆိုရှယ်မီဒီယာမှာရေးသားမှုအထိ အပြစ်ပေး အရေးယူတယ်ဆိုတာတော့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းရရှိခွင့်ကို ပြင်းထန်စွာ ချိုးဖောက်တဲ့ အနေအထားမျိုးဖြစ်နေပါပြီ”

စစ်ကောင်စီဟာ အခုလိုဖမ်းဆီးအရေးယူမှုတွေ လုပ်နေတဲ့အပြင် တစ်ဖက်မှာလည်း အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) နည်းပညာကို ခွင့်ပြုချက် မရှိဘဲသုံးရင် ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မပါဝင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ရေးဆွဲပြင်ဆင်နေပါတယ်။

အခုလိုအခြေအနေတွေဟာ နိုင်ငံသားတစ်ဦး ရသင့်ရထိုင်တဲ့ ပုဂ္ဂလိက လွပ်လပ်ခွင့်၊ လုံခြုံခွင့် အခွင့်အရေးတွေ ဆုံးရှုံးပြီး ဥပဒေရဲ့ အကာကွယ်တွေလုံးဝမရှိတော့တဲ့ အနေအထားကို ရောက်နေပြီလို့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

“နိုင်ငံသားတစ်ဦး ရသင့်ရထိုက်တဲ့ ပုဂ္ဂလိက လွပ်လပ်ခွင့် လုံခြုံခွင့်အခွင့်ရေး တွေလည်းပဲ တကယ်ကို ဆုံးရှုံးပြီးတော့မှ စိုးရိမ်သောက ကြီးစွာရောက်နေရတဲ့ အနေအထားလို့ ဒီလိုမျိုးမြင်ပါတယ်။ ဥပဒေရဲ့ အကာအကွယ်ကို ရသလားလို့ဆိုရင် သုညရာခိုင်နှုန်းပေါ့ဗျာ လုံးဝမရဘူးလို့ပဲ ကျနော်တို့ပြောရတော့မယ်။ နိုင်ငံသူ နိုင်ငံသားအများစုမှာ ဥပဒေရဲ့ ကာကွယ်ထိန်းချုပ်မှု၊ ဥပဒေရဲ့ စောင့်ရှောက်မှု လုံးဝ ကင်းမဲ့နေတဲ့အနေအထားဖြစ်တဲ့အတွက် ကျနော်တို့ ဥပဒေသမားအနေနဲ့ တော်တော် လေးကို စိုးရိမ် သောကလည်း ဖြစ်မိတယ်။ စိတ်မကောင်းလည်းဖြစ်မိတယ်”

မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ အခုလို ခြိမ်းခြောက်အရေးယူမှုတွေ ဖမ်းဆီးမှုတွေ ကြားကပဲ လူမှုကွန်ရက် စာမျက်နှာတွေကနေတစ်ဆင့် စစ်ကောင်စီကိုဆန့်ကျင်ကြောင်း ရေးသားနေကြသလို NUG နဲ့ PDF တွေထံ ကူညီထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင် နေကြတယ်လို့ RFA နဲ့ စကား ပြောခဲ့တဲ့ ပြည်သူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org