ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေမှာ မဘသ ဆရာတော်တွေ ပါဝင်နေ

ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းဖို့ စစ်ကိုင်းတိုင်းထဲကရွာတွေမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းပြီး ဦးဝီရသူ ခေါင်းဆောင် တဲ့ မဘသ ဆရာတော်အချို့က စည်းရုံးလှုံ့ဆော်တာ၊ သေနတ်ကိုင်ပြီး ကိုယ်တိုင်ဝင်တိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်ကိုင် လေ့ကျင့်နေသည့် ဆရာတော်များကို စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို နှိမ်နင်းဖို့ စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ ပြည်သူ့စစ် အမည်ခံ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းပြီး ဦးဝီရသူ ခေါင်းဆောင်တဲ့ မဘသ ဆရာတော်အချို့က စည်းရုံးလှုံ့ဆော်တာ၊ သေနတ်ကိုင်ပြီး ကိုယ်တိုင်ဝင်တိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လက လူမှုကွန်ရက်ပေါ် ပြန့်လာတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်အစီရင်ခံစာမှာလည်း စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ် အဖွဲ့ပေါင်း ၇၇ ဖွဲ့ ဖွဲ့ထားပြီး လက်နက်ပေါင်း အလက် ၂၀၈၀ တပ်ဆင်ထားကြောင်း ဖော်ပြထားပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဆရာတော်အဖြစ် လူသိများတဲ့ ဦးဝီရသူ အပါအဝင် ကျောင်းထိုင် ဆရာတော်အချို့ ဦးဆောင်ပြီး စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ထောက်ခံတဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ PDF တွေကို တိုက်ခိုက်ချေမှုန်းဖို့ လှည့်လည်စည်းရုံးနေတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု မတ်လ ၁ ရက်နေ့က အင်တာနက် လူမှု ကွန်ရက်အတွင်း ပျံ့နှံ့လာပါတယ်။

အဲဒီ ဗီဒီယိုဖိုင်ဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာက ရတနာကံမြင့်ထယ် ကျောင်းတိုက်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ပျူစောထီး သင်တန်းဆင်းပွဲ အကြောင်း ရိုက်ကူးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီထဲမှာ မဘသ ဆရာတော်တွေဖြစ်တဲ့ ဦးဝါသဝ၊ ဦးဝီရ ရဇာနဲ့ ဦးပဏ္ဍိတတို့ သုံးပါးက သေနတ်တွေ ကိုယ်စီလွယ်ထားပြီး ဒေသခံတွေက သပြေပန်းနဲ့ ကြိုဆိုနေကြသလို PDF အဖွဲ့တွေက မီးရှို့သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုတဲ့ ဟောပြောမှုတွေလည်း ပါဝင်ပါတယ်။

ဟောပြောတဲ့အထဲပါဝင်တဲ့ ဆရာတော်တစ်ပါးက “ဦးဝီရသူ ကိုယ်တိုင် မနေ့က ရွာတွေကို ကွင်းဆင်းပြီး ဒကာ၊ ဒကာမတွေကို စိတ်ဓာတ်ခွန်အားတွေ ပေးတာနဲ့ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ လုပ်ခဲ့တာလို့ ” ထည့်ပြောသွားပါတယ်။

ပျူစောထီးအဖွဲ့တွေကို မဘသဘုန်းကြီးတွေက ဦးဆောင်နေပြီး ဦးဝီရသူ ပါဝင်ပတ်သက် နေတယ်ဆိုတာကို မျက်မြင်တွေ့ရှိသူတွေက ပြန်ပြောပြခဲ့တယ်လို့ ကျွန်းလယ်ရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

"ပျူစောထီးတွေနဲ့ အခု မဘသ ဘုန်းကြီးတွေ ပါတယ်၊ ဘုန်းကြီးတွေက နယ်ခံ ဘုန်းကြီးတွေတော့ မဟုတ်ဘူး။ နယ်ခံဘုန်းကြီးတွေက မရှိဘူး အကုန်ထွက်ပြေးသွားပြီ။ အခြားနယ်က ဘုန်းကြီးတွေကလာပြီး ဦးဆောင်ပြီး လုပ်နေတာ။ ဦးဝီရသူ ပါတယ် လို့လည်း ကြားတယ်ဗျ။ ဝီရသူ ပါတယ်လို့ မြင်တဲ့သူက မြင်လို့ပေါ့။ ဘုန်းကြီးချင်း၊ ဘုန်းကြီးချင်း ဆက်နွယ်မှုတော့ ရှိမယ်လို့ ထင်တာပဲ။ ကျနော်တို့အနေနဲ့ကတော့ ဒါသံဃာရဲ့ ဝိနည်းနဲ့လည်း မအပ်စပ်တဲ့အတွက် ရှုတ်ချပါတယ်"

