တစ်နိုင်ငံလုံးမှာ အုပ်ချုပ်ရေးမှူး ၁၂ ဦးထက်မနည်း အသတ်ခံရ
RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာ ဒီနေ့အထိ ၁၂ ဦးထက်မနည်းရှိနေပါတယ်။
-
စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021-06-17 -
-
-
RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေ သတ်ဖြတ်ခံရတာ ဒီနေ့အထိ ၁၂ ဦးထက်မနည်းရှိနေပါတယ်။
NUG၊ PDF နဲ့ NLD ပါတီကို ထောက်ခံတဲ့ အစွန်းရောက်တွေက ဒီလိုသတ်ဖြတ်မှုတွေကို ကျူးလွန်နေတာလို့ စစ်ကောင်စီက စွပ်စွဲထားပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အကြမ်းဖက်အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့အုပ်ချုပ်ရေးယန္တယားကို တိုက်ခိုက်တာဟာ တရားသောစစ်ကို ဆင်နွှဲနေတာလို့ တုံ့ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ဧပြီလ ၁၅ ရက်နေ့က ဟုမ္မလင်းမြို့နယ်က အသက် ၃၉ နှစ်အရွယ် ဦးဥက္ကာဆိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပထမဆုံးသတ်ဖြတ်ခံခဲ့ရပြီး မေလအတွင်းမှာ ကချင်ပြည်နယ် က ကျေးရွာတာဝန်ခံနှစ်ဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရပါတယ်။
အခုဇွန်လအတွင်းမှာတော့ ရန်ကုန်တိုင်းက တာမွေမြို့နယ် ကျားသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်၊ လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦး နဲ့ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်းက မြင်းခြံမြို့နယ် ဇလပ်ကုန်းရွာအုပ်ချုပ်ရေးမှူး၊ မကွေးတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦး၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့က တစ်ဦး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူး တို့ အသတ်ခံခဲ့ရပါတယ်။
ဇွန်လ ၈ ရက်နေ့က သတ်ဖြတ်ခံရတဲ့ တာမွေမြို့နယ် ကျားသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်ဟာ အဲဒီမတိုင်ခင်ကလည်း သူနေထိုင်တဲ့တိုက်အောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ဒေါ်စိုးစိုးလွင်ဟာ စစ်ကောင်စီရဲ့ဘက်တော်သားဖြစ်လို့ သတ်ဖြတ်ခံရတာ လို့ ဒေသခံတွေအကြားမှာ ပြောဆိုနေကြတယ်လို့ ပြောပါတယ်။
“သူအုပ်ချုပ်တဲ့ဘက်ကိုပေါ့နော် ဧည့်စာရင်းတွေစစ်တာ၊ ဒလံသဘောမျိုးပေါ့နော် သတင်းတွေပေးတာ အဲလိုမျိုးတွေ လုပ်တယ်တဲ့သူကလေ။ သူအသတ်ခံရတာလည်း အဲလိုမျိုးပေါ့နော် သတင်းတွေပေးလို့ဆိုတဲ့ ပုံစံမျိုးတော့ ပြောကြတာပဲ”
အခုလို အုပ်ချုပ်ရေးမှူးတွေ၊ တာဝန်ခံအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာရှိသလို သူတို့နဲ့ဆက်နွယ်နေတဲ့ သူတွေလည်း သတ်ဖြတ်ခံရတာတွေရှိနေပါတယ်။
"ဘယ်သူက အကြမ်းဖက်အဖွဲ့အစည်းလဲဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ပါလိမ့်မယ်၊ သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်"
ဇွန်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကြည်ရွာအုပ်ချုပ်ရေးမှူးရဲ့ သမီးတွေဖြစ်ကြတဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်လှစန္ဒာနဲ့ ဆပ်ပြာကျင်းရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲက အလယ်တန်းပြဆရာမ ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်သန်းသန်းဆင့် တို့ သတ်ဖြတ်ခံခဲ့ရပါတယ်။
အခုလိုသတ်ဖြတ်ခံရတဲ့ကိစ္စတွေဟာ ပြည်သူတွေရဲ့သဘောထားနဲ့ဆန့်ကျင်လို့ဖြစ်နိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို များသောအားဖြင့်တော့ ပြည်သူတွေက လက်မခံ ကြတာ များတယ်ဗျ။ အဲလိုများတယ်ဆိုတဲ့အခါကျတော့ ပြည်သူတွေရဲ့သဘောထားနဲ့ ဆန့်ကျင်နေတယ် လို့ ပြောလို့ရပါတယ်။ အဲတော့ ပြည်သူတွေအပေါ်မှာ အန္တရာယ်ကျရောက်စေနိုင်တဲ့ အပြောအဆို၊ လုပ်ရပ် မျိုးတွေရှိလို့ သတ်ဖြတ်တယ်ဆိုတာလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က ဒီလိုပဲ သုံးသပ်ပါတယ်ဗျ”
