တရုတ်အစိုးရပိုင် နိုရင်ကိုကုမ္ပဏီ လက်အောက်ခံ ဝမ်ပေါင်ကြေးနီ ထုတ်လုပ်ရေး

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လုပ်ငန်းနားထားတယ်လို့ ပုံစံမျိုး ဖန်တီးပြောတာပဲ။ တကယ်တမ်းကျတော့ ကြေးနီကားတွေက နမခထဲကို ကား ၁၅ စီးလောက် သယ်သွားတာလည်း ရှိတယ်လေ။ လုပ်ငန်းရပ်ဆိုင်းခဲ့တယ်ဆိုတာ လိမ်ညာပြောတာပဲ ဖြစ်တယ်။ အမှန်တကယ်ကတော့ လျှပ်စစ်ဓာတ်အား ပြတ်သွားလို့ ခုရက်ပိုင်းလေးမှာပဲ သူတို့လုပ်ငန်း ရပ်နားထားတာ”

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက ကြေးနီစီမံကိန်းတွင် ဒေသခံများ လုပ်ကိုင်နေစဉ် - ၂ဝ၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့။ Reuters

စစ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အတော်များများ ရုပ်သိမ်းသွားပေမယ့် မြန်မာနိုင်ငံက ထွက်ခွာမသွားတဲ့ တရုတ်ကုမ္ပဏီတွေထဲမှာ တရုတ်အစိုးရပိုင် နိုရင်ကို လက်အောက်ခံ ဝမ်ပေါင် ကြေးနီတူးဖော်ရေးကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဒီကုမ္ပဏီတိုက်ခိုက်ခံရတဲ့အတွက် မနေ့က ထုတ်ပြန်တဲ့ ရှင်းလင်းချက်မှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကတည်းက လုပ်ငန်းရပ်ဆိုင်းထားတယ်လို့ ဖော်ပြထားပေမယ့် ဒေသခံတစ်ယောက်ကတော့…

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လုပ်ငန်းနားထားတယ်လို့ ပုံစံမျိုး ဖန်တီးပြောတာပဲ။ တကယ်တမ်းကျတော့ ကြေးနီကားတွေက နမခထဲကို ကား ၁၅ စီးလောက် သယ်သွားတာလည်း ရှိတယ်လေ။ လုပ်ငန်းရပ်ဆိုင်းခဲ့တယ်ဆိုတာ လိမ်ညာပြောတာပဲ ဖြစ်တယ်။ အမှန်တကယ်ကတော့ လျှပ်စစ်ဓာတ်အား ပြတ်သွားလို့ ခုရက်ပိုင်းလေးမှာပဲ သူတို့လုပ်ငန်း ရပ်နားထားတာ”

ဂျာမနီနိုင်ငံမှာနေထိုင်နေတဲ့ လူ့အခွင့်အရေးလေ့လာသူ ကိုနစ်ကီဒိုင်းမွန်းကတော့ လက်ပံတောင်းတောင်လို တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ရှိနေရတဲ့ အကြောင်းရင်းကို သုံးသပ်ပြပါတယ်။

“အာဏာသိမ်းပြီးတာ တနှစ်ပဲကျော်လာပြီ။ ဘယ်လောက်ပဲ တိုင်းပြည်မငြိမ်မသက်ဖြစ်ပါစေ။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဆုတ်မသွားဘဲ ဥပမာ - Construction ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဆို ကွန်ဒိုတွေဝယ်ပြီး ရင်းနှီးမြှုပ်နှံတာမျိုးတွေ များလာတာတွေ့ရတယ်။ နောက်တစ်ခုက သဘာဝကြေးသတ္တု ထုတ်တာတို့၊ Rare Earth ထုတ်တာတို့မှာလည်း ပိုတိုးလာတာပဲ။ အဲဒီတော့ စစ်အာဏာရှင်ကို တရုတ်က နောက်ကွယ်က ကြိုးကိုင်သလို တောက်လျှောက် အားပေးနေတာပေါ့နော်”

လက်ပံတောင်းတောင်ဝန်းကျင်က ဒေသခံအများစုဟာ ဝမ်ပေါင်ကြေးနီစီမံကိန်းနောက်ကွယ်မှာ Norinco- China North Industries Group Corporation ရှိ-မရှိ မသိပေမယ့် ဒီစီမံကိန်းကို စနည်းနာနေတဲ့ ဒေသခံကတော့…

“ကြေးနီသတ္တုကိုတူးတဲ့ ကုမ္ပဏီဆိုတာတော့ ကျနော်တို့သိတယ်။ နောက်တော့ တရုတ်ကုမ္ပဏီက သူတို့နိုင်ငံမှာ လက်နက်ထုတ်တယ်ဆိုတာလည်း ကျနော်တို့အရင်က သိခဲ့တယ်။ တစ်ခုက စစ်တပ်က ချုပ်ကိုင်ထားတဲ့ ဦးပိုင်နဲ့ အကျိုးတူလုပ်နေတယ်ဆိုတာ အဲဒီလောက်တော့ သိရပါတယ်”

တရုတ်ဝမ်ပေါင်ကုမ္ပဏီလို့ပဲ ဒေသခံတွေသိကြတဲ့ ကုမ္ပဏီကိုပိုင်တဲ့ နိုရင်ကိုဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ပြီး စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်စောင်ကို ၂ဝ၁၇ က လက်မှတ်ရေးထိုးခဲ့တယ်လို့ Burma Campaign UK က ပြောပါတယ်။