ပျူစောထီးတွေ အားကောင်းတဲ့ ရွာတွေထဲ ဦးဝီရသူ စည်းရုံးရေး ဆင်းတယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် RFA က သီးခြားအတည်မပြုနိုင်ပါဘူး။ ဦးဝီရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

အိမ်ခြေ ၃၅၀ ရှိတဲ့ တန့်ဆည်မြို့နယ် ကျွန်းလယ်ရွာမှာ စစ်တပ်ကိုထောက်ခံတဲ့ အိမ်ခြေ ၁၈၀ လောက်က ပျူစောထီးတွေအဖြစ် ကျန်ခဲ့ပြီး၊ ပျူစောထီးတွေကို မထောက်ခံတဲ့ ကျန် ရွာသား အားလုံးကတေ့ာ အိုးပစ်အိမ်ပစ်နဲ့ ထွက်ပြေးနေကြရတယ်လို့ သူက ဆိုပါတယ်။

လက်နက်ကိုင်ထားတဲ့ ဆရာတော်တွေဟာ တန့်ဆည်မြို့နယ်ထဲက ကဘဲရွာ၊ ကျွန်းလယ်ရွာ၊ မူးကျင်း၊ ဘေးရင်း၊ ဘေးရင်း (ရွာသစ်) စတဲ့ ရွာတွေက ဒေသခံတွေကို ကဘဲရွာ ရတနာ ကံမြင့်ထယ် ကျောင်းတိုက်နဲ့ ကျွန်းလယ်ရွာ လေသာကျောင်းတိုက်တို့မှာ စုစည်းခိုင်းပြီး PDF မကောင်းကြောင်းနဲ့ PDF တွေကို တိုက်ခိုက်ဖြိုခွဲဖို့ စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကဘဲ ရတနာကံမြင့်ထယ်ကျောင်းတိုက်က ဘုန်းကြီးက ထွက်ပြေးသွားတာ ဒီဟာတွေ ဝင်လာကတည်းက။ ကျောင်းကျန်ခဲ့တော့ သူတို့ကဝင်ပြီးတော့ အစည်းအဝေး လုပ်လိုက် ဟောပြောပွဲချလိုက်။ ကျွန်းလယ် လေသာ ကျောင်းကတော့ ပျူသင်တန်းပေးတယ်။ ကျွန်းလယ်ကျောင်းကတော့ နဂိုကတည်းက ပျူစောထီးဂိုဏ်းလို့ ပြောလို့ရတာပေါ့ဗျာ။ သူကတော့အစိမ်းဗျ ဟိုတုန်းကတည်းက ကိုရင်တွေရော၊ ကျောင်းသားတွေရော၊ ဦးပဥ္ဇင်းတွေရော"

မဘသဆရာတော်တွေဟာ အဓမ္မဝါဒီကို အားပေးနေတယ်လို့ တန့်ဆည်မြို့မှာ သီတင်းသုံးခဲ့တဲ့ နွေဦးတော်လှန်ရေး သံဃာကွန်ရက် ဆရာတော် အရှင်တေဇာနန္ဒက ဆိုပါတယ်။

"ဒီဆရာတော်တွေက အစကတည်းက စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ မဘသ ဘုန်းကြီးတွေပါ။ နဂိုကတည်းက သူတို့တွေဟာ ရဟန်းတွေပါ။ ကျောင်းထိုင် ဘုန်းကြီးတွေပါ။ သိက္ခာလည်းတင်တယ်၊ သိမ်လည်းဝင်ထားတဲ့ ရဟန်းတွေပါ။ ဝါသဝ ဆိုတာက မူးခွ ဇာတိပါ။ ကျွန်းလယ်ကို သူကျောင်းထိုင်တယ်လို့ သတင်းရပါတယ်။ ဦးဝီရသူနဲ့ကတော့ ပတ်သက်မှာ အသေအချာပါပဲ။ သူတို့လုပ်နေတဲ့ လုပ်ဆောင်ချက် တွေ၊ သူတို့ပြောနေတဲ့ အပြောအဆိုတွေဟာ ဟိုတုန်းက ဝီရသူပြောခဲ့တဲ့ အမျိုးဘာသာ သာသနာဆိုတဲ့စကားနဲ့ ကိုင်ပြီးတော့မှ သူတို့တွေ အခုလက်ရှိ လက်နက်ကိုင်နေကြတာ ဖြစ်တယ်လေ။ သူတို့တွေဟာ အဓမ္မဝါဒီကို အားပေးနေတဲ့ မင်းအောင်လှိုင် နောက်လိုက် တွေ ဖြစ်ပါတယ်"

