မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်း
ဒေါက်တာတေဇာစန်းဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပထမဆုံး လမ်းမပေါ်ထွက် ဦးဆောင်ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ စစ်ကောင်စီက သူ့ကိုမရမက လိုက်ဖမ်းနေပေမယ့်လည်း ဒေါက်တာတေဇာစန်းဟာ ဒီကနေ့ထိ နေ့ရောညပါ ဦးဆောင်ဆန္ဒပြနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ခံယူချက် သူ့ရဲ့ စိတ်ဓာတ်တွေနဲ့ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို တင်ပြထားပါတယ်။
-
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021-04-23 -
-
-
စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြားကပဲ မန္တလေးမြို့မှာ နေ့ရော ညပါ လမ်းမပေါ်ထွက် ဦးဆောင် ဆန္ဒပြနေတဲ့ နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင် ကိုတေဇာစန်း။
တိုင်းပြည် မငြိမ်မသက်အောင် လုပ်တဲ့သူလို့ စွပ်စွဲခံထားပြီး အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးရမိနိုင်ရေး ငွေကျပ် သိန်းတစ်ရာထိ ဆုကြေးငွေ ထုတ်ခံထားရသူပါ။
"တတ်နိုင်သမျှ အဖမ်းမခံရအောင် ကြိုးစားပြီး ဆောင်ရွက်နေတာပေါ့ဗျာ။ သေချာတာက ဒီအရေးတော်ပုံကြီးက ရပ်တန့်လို့ မရတဲ့ နောက်ဆုတ်လို့ မရတဲ့အတွက် ကျနော်တို့ကတော့ အစွမ်းကုန် ဆက်လက်ပြီးတော့ ဆောင်ရွက်နေမှာပဲ ဖြစ်တယ်"
သူ့ကို အရိုးလို့ လူအများက ချစ်စနိုးနာမည်ပေးထားကြပါတယ်။
စတစ်ကော်လံ အင်္ကျီအဖြူ ကချင်ပုဆိုးနဲ့ ရှေ့ဆုံးကနေ အော်လံတစ်ခုကိုင် ဆန္ဒပြကြွေးကြော်သံတွေ တိုင်ပေးနေတဲ့သူဟာ ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။
"ကျနော်တို့နိုင်ငံမှာ အရေးအကြီးဆုံးလူနာကို ပြောပါဆိုရင် နိုင်ငံတော်ကိုယ်တိုင်ကိုယ်က အရေးအကြီးဆုံးလူနာပဲ၊ အရေးပေါ်လူနာပဲ"
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းမှာ ပြည်သူလူထု ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သား အစိုးရခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်က ကိုတေဇာစန်းကို လမ်းမပေါ်ထွက် သပိတ်မှောက်ဖို့ တွန်းပို့ပေးလိုက်တာပါ။
ကိုတေဇာဆန်းဟာ စစ်အာဏာရှင် ဆန့်ကျင်ဖို့ လမ်းမပေါ် ဦးဆောင်ထွက်လာတဲ့ ပထမဆုံးလူငယ်တစ်ဦး ဖြစ်တယ်လို့ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ကိုမြင့်အောင်မိုးက အသိအမှတ်ပြု ပြောဆိုပါတယ်။
"ပြည်သူတွေ တကယ်ပဲ အာဏာရှင်စနစ်ကို အင်တိုက် အားတိုက်နဲ့ လုပ်နိုင်ဖို့ အစပျိုးခဲ့တဲ့သူ တစ်ယောက်လို့ ကျနော်တို့ အသိအမှတ် ပြုပါတယ်။ သူရဲ့ လုပ်ရပ်တွေက ပြည်သူတွေအတွက် စိတ်ဓာတ်ခွန်အား အများကြီးရစေခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ကျနော်တို့ တလေးတစား သူ့ကို ရှိသလို မန္တလေးတင်မက အနယ်နယ် အရပ်ရပ်က သူတွေကလည်း ကိုတေဇာစန်းအပေါ် ရှေ့ဆက်အားထားသလို၊ ယုံကြည်မှုလည်း အပြည့်အဝရှိပါတယ်။ သူလည်း အများကြီး ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
