တိုက်ပွဲပြင်းထန်နေတဲ့ ပအိုဝ်းဒေသမှာ အရပ်သား သုံးဆယ်ကျော်သေဆုံးခဲ့ကြောင်း PYO အဖွဲ့ပြော

ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာ တစ်လတာ တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေး ငါးဦး အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ငါးဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးက ပြောပါတယ်။

လက်နက်ကြီးထိမှန် ပျက်စီခဲ့သည့် နေအိမ်အဆောက်အအုံများအား PNLA မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ထားစဥ်။ PNLA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာ ဇန်နဝါရီ ၂၂ ရက်ကစတဲ့ တစ်လတာ တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေး ငါးဦး အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး ငါးဆယ်ခန့် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးက ပြောပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) အပါအဝင် ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် အပါအဝင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာပါ။

“သေဆုံးခဲ့ရသူ အများစုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်ဖြစ်ပါတယ်”

သေဆုံးသူတွေထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီးလေးဦးနဲ့ ကျား၊ မ အတည်ပြုလို့ မရသေးသူတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့ရသူ အများစုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်ဖြစ်တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) တာဝန်ရှိသူ နန်းက RFA ကို ပြောပါတယ်။

“လက်နက်ကြီး ပစ်ခတ်တဲ့အပေါ်မှာ သေဆုံးတာ တွေ့ရတယ်။ နောက်ပြီး လေကြောင်းနဲ့ ဗုံးကြဲတာပါတယ်။ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ဆိုရင် ဒရုန်းနဲ့ ဗုံးကြဲ ပစ်ခတ်မှုလည်း ပါဝင်လာတယ်ပေါ့နော်။ ဆီဆိုင်မြို့နယ်မှာရှိတဲ့ ထီးတမ်းတို့ ထမ်မံတို့ကျေးရွာမှာဆိုရင် စစ်ပွဲတိုက်ပွဲတော့ မဖြစ်ဘူးပေါ့နော်။ အဲဒီလိုမျိုး စစ်ကောင်စီက ဦးတည်ရာမရှိဘဲ ရုတ်တရက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်နေတာကို အထူးသဖြင့် ကျွန်မတို့ သွားတွေ့ရတယ်ပေါ့”

ဒဏ်ရာရသူ ၄၈ ဦးထဲမှာတော့ ကလေးငယ် တစ်ဦး၊ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၃ ဦးနဲ့ အတည်ပြုလို့ မရသေးသူ ကိုးဦးရှိတယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီ ၂၂ ရက်မှာပဲ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးဒုက္ခသည် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မှာတော့ လက်နက်ကြီးကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တဲ့ အမျိုးသား တစ်ဦးလည်း စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးချိန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း ဟိုပုံးမြို့နယ် ပဆျားကလိုရွာမှာ ဒရုန်းနဲ့ ဗုံးကြဲခံရတာကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ ဆီဆိုင်မြို့နယ်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထမ်းယံရွာက ခြောက်လအရွယ် ကလေးငယ် တစ်ဦးနဲ့ ထီးတမ်းရွာက အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာလည်း ဆီဆိုင်မြို့နယ်က နေရပ်ပြန်ပြီး စားစရာယူတဲ့ ဒေသခံတွေရဲ့ ယာဉ်တန်းကို ဝါတောရွာနားမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ခုနစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

ရိက္ခာပြတ်လို့ပြန်ယူရင်း သေဆုံးတာရှိသလို စစ်ဘေးရှောင်ရင်း သေဆုံးရသူတွေလည်းရှိတယ်လို့ ဆီဆိုင်မြို့ခံ စစ်ဘေးဒုက္ခသည် အမျိုးသား တစ်ဦးက RFA ကိုပြောပါတယ်။

“နေ့လုပ်နေ့စားသမားတွေ အဲဒီလူတွေက စားနပ်ရိက္ခာမရှိဘူး၊ ပြတ်နေကြပြီ။ စားစရာမရှိလို့ ပစ္စည်းပြန်သယ်ပြီးတော့ ပြန်ရောင်းမှာပေါ့လေ။ သွားသယ်တာပေါ့။ သွားသယ်တော့ အဲဒီလိုပြဿနာဖြစ်တော့ ဒါကတော့ သူတို့အတွက် စိတ်မကောင်းစရာ ဖြစ်တာပေါ့။ ဒဏ်ရာရတာမဟုတ်ဘဲနဲ့ နာတာရှည်ရောဂါဖြစ်ပြီး တောထဲမှာ သေတဲ့လူတွေလည်း အများကြီးရှိတယ်”

ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ ကားတွေကို လက်နက်သယ်တယ်ဆိုပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) စစ်ဆေးရာကနေ တိုက်ပွဲစဖြစ်ခဲ့တာပါ။