ရဟန်းတော်တွေဟာ ကိုယ်တိုင် လက်နက်ကိုင်ဆောင်ဖို့ မပြောနဲ့ တုတ်၊ ဓား၊ လက်နက် တွေ ကိုင်ဆောင်ထားသူကိုတောင် တရားမဟောရဘူးလို့လည်း အရှင်တေဇာနန္ဒက မိန့်ပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ PDF တွေရန်ရှာနေတဲ့ ကျေးရွာတွေကို ကာကွယ်ဖို့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ထားတာမှန်တယ်လို့ ဝန်ခံပါတယ်။ PDF နဲ့ သံဃာတွေလည်း ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။

"PDF များက သူတို့ကို မထောက်ခံတဲ့အတွက် ရန်ရှာနေတဲ့ ရွာတွေအတွက် ကျေးရွာ လုံခြုံရေး အတွက် ကျနော်တို့အနေနဲ့ အဲဒီဘက်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းထားတာ တော့ ရှိတယ်။ သံဃာတော်တွေအနေနဲ့ကတော့ သူတို့ကို လက်နက် ထောက်ပံ့ပေးတာ မရှိဘူး။ ထောက်ပံ့ပေးစရာလည်း အကြောင်းမရှိဘူး။ ကျနော်ပြောချင်တာ အဲဒီ ခင်ဗျားတို့ PDF အဖွဲ့တွေကို ထောက်ခံနေတဲ့ ဘုန်းကြီးကျောင်းတွေမှာကိုပဲ ထားနေတဲ့ သံဃာတွေ လက်နက်ကိုင်တာကိုကျ တစ်ခွန်းပြောဖူးလား"

သေနတ်လွယ်ထားတဲ့ ဆရာတော်များကို စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (Photo: Pho Kon - facebook)

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကတော့ ဦးဝါသဝ ဦးဆောင်တဲ့ ကဘဲရွာက ပျူစောထီးအဖွဲ့ကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ အများအပြားနဲ့ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဦးဝါသဝ ကိုယ်တိုင် ပါဝင်တာတွေ့ရပြီး တန့်ဆည်ကနေ ကန့်ဘလူ ဘက် ထွက်ပြေးသွားတယ်လို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

"ဦးဝါသဝ တို့ကတော့ ပြေးပြီဗျ။ သူတို့ ဟိုတစ်နေ့က ကျနော်တို့ရဲ့ အတိုက်ခံရတော့ အဲဒီ ဦးဝါသဝ ဆိုတဲ့ ဘုန်းကြီးလည်း ပါတယ်။ တန့်ဆည်နယ်ထဲ မရှိတော့ဘူး၊ ကန့်ဘလူဘက် ပြေးပြီ။ ပုံတွေထဲမှာပါတဲ့ ကျည်ကာနဲ့ ပစ္စတိုနဲ့ ကိုင်ထားတဲ့ ဘုန်းကြီး ဦးဝါသဝ ဦးဆောင်ပြီးတော့ ကျွန်းလယ်ရွာမှာ သင်တန်းတွေ ဖွင့်တာပေါ့။ ပြောရရင် ဘုန်းကြီးဆိုတာက ရွာတွေမှာ သူကြီးထက်ကိုမှ၊ အုပ်ချုပ်ရေးမှူးတွေထက်တောင်မှ ဩဇာကြီးတာပေါ့။ ကြီးတဲ့အခါကျတော့ ဘုန်းကြီးတွေကို ရအောင်စည်းရုံးပြီးတော့ ပျူစောထီးတွေ ဖွဲ့ဖို့ ပြင်ဆင်ခဲ့တယ်လို့ ထင်တာပဲ စစ်အုပ်စုဘက်က"

ပြည်သူ့စစ်အမည်ခံ ပျူစောထီးနဲ့ မဘသ အဖွဲ့တွေဟာ တန့်ဆည်မြို့နယ် ကျွန်းလယ်နဲ့ ကဘဲရွာ တစ်ဝိုက်က အိမ်ခြေနည်းတဲ့ ရွာလေးတွေကို ဝင်ရောက်မီးရှို့၊ ခြိမ်းခြောက်စည်းရုံး ပြီး ပျူစောထီးအဖွဲ့ထဲ အဓမ္မဝင်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဦးဝီရသူဟာ လက်ရှိ စစ်ကိုင်းတိုင်းထဲက ပျူစောထီးအဖွဲ့တွေကို ဦးဆောင်နေတဲ့ မဘသ ဆရာတော် ဦးဝါသဝ၊ ဦးဝီရ ရဇာ၊ ဦးပဏ္ဍိတတို့နဲ့ အရင်က နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့တယ်လို့ မန္တလေး သံဃသမဂ္ဂ ဆရာတော် အရှင်ရာဇဒမ္မ က ဆိုပါတယ်။

