ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးစနစ်မှာ ပါဝင်ကြဖို့ စစ်ကောင်စီပြော
2024.01.10

နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက မနေ့က ထပ်မံ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်မှာ နိုင်ငံရေးပါတီ ၃၉ ပါတီနဲ့ တွေ့ဆုံချိန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့တာပါ။
ပါတီဝင် အင်အားကို နိုင်ငံအတွက် အသုံးချဖို့နဲ့ နိုင်ငံတည်ငြိမ်ဖို့ ပါတီတွေအနေနဲ့လည်း ပါဝင်ဆောင်ရွက်ဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲကို အောင်မြင်စွာ အကြားအလပ်မရှိ လုပ်ဖို့ဆိုရင် အခုလက်ရှိ ဖြစ်နေတဲ့ဟာသည် ပြည်သူတွေရယ်၊ ပါတီတွေမှာလည်း ရှိတယ်။ ပါတီရယ်၊ ပြည်သူရယ် သူတို့အစိုးရနဲ့ ပူးပေါင်းပြီး ဒါတွေကို လုပ်ဖို့ပေါ့။ အဲဒီဟာ ပြောတယ်။ အဲဒါတော့ ဦးတို့က သဘောထား မပေးခဲ့ဘူး”
ပြည်သူ့လုံခြုံရေး စနစ်နဲ့ပတ်သက်လို့ အသေးစိတ် မသိရပေမယ့် အာဏာရှင်ဟောင်း ဦးနေဝင်း လက်ထက်တုန်းက ဝှိုက်ပေပါ (White Paper) လို့ ခေါ်တဲ့ စက္ကူဖြူ စာတမ်းမှာ ပြည်ပစစ် ကျူးကျော်မှုကို ကာကွယ်ဖို့ ပြည်သူတွေက ပြည်သူ့စစ်အသွင်နဲ့ တိုင်းပြည်ကာကွယ်ဖို့ အစီအမံ ရေးဆွဲခဲ့တာ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“ပြည်သူ့လုံခြုံရေးစနစ်ဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို မဖြေရှင်းနိုင်ဘူး”
RFA က ဆက်သွယ်ခဲ့တဲ့ နောက်ထပ် ပါတီနှစ်ခုက တာဝန်ရှိသူတွေကလည်း ပြည်သူ့လုံခြုံရေး စနစ်နဲ့ပတ်သက်လို့ ဘယ်လို အဓိပ္ပါယ် ဆောင်သလဲ၊ ဘယ်လို ပါဝင်ရမလဲဆိုတာ နိုင်ငံရေးပါတီတွေဘက်က ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် သဘောထားမှတ်ချက် မပေးနိုင်တဲ့အကြောင်း ပြောဆိုကြပါတယ်။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း နယ်မြေဒေသ လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ ကာကွယ်ရေးစနစ်တွေ လုပ်ဖို့ရှိတဲ့အကြောင်း ဇန်နဝါရီလ ၉ ရက် မနေ့က စစ်ကောင်စီ မီဒီယာတွေ ကနေတစ်ဆင့် အခုလို ပြောပါတယ်။
“နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ရမှာလည်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထု လုံခြုံရေး၊ နယ်မြေဒေသ လုံခြုံရေးအတွက် ပြည်သူ့ လုံခြုံရေး စနစ်၊ ပြည်သူ့ ကာကွယ်ရေး စနစ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက လိုအပ်ချက်က ပြည်သူလူထုပဲ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တွေမှာ ပါဝင်ခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်သွားဖို့ တိုက်တွန်း ပြောကြားလိုပါတယ်”
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ပြည်သူ့လုံခြုံရေးစနစ်မှာ အရပ်ဘက်၊ စစ်ဘက်ကလူတွေ ပါဝင်ပြီး နယ်မြေလုံခြုံရေးနဲ့ သတင်း အချက်အလက် ရယူရေးအတွက် ဖွဲ့စည်းရတာကြောင့် ပြည်သူ့စစ်ပုံစံမျိုးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ပြောရမယ်ဆိုရင်တော့ ပြည်သူ့စစ် အသွင်သဏ္ဏာန် ဆောင်တာပေါ့နော်။ အဓိကက သူတို့ (စစ်ကောင်စီ) ရဲ့ နယ်မြေလုံခြုံရေး၊ နယ်မြေ ထိန်းချုပ်နိုင်ရေးအတွက် သတင်း အချက်အလက်တွေကို အရပ်ဘက်ကနေတစ်ဆင့် ထောက်လှမ်းရယူတဲ့ နည်းလမ်းတွေ ပါမယ်။ နောက်ပြီးတော့ စစ်တိုက်ဖို့တွေ ဘာတွေ ရှိလာမယ်ဆိုရင် ဒီအဖွဲ့တွေကိုပါ ပါဝင်ပြီးတော့ ဆောင်ရွက်စေချင်တဲ့ သဘောတရားပေါ့နော်။ အဓိကတော့ ထောက်လှမ်းရေးနဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာတွေကို ဆောင်ရွက်တဲ့အရာလို့ ကျွန်တော့်အနေနဲ့ နားလည်းတယ်”
စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးနေချိန်မှာ လုံခြုံရေးနဲ့ သတင်း အချက်အလက် စုဆောင်းဖို့ စစ်တပ်နဲ့ ရဲကို အသုံးပြုဖို့ အခက်အခဲ ရှိလာပြီး ထောက်လှမ်းရေး သတင်း အချက်အလက် စနစ်နဲ့ လုံခြုံရေး စနစ်တွေကို ကြိုတင် ပြင်ဆင်လာတာလို့ သူက ပြောပါတယ်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်ကတော့ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ပြည်သူ့စစ်ကို တိုးချဲ့ဖွဲ့စည်းဖို့ပြင်ဆင်နေတာလို့ မြင်ကြောင်း RFA ကိုပြောပါ တယ်။
“လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူ ပြည်သူချင်းကို ပြန်ပြီးတော့ အိုးမဲသုတ်ပြီးတော့ ရန်တိုက်ပေးတဲ့လုပ်ရပ် ဖြစ်ပါတယ်။ စစ်ကောင်စီက စစ်ရေး အခြေအနေ နှိမ့်ပါးလာတဲ့ အခြေအနေမှာ ဘာပဲပြောပြော စစ်အင်အားတစ်ရပ်၊ သို့တည်းမဟုတ် ပြည်သူလူထု ထောက်ခံမှု တစ်ရပ်ကို တစ်နည်းတစ်ဖုံနဲ့ ရရှိအောင်လို့ ပြည်သူ့စစ် အသွင်ပုံစံမျိုး အဖွဲ့အစည်းတွေ ဖွဲ့စည်းလာခြင်း ဖြစ်တယ်”
စစ်ကောင်စီ လက်အောက်ကနေ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ယူဆချက်ဖြစ်တဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကနေ နိုင်ငံရေး ထွက်ပေါက် သွားမယ်ဆိုတာ စစ်အာဏာရှင် ရှိနေသရွေ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးစနစ်ဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို မဖြေရှင်းနိုင်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်မြက်က ပြောပါတယ်။
“မဖြေရှင်းနိုင်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ မဖြေရှင်းနိုင်လို့ဘဲ အခု လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာကြတာ။ အရင့် အရင်ကလည်း ၈၈ တို့ နောက်တစ်ခါ သံဃာ့ အရေးအခင်းတို့ စတဲ့ အဲဒီလို အရေးအခင်းတွေက ခဏခဏ ဖြစ်ခဲ့တာပဲ။ အဲဒီကာလတွေတုန်းက အာဏာသိမ်းအစိုးရက အာဏာကို ပြန်ထိန်းသွားကြတာပဲ။ အခုကျတော့ အဲဒီလို အာဏာကို ပြန်မထိန်းနိုင်ဘဲနဲ့ အခု ဆန္ဒပြတဲ့ လူငယ်တွေက လက်နက်ကိုင်ပြီး သူပုန်ထခဲ့ကြတာ”
ပါတီနိုင်ငံရေး လုပ်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်ကို ယုံကြည်ရင် ပြည်သူ့လုံခြုံရေး အဖွဲ့လိုမျိုးမှာ မပါသင့်ဘူးလို့လည်း သူက ထောက်ပြပါတယ်။ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခတွေဟာလည်း နှစ်ဖက် သက်ဆိုင်သူတွေအနေနဲ့ လက်နက်နဲ့ဖြေရှင်းလို့ မရတာ သတိပြုသင့်တယ်လို့လည်း သူက ပြောပါတယ်။
ပြည်သူ့ လုံခြုံရေး စနစ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က CRPH၊ NUG၊ PDF တွေရဲ့ လုပ်ရပ်တွေအတွက် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြည်သူ့ လုံခြုံရေးစနစ် ဆောင်ရွက်မယ်လို့ စစ်အာဏာသိမ်းပြီး လေးလအကြာ ၂၀၂၁ ခုနှစ် မေလမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းကလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူတွေ ပါဝင်တဲ့ ပြည်သူ့ လုံခြုံရေးစနစ်ကို အကောင်အထည် ဖော်နေပြီး လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းတွေလည်း အကူအညီ ပေးနေတယ်လို့ ပြောခဲ့ပါသေးတယ်။
အဲဒီနောက်ပိုင်း စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ပျူစောထီးလို့ လူသိများတဲ့ စစ်ကောင်စီတပ် ထောက်ခံသူတွေ စုဖွဲ့ထားတဲ့ ပြည်သူ့စစ် အဖွဲ့တွေလည်း ပေါ်လာပါတယ်။