"အခုထက်ထိ လွတ်အောင်နေနိုင်တာကိုက လေးစားရတဲ့ လှုပ်ရှားမှုတစ်ခုလို့လည်း မှတ်ယူတဲ့အတွက် သူ့ကို မဖမ်းမိရေးအတွက်ကတော့ တပ်ပေါင်းစုတွေ အတွက်ရော၊ ပြည်သူတွေအတွက်ရော အများကြီး အရေးကြီးပါတယ်။ စစ်အာဏာရှင် စနစ်ပြုတ်ကျရေးအတွက် NUD ကလည်း ကြိုးစားနေသလို၊ လွှတ်တော်ကော်မတီကလည်း ကြိုးစားနေသလို၊ ကိုတေဇာစန်းတို့လို General Strike လုပ်တဲ့သူတွေကလည်း အရေးကြီးပါတယ်"
၁၉၈၈ ခုနှစ် အရေးတော်ပုံနှစ်မှာ မွေးဖွားတဲ့ ကိုတေဇာစန်းဟာ အသက် ၃၃ နှစ်ရှိပါပြီ။ မွေးရပ်ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့ကနေ မန္တလေးမြို့ပေါ်ကို ၂၀ဝ၆ ခုနှစ်မှာ ဆေးကျောင်းတက်ဖို့ ပြောင်းရွေ့လာပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ မန္တလေးတိုင်း ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပါတယ်။
"ဒီအာဏာသိမ်းတဲ့လုပ်ရပ်က ကျနော်တို့ ဒီမိုကရေစီအပြောင်းအလဲကို လုံးဝ နောက်ပြန်ဆုတ်စေတယ်။ လမ်းချော်သွားစေတယ်။ ဒီမိုကရေစီအပြောင်းအလဲနဲ့ အတူတွဲပါလာတဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွားကိုလည်း လုံးဝ နောက်တွန့်သွားစေမယ့် ဒုက္ခပေးမယ့်လုပ်ရပ်ဆိုတာ ကျနော်တို့ ပြည်သူအားလုံးက နားလည်ပြီး၊ သိရှိပြီး လုံးဝလက်မခံဘူး။ ဒီအာဏာရှင်စနစ်ကို ဒီအဓမ္မလုပ်ရပ်ကို ဆန့်ကျင်နေကြခြင်း ဖြစ်ပါတယ်၊ ကျနော်တို့က ဓမ္မကိုပဲ လိုလားပါတယ်။ ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုပဲ လိုလားတယ်"
"ကျနော်က အေးအေးဆေးဆေးကို နေချင်တာ။ နဂိုကတည်းက ကျနော်က အေးအေးဆေးဆေးသမား၊ အခုဟာလည်း အာဏာသိမ်းသွားတဲ့အတွက်သာ ဒါကတော့ လုံးဝလက်ခံလို့မရဘူးဆိုပြီးတော့ တက်နိုင်သမျှ ဆန့်ကျင်တော်လှန်နေရခြင်း ဖြစ်တယ်။ တစ်ဦးချင်း တစ်ယောက်ချင်း တကိုယ်ရေ တကာယဆို ကျနော်က အေးအေးဆေးဆေးပဲ"
ကိုတေဇာစန်းဟာ ဖခင်ဖြစ်သူ ကျောင်းဆရာအငြိမ်းစားထံကနေ စာဖတ်တဲ့ အလေ့အထလက်ဆင့်ကမ်းအမွေရခဲ့ရင်းက နိုင်ငံရေးစာပေတွေနဲ့ ရင်းနှီး အကျွမ်း တဝင်ရှိလာသူပါ။
"သင်သေသွားသော် သင်ဖွားသောမြေ သင်တို့ မြေသည်အခြေတိုးမြင့် ကျန်ကောင်းသင့် ဒီလိုပဲ ဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့သလိုပဲ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဖြတ်သန်းလာတဲ့ခေတ် တာဝန်ကို သူပုခုံးပေါ် ဘယ်လောက်ထိ ကျေပွန်စွာ ထမ်းနိုင်မလဲအပေါ် မူတည်တယ်ဆိုတာပါ"
ကိုတေဇာစန်းဟာ သူတက်မြောက်ထားတဲ့ ဆရာဝန်ပညာနဲ့ မန္တလေးမြို့က နှလုံးလှပရဟိတဆေးခန်းမှာ ဆေးကုသမှုတွေပေးနေသလို သူဝါသနာပါတဲ့ စာဖတ် အလေ့အထကို လူငယ်တွေကို လက်ဆင့်ကမ်းအမွေပေးဖို့အတွက် ယုံကြည်ရာဆိုတဲ့ စာကြည့်တိုက်လေးလည်း တည်ထောင်ထားပါတယ်။
ကိုတေဇာစန်းနဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးဒေသခံတစ်ဦး ပြောပြတာက ....