"အဲဒီ သုံးပါးစလုံးက အရင်က ဦးဝီရသူ ဘေးမှာ နေခဲ့တဲ့ မဘသတွေ ဆိုတာတော့ သေချာတယ်။ အဖွဲ့ထဲမှာ သူတို့ ခေါင်းဆောင်ပိုင်းလို့တောင် ပြောလို့ရတာပေါ့။ အခုဟာက သူတို့က လူသတ်လက်နက်တွေကို သင်တန်းတွေလည်း ကိုယ်တိုင် တက်တယ်။ ကိုယ်တိုင်လည်း ဒီသေနတ်တွေကို ကိုင်ထားတယ်ဆိုတာက သာသနာ အတွက် ဘယ်လိုမှ မအပ်စပ်တဲ့ကိစ္စလို့ ပြောချင်တယ်။ ဗုဒ္ဓဘာသာအတွက်လည်း၊ သာသနာအတွက်လည်း သိက္ခာကျစရာ ကောင်းတယ်။ နောက်ပြီးတော့ နိုင်ငံ အတွက်လည်း ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့"

ဦးဝီရသူဟာ လက်ရှိမှာ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းထဲက မြို့တွေကို ခရီးလှည့်လည် သွားလာ နေပြီး စစ်တပ်က လုံခြုံရေးယူပေးထားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

ဦးဝီရသူဟာ နေပြည်တော် မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မ၊ ပြင်ဦးလွင် မစိုးရိမ်တိုက် ဆရာတော် ဦးသီလာနန္ဒာဘိဝံသတို့နဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မန္တလေးတိုင်း မတ္တရာမြို့ကို သွားရောက်ခဲ့သလို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတော့ ပဲခူးတိုင်း ရေတာရှည်မြို့နယ် မြို့လှမြို့အနီးက နတ်တောင်တောရ ကျောင်းတိုက်ကို သွားရောက်ခဲ့ပြီး စစ်တပ်က လုံခြုံရေးယူပေးထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခုလို အုပ်စုလိုက် စုပေါင်းပြီးတော့ တပ်ဖွဲ့တစ်ဖွဲ့လိုက် လက်နက်ကိုင်တာ၊ လက်နက် လေ့ကျင့်တယ်ဆိုတာ မရှိပါဘူးဗျာ သမိုင်းမှာ"

မဘသဆရာတော်တွေ ပျူစောထီးအဖွဲ့တွေမှာ ပါဝင်ပတ်သက်လာတာဟာ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးကို နိုင်ငံရေးအတွက် အမြတ်ထုတ်ဖို့ အသုံးချနေတာလို့ နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။

"သံဃာတွေကို လက်နက်တပ်ဆင်ပေးပြီး လူသတ်ခိုင်းနေတဲ့ အလုပ်လောက် မိုက်မဲတဲ့ အလုပ်ကတော့ ကမ္ဘာပေါ်မှာ မရှိတော့ဘူးလို့ ထင်ပါတယ်။ လက်နက်ကိုင်လိုက်ပြီ ဆိုကတည်းက ဗုဒ္ဓဘာသာကို ကျောခိုင်းလိုက်တာပဲ။ ဗမာပြည်မှာ ဗုဒ္ဓဘာသာ အများစု ဆိုတော့ သံဃာတွေကို လူတွေက ချစ်ခင်လေးစားတာပေါ့။ အဲတော့ သံဃာတွေကို အသုံးချဖို့ ကြိုးစားတာပေါ့။ မန္တလေးက ရဟန်းပျိုအဖွဲ့ထဲက ခေါင်းဆောင်တချို့ သေနတ်ကိုင်တာ ကြားဖူးပါတယ်။ ဒါပေမဲ့ အခုလို အုပ်စုလိုက် စုပေါင်းပြီးတော့ တပ်ဖွဲ့တစ်ဖွဲ့လိုက် လက်နက်ကိုင်တာ၊ လက်နက် လေ့ကျင့်တယ်ဆိုတာ မရှိပါဘူးဗျာ သမိုင်းမှာ"

ပြီးခဲ့တဲ့လက အင်တာနက် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်အစီရင်ခံစာမှာ လက်ရှိ ပြည်သူ့စစ်အဖွဲ့ ၇၇ ဖွဲ့အတွက် လက်နက်ပေါင်း ၂၀၀၀ ကျော် တပ်ဆင်ထားတဲ့အပြင် စစ်ကိုင်းတိုင်းထဲက အစွန်အဖျား ကျေးရွာတွေမှာ နောက်ထပ် ပြည်သူ့စစ်အဖွဲ့တွေ ထပ်မံ ဖွဲ့စည်းဖို့ ညွန်ကြားထားပါတယ်။ ဒီအစီရင်ခံစာဟာ အစစ်အမှန် ဟုတ်၊ မဟုတ်ကိုတော့ RFA က သီးခြား အတည်မပြုနိုင် ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org