ဇန်နဝါရီ ၂၂ ရက်မှာတော့ (PNLA) တပ်ဖွဲ့က ဆီဆိုင်မြို့ကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတာကြောင့် နေစဉ်လိုလို တိုက်ပွဲဖြစ်နေတာပါ။

အရပ်သားတွေအနေနဲ့ လုံခြုံမှုမရှိတဲ့အခြေအနေမှာ နေရပ်မပြန်ကြဖို့ PNLA ပြောခွင့်ရသူက RFA ကိုပြောပါတယ်။

“ဆီဆိုင်မြို့ကတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်က ထိုးစစ်ဆင်ဖို့ ကြိုးစာနေတော့ နေ့စဉ်လိုလို ထိတွေ့မှုတွေ ရှိပါတယ်။ တချို့ သတင်းအမှားတွေကို ကြည့်ပြီးတော့ သတင်းအမှားတွေကို ယုံကြည်ပြီးတော့ ဒီလိုလုံခြုံမှု မရှိတဲ့အချိန် ပြန်လာတဲ့အခါကျတော့ စစ်ကောင်စီက လူထုတွေကို ပစ်မှတ်ထားပြီးတော့ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိစေချင်လို့ပါ”

တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိတဲ့အပေါ် ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြောခွင့်ရသူ ခွန်ထွန်းရွှေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပအိုဝ်းဒေသဟာ အရင်ကတိုက်ပွဲမရှိဘဲ အေးချမ်းတဲ့နေရာဖြစ်ပြီး PNLA ဘက်က NCA ပါအချက်တွေကို မလိုက်နာတာကြောင့် အခုလို တိုက်ပွဲတွေ ဖြစ်နေတာလို့ PNO ပြောခွင့်ရသူက RFA ကို ပြောထားပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဆီဆိုင်မြို့ခံအချို့အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)

ဆီဆိုင်မြို့နယ်မှာ မြို့ပေါ် ရပ်ကွက် ခြောက်ခုနဲ့ ကျေးရွာအုပ်စု ၁၃ စု၊ လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်ပြီး အခြားဒေသကနေ လာရောက်နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်ကလည်း သုံးသောင်းလောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲကြောင့် ဆီဆိုင် မြို့ပေါ်ရပ်ကွက် ခြောက်ခုနဲ့ ကျေးရွာအုပ်စု ၁၃ စုမှာရှိတဲ့ ရွာပေါင်း (၁၀၁) ရွာက လူဦးရေ တစ်သိန်းနီးပါးဟာ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေ၊ အောင်ပန်း စတဲ့မြို့တွေနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံနေကြရတာပါ။

တိုက်ပွဲစဖြစ်ချိန် ထွက်ပြေးသူတွေကို ရွာတွေမှာ နေရာထိုင်ခင်းတွေ စီစဉ်ပေးလို့ အဆင်ပြေပေမယ့် နောက်ပိုင်း ထွက်ပြေးရသူတွေကတော့ နေရာထိုင်ခင်း မရှိတာကြောင့် လယ်ကွင်းနဲ့ တောတောင်တွေထဲမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နောက်ထပ်ပြေးတဲ့ လူတွေကျတော့ နေရာလည်း အခက်အခဲဖြစ်သွားပြီးနောက် ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေလည်း ပါတဲ့လူတွေဆို ပိုပြီးဒုက္ခရောက်တာပေါ့။ ကျွန်တော်တို့ဆီမှာလည်း ဆေးရုံ၊ ဆေးခန်းတွေကလည်း ပိတ်ပြီးသွားလိုက်တာဆိုတော့ ဆေးဝါး အခက်အခဲကအစ အများကြီးပါပဲဗျာ”

ဆီဆိုင်မြို့နယ်အတွင်းမှာ ဒီနေ့ မနက်အထိ တိုက်ပွဲဆက်ဖြစ်နေသလို ဟိုပုံးနဲ့ လွိုင်မြို့နယ်ကြားက မိုင်းပွန်မြို့နယ် ပွန်းချောင်းဒေသအထိ တိုက်ပွဲ ကျယ်ပြန့်လာတာကြောင့် အဲဒီက ဒေသခံအချို့ပါ ထွက်ပြေးနေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်တွေဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ် လမ်းကြောင်းပေါ်က အရေးပါတဲ့မြို့တွေ ဖြစ်ပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေဟာ ဆီဆိုင်မြို့ကို ခြေကုပ်ယူပြီး ရှမ်းပြည်တောင်ပိုင်း ဟိုပုံးကနေ တောင်ကြီးအထိ ထိုးစစ်ဆင်နိုင်သလို စစ်ကောင်စီတပ်ကလည်း ဆီဆိုင်မြို့ကို ပြန်လည်ရရှိရေး တိုက်ခိုက်နိုင်တာကြောင့် ပအိုဝ်းဒေသမှာ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org