အဲဒီကာလက PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ မပေါ်ပေါက်သေးဘဲ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်ဖို့ သံချပ်ကာလူတင်ယာဉ်တွေ တင်ပို့ပါတယ်။

မြန်မာစစ်တပ်ကို နိုရင်ကိုက MBT 2000 တိုက်ခိုက်ရေးတင့်ကား၊ SH1 self-propelled howitzer အမြောက်နဲ့ PTL02 တင့်ကားဖျက်ယာဉ်တွေ ရောင်းချတယ်လို့လည်း ဖော်ပြခဲ့ဖူးပါတယ်။

ဆားလင်းကြီးမြို့နယ် ကံကုန်းရွာနားမှာရှိပြီး ဒေသခံတွေ အနံ့အသက်ဆိုးရနေတဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံကိုလည်း နိုရင်ကိုနဲ့ စစ်တပ်ပိုင်စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်က လည်ပတ်တာပါ။

တရုတ်နိုင်ငံတော်ကောင်စီခွင့်ပြုချက်နဲ့ ၁၉၈ဝ ပြည့်နှစ်က စတင်ထူထောင်တဲ့ နိုရင်ကိုဟာ တရုတ်နိုင်ငံရဲ့ စစ်ဘက်ကုန်သွယ်ရေး ဦးဆောင်လုပ်ငန်းဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ၂ဝ၁၃ မှာ ကြေညာတဲ့ Belt and Road ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းရဲ့ ရှေ့ပြေးဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းက စီးပွားဖြစ်နေတဲ့ လက်နက်လုပ်ငန်းအတွက်လည်း နိုရင်ကိုက အဓိက အားတစ်ရပ်လို့လည်း ပြောပါတယ်။ နိုရင်ကိုဟာ ပြည်ပက ရေနံနဲ့ သဘာဝတွင်းထွက် သယံဇာတတွေကို ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ပြီး ကုန်သွယ်တဲ့ ကုမ္ပဏီကြီးလည်းဖြစ်တာမို့ သူ့လက်အောက်ခံ ဝမ်ပေါင်ကြေးနီတူးဖော်ရေးကုမ္ပဏီက လက်ပံတောင်းတောင်ဒေသမှာ ကြေးနီလာရောက်တူးဖော်နေတာပါ။

မြေသိမ်းယာသိမ်းပြီး စီမံကိန်းဖော်ဆောင်တဲ့အခါမှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာရပါတယ်။

လက်နက်ထုတ်လုပ်တဲ့ နိုရင်ကိုလက်အောက်ခံ ဝမ်ပေါင်မြန်မာနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်တို့ အကျိုးတူလုပ်ငန်းကို ၂ဝ၁ဝ မှာထူထောင်ပါတယ်။ စီမံကိန်းကို ၂ဝ၁၁ မှာစတင် ပါတယ်။ စီမံကိန်းဖော်ဆောင်တဲ့အခါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနားက လိပ်ခွံတောင် ခြေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ပါတယ်။ ဒါကို မြေယာလျော်ကြေးယူမထားတဲ့ တောင်သူတွေက တားမြစ်လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး မိုးကြိုးပြင်အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်း ၂ဝ၁၄ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

ကိုယ့်မြေလည်း အသိမ်းခံရ၊ ကိုယ့်မြေက ပြန်လည်အစားထိုးလို့မရတဲ့ သယံဇာတလည်း ထုတ်ယူခံရ၊ ဒီသယံဇာတတွေနဲ့ စီးပွားဖြစ်နေတဲ့ လက်နက်ကုမ္ပဏီကို အကာအကွယ်ပေးသူတွေရဲ့ လက်ချက်နဲ့လည်း ဒေသခံတောင်သူ သေဆုံးရတဲ့အမှုလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာလည်း လက်နက်ထုတ်လုပ်ပြီး ပြည်ပကလည်း လက်နက်တွေ တင်သွင်းတဲ့အခါ နိုရင်ကိုဟာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နိုင်သလို ဖြစ်သွားပါတယ်။ နိုရင်ကိုအတွက် လက်နက်ပွဲစားက Star Sapphire Trading Company Limited - ကြယ်နီလာရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ကိုင်သူတွေအကြောင်း သုတေသနလုပ်နေတဲ့ Justice for Myanmar က ပြောပါတယ်။

နိုရင်ကိုဟာ သံချပ်ကာ လူတင်ယာဉ်တွေအပြင် လက်နက်ငယ်တွေကို မြန်မာစစ်တပ်ကို တင်ပို့ပါတယ်။ ဒီနိုရင်ကိုလက်အောက်ခံ ဝမ်ပေါင်နဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့က လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်မှာ ကြေးနီတူးဖော်ရေး စီမံကိန်းဖော်ဆောင်နေတာပါ။ စီမံကိန်းကိုအကြောင်းပြုလို့ ပဋိပက္ခဖြစ်ပွားတဲ့အခါ လက်နက်အားကိုး ဖြိုခွင်းတာမို့ လက်ပံတောင်းတောင် ဒေသခံတွေဟာ မိအေးနှစ်ခါမက နစ်နာရတဲ့အဖြစ် ကြုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org