"အင်မတန် ရိုးသားတယ်၊ အင်မတန်ပွင့်လင်းတယ်၊ ဒေါင်းတင် မောင်းတင် ပြောတတ်တဲ့ ပုဂ္ဂိုလ်၊ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ သတ္တိ၊ အမှန်တရားဘက်က တွန်းလှန်ရဲတဲ့ သတ္တိ ဒါနဲ့ ပတ်သက်လို့ ကိုတေဇာမှာ တစ်ချက်မှ သံသယဖြစ်စရာမရှိဘူး။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ရဲတဲ့သူရဲ့ စိတ်ဓာတ်ကို ကျနော်တို့ သုံးလ နီးပါးတွေ့ခဲ့ပြီးပြီ။ နောက်မဆုတ်ခဲ့ဘူး။ ကြုံလာတဲ့ သမိုင်းကပေးတဲ့ တာဝန်ပေါ်မှာ ပြတ်ပြတ်သားသား ခံယူရဲသော သူရဲကောင်းခေါင်းဆောင်တစ်ယောက်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်"
"သိန်းတစ်ရာနဲ့ ဝရမ်းထုတ်တယ်၊ သိန်းမတစ်ရာမက တန်ဖိုးရှိတယ်၊ ထောင်ပေါင်း၊ သိန်းပေါင်း၊ သန်းပေါင်းများစွာနဲ့ မလဲနိုင်ဘူးဆိုတာ လူထုအားလုံးက လက်ခံတယ်၊ သူအဖမ်းမခံရဖို့ အင်မတန်မှ အရေးကြီးပါတယ်။ သူအဖမ်းမခံရဘူး၊ ထောင်ထဲမရောက်ဖူးဆိုရင် လူထုလှုပ်ရှားမှုတွေကလည်း အရှိန်ပိုကောင်းနေမယ်"
ကိုတေဇာစန်းနေတဲ့ မန္တလေးမြို့က တိုက်ခန်းကို စစ်ကောင်စီတပ်တွေက သော့တွေ ရိုက်ဖွင့်မွှေနှောက်ပြီး သူ တန်ဖိုးထားရတဲ့ စာအုပ်တွေ အပါအဝင် ရှိသမျှ ပစ္စည်းတွေကိုလည်း သိမ်းသွားတယ်လို့ ဆိုပါတယ်။ ကိုတေဇာဆန်းရဲ့ တစ်နှစ်ကျော်အရွယ် သမီးငယ် ဇနီးဖြစ်သူနဲ့ မိဘဆွေမျိုးတို့လည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် တကွဲတပြားနဲ့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
"နိုင်ငံသားတစ်ယောက်ရဲ့တာဝန်လို့ ကျွန်တော်က ခံယူတယ်၊ သူလုပ်နိုင်တာကို ကျနော်က အားပေးအားမြောက်ပြုတယ်၊ ဘယ်နေရာကနေနေ ထောက်ပံ့ပေးသွားမယ်၊ တော်လှန်ရေးသမားရဲ့ မိန်းမတစ်ယောက်ဆိုတာထက် ကိုယ်ကလည်း တထောင့်တနေရာကနေ တော်လှန်ရေးမှာ ပါရမှာပါ။ ပုံမှန်ဆို သူနဲ့ တက်ညီလက်ညီပါချင်တာ ဒါပေမဲ့ သမီးငယ်လေးရှိသေးတော့၊ သမီးလေးကလည်း နှစ်နှစ်တောင်မပြည့်သေးဘူးလေ"
"သမီးလေးကလည်း ဖေဖေဘယ်သွားတုန်းလို့ မေးရင်တို့အရေး တို့အရေးနဲ့ ပြောနေတာ၊ ကလေးက နှစ်နှစ်တောင် မပြည့်သေးဘဲနဲ့လေ။ သူ့အဖေနဲ့ ဖုန်းပြောရတိုင်း၊ ဖုန်းကို ဖက်ပြီး အာဘွားပေးတာတွေ လုပ်တယ်၊ တော်လှန်ရေးကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တတက်တအား ပါသွားရမှာ။ ဒါကြီးပြီးဆုံးသွားအောင်အထိ တိုက်ပွဲဝင်သွားရမှာပါ"
"အရေးတော်ပုံကြီးရှိနေသရွေ့ တေဇာဆန်းတွေ အသစ်အသစ်ပေါ်နေမယ်ဆိုတာ ပြောချင်တယ်၊ ကျနော်တို့ ဖမ်းခံရလို့ပဲဖြစ်စေ၊ တခုခုဖြစ်လို့ပဲဖြစ်စေ၊ လူတဦးတစ်ယောက် အဖမ်းခံရလိုပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လို့ပဲ ဖြစ်ဖြစ် ကျနော်တို့ သွားချင်တဲ့ ပန်းတိုင်ကို လုံးဝ လွှတ်မချလိုက်ပါနဲ့ ၊ နည်းလမ်းပေါင်းစုံနဲ့ ဆင်နွှဲသွားဖို့ ကျနော်မှာချင်တယ်၊ အရေးတော်ပုံကြီး ရှိနေသရွေ့ တေဇာစန်းတွေ အများကြီး ရှိနေမယ်"
မေး - ကိုတေဇာစန်း တော်လှန်ရေးပြီးရင် ဘာဆက်လုပ်မလဲ။
ဖြေ- ကျနော့် ဝါသနာက စာဖတ်တာ၊ စာဖတ်တဲ့ အလုပ်နဲ့ပဲ အေးဆေး ဆက်နေသွားချင်တယ်။ တသီးပုဂ္ဂလ အေးအေးချမ်းချမ်းပဲနေချင်တယ်။
ရိုးရှင်းတဲ့ ဘဝနဲ့ ဖြတ်သန်းချင်တဲ့ လူငယ်တစ်ဦး၊ လက်ရှိအချိန်မှာ အမြင့်မားဆုံး ရည်ရွယ်ချက်က လူငယ်တွေရဲ့ အနာဂတ် စစ်ဖိနပ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်လို့ ဒေါက်တာတေဇာစန်းက ပြောပါတယ်။