ဇွန်လ ၁၄ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ သူတို့နှစ်ဦးကို သတ်ဖြတ်ခဲ့ သူတွေဟာ အဲဒီရွာက အသက် ၃၀ နှစ်အရွယ် တင်မောင်မျိုးနဲ့ CDM ပြုလုပ်ထားတဲ့ ကြည်ရွာအခြေခံပညာ အထက်တန်းကျောင်းက အသက် ၂၅ နှစ်အရွယ် မူလတန်းပြဆရာ စိုးဇေယျာတို့ ဖြစ်တယ်လို့လည်း ဖော်ပြ ထားပါတယ်။
စောစောက ဒေသခံကတော့ အခင်းဖြစ်နေရာမှာ မျက်မြင်သက်သေမရှိတဲ့အတွက် စစ်ကောင်စီက တရားခံ စွပ်စွဲချက်ဟာ မှန်ကန်မှုမရှိနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့မှာပဲ မန္တလေးတိုင်း တောင်သာမြို့၊ အမှတ်(၄)ရပ်ကွက်က “ယွန်းယွန်း” လျှပ်စစ်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ဒေါ်နှင်းနှင်းဝေ(ခ)ယွန်းယွန်းဟာ ဆိုင်မှာရှိနေစဉ် အမည်မသိသူအမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေ အပေါ် စစ်ကောင်စီက အင်အားသုံးနှိမ်နင်းတာ၊ ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်လာတာကြောင့် စစ်ကောင် စီနဲ့ ပြည်သူတွေအကြားမှာ ပြင်းထန်တဲ့တင်းမာမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်နက်ကိုင် တော်လှန်တဲ့ဖြစ်ရပ်တွေပါ ပေါ်ပေါက်လာခဲ့တာကို တွေ့ရပါတယ်။
ဇွန်လ ၁၂ ရက်နေ့က စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့ခန့်အပ် ထားတဲ့ အုပ်ချုပ်ရေးမှူးတွေအပါအဝင် သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၁၇၃ ဦးအထိရှိနေပြီလို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်ကနေ ဧပြီလ ၁၅ ရက်နေ့အထိ အချိန် နှစ်လခွဲကာလမှာ သတင်းပေးအဖြစ် စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရသူ ၁၇ ဦးရှိခဲ့ရာကနေ ဇွန်လ ၁၁ ရက်နေ့အထိ သတ်ဖြတ်ခံရသူပေါင်း ၁၇၃ ဦးရှိပြီလို့ ပြောဆိုချက်အရ နှစ်လနီးပါးအတွင်းမှာ သတ်ဖြတ်ခံရသူ ၁၅၆ ဦးအထိ တိုးလာတာတွေ့ရပါတယ်။ ဒီအရေအတွက်နဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်း တွေရဲ့ ထုတ်ပြန်ချက်တွေကို မတွေ့ရသေးပါဘူး။
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို သတ်ဖြတ်မှုတွေဟာ NLD ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံ အားပေးသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဇွန်လ ၁၂ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
“NLD ပါတီဝင်တွေ၊ NLD ပါတီထောက်ခံသူ အစွန်းရောက်တွေက ရာဇဝတ် မှုအဖြစ် ကျူးလွန်ခဲ့တဲ့ အဖျက်လုပ်ငန်းတွေရှိပါတယ်။ ဒီအဖျက်လုပ်ငန်းတွေ ကိုတော့ ကျွန်တော်တို့ ဇယားနဲ့ဆွဲထားတာရှိပါတယ်။ ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရသူစာရင်းတွေ အဲထဲမှာတော့ ကျွန်တော် အကြမ်းအားဖြင့်ပြောနိုင် တာက ဒီစာရင်းတွေကို၊ ဒီဇယားတွေကို ကျွန်တော်တို့ မီဒီယာတွေကို ပေး လိုက်ပါမယ်။ ကျွန်တော်ပြောလိုတာက စာသင်ကျောင်း ၁၉၈ ကျောင်းကို မိုင်းထောင်တယ်။ စာသင်ကျောင်း ၅၀ ကို မီးရှို့ခဲ့တယ်။ အပြစ်မဲ့ပြည်သူ ၁၇၃ ဦး သတ်ဖြတ်ခံရပါတယ်”
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်ကတော့ ငြင်းဆိုတာမတွေ့ရပါဘူး။ ဒါဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းအကြမ်းဖက်နေတဲ့ စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးယန္တယားကို ပြန်လည် တိုက်ခိုက်တာဖြစ်လို့ အကြမ်းဖက်လုပ်ရပ်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က တုံ့ပြန်ပြောဆိုပါတယ်။
“ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းကသာလျှင် ကျွန်တော်တို့ အကြမ်းဖက်သမားလို့၊ အကြမ်းဖက်အဖွဲ့လို့ ကျွန်တော်တို့ မှတ်ယူရမှာဖြစ်ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်တာ အကြမ်းဖက်မှု မဟုတ်ပါဘူး။ တရားသောစစ်ဖြစ်ပါတယ်။ ဘာကြောင့်တရားသောစစ်လို့ ပြောရသလဲဆိုရင် တရားဝင် ပြည်သူ့အစိုးရဆီကလည်း အာဏာကိုလုယက် ယူထားတယ်၊ အဓမ္မနည်းပေါင်းစုံနဲ့လည်း တိုင်းရင်းသား ပြည်သူတွေအပေါ် မှာ စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့အတွက် ဒီလိုကျူးလွန်နေတဲ့ အဖွဲ့ အစည်းဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်။ ဒီအကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်တာဟာ တရားသောစစ်ဖြစ်တယ်လို့ ကျွန်တော့အနေနဲ့ ဆိုလိုတာ ဖြစ်ပါတယ်။ ဘယ်သူက အကြမ်းဖက် အဖွဲ့ အစည်းလဲ ဆိုတာကို ပြည်သူကပဲ ဆုံးဖြတ်ပါလိမ့်မယ်လို့၊ သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်”
စစ်ကောင်စီကခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ လုံခြုံရေးအခြေအနေကြောင့် တချို့နေရာ တွေမှာ အုပ်ချုပ်ရေးမှူးအဖြစ်ကနေ နုတ်ထွက်တာ၊ အုပ်ချုပ်ရေးမှူးလုပ်ငန်းတွေ မလုပ်ဆောင်ကြတော့ တာတွေလည်းရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာဆိုရင် ကျေးရွာအုပ်စုပေါင်း ၆၂ ခုရှိတဲ့အနက် ၅၀ ကျော်က အုပ်ချုပ်ရေးမှူး တွေ နှုတ်ထွက်ထားကြလို့ အခုဆိုရင် တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူး ခုနစ်ဦးခန့်လောက်သာ ရှိတော့တယ်လို့ နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးအချို့က ပြောပါတယ်။
စစ်ကောင်စီနဲ့ပြည်သူတွေကြားမှာ ကြားညှပ်တာကိုမခံနိုင်လို့ နုတ်ထွက်ထားတာလို့ ကလေးမြို့နယ်က လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က မိသားစုတွေဘာတွေနဲ့ဆိုတော့ ပြည်သူနဲ့ကြားထဲမှာ နှစ်ဘက်ကြားညှပ်တာတို့ ဘာတို့ ကို မခံချင်ဘူး။ ကျွန်တော့ဒေသ၊ ကျွန်တော့အုပ်စုတစ်ခုအနေနဲ့တော့ စိုးရိမ်စိတ်မရှိပါဘူး။ ဒါပေမဲ့ လူဆို တာက အမျိုးမျိုးဆိုတော့ ပြောလို့တော့မရဘူးပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့လည်း သတိဝီရိယတော့ ရှိရတာပေါ့”
လစ်လပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာမှာ စစ်ကောင်စီက ထပ်မံအစားထိုးခန့်အပ်တာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
ကျေးရွာအုပ်စုတွေမှာ အုပ်ချုပ်ရေးမှူးတွေ မရှိတော့တာကြောင့် ရပ်ရေးရွာရေးကိစ္စတွေမှာ ရပ်ရွာလူကြီး တွေကပဲ ထိန်းသိမ်းကြပ်မတ်ပေးထားကြရတယ်လို့ သူကဆိုပါတယ်။
နိုင်ငံရေးနဲ့ လူ့အခွင့်အရေးသုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ ပြဿနာတွေအတွက် အသက်ကိုရင်းပြီး ဖြေရှင်းရေးဆီ ဦးတည်လာတာကိုမြင်နေရပြီး နောက်ပိုင်းမှာ အဆိုးဘက်ကိုရောက်လာ နိုင်တယ်လို့ ထောက်ပြပါတယ်။
“တော်ရုံတန်ရုံ သည်းခံစိတ်တွေပေါ့နော် အတွေးအခေါ်မတူညီလို့ ဒါမှမဟုတ် သဘောထားမတိုက်ဆိုင်လို့ တစ်ခုခုအဲလို အမြင်မှားတာမျိုးတွေက ယဉ်ယဉ်ကျေးကျေးဖြေရှင်းရမယ့်ဇာတ်လမ်းကနေ လက်နက်ကိုင်၊ ဓားကိုင်၊ တုတ်ကိုင် အဲလို အသက်ရင်းပြီးတော့ ရှင်းကြတော့မယ့် အကျင့်စရိုက်ဘက်ကိုသွားနေပြီဆိုတဲ့ ဟာကို မြင်ရတယ်လေ။ ဆိုတော့ ဒီစစ်ကောင်စီဘက်ကနေလည်း ဒီလိုမျိုးအကြမ်းဖက်မှုတွေကို နှိမ်နင်း ကိုင်တွယ် ရပါတယ်ဆိုတဲ့ဟာမျိုး၊ နယ်မြေရှင်းလင်းရေးတို့ ဘာတို့ဆိုတဲ့ဟာမျိုးတွေကလည်း အမြဲတမ်း သူတို့ ခေါင်းစဉ်သုံးပြီးတော့ လုပ်နေကျဆိုတော့ အဲလိုဟာမျိုးတွေ လုပ်လာနိုင်သလားဆိုတဲ့ စိုးရိမ်မှုတစ်ခု ရှိတယ်။ နောက်တစ်ခုက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ အသွင်ပြောင်းသွားမလားပေါ့။ အထူး သဖြင့် ကျွန်တော်တို့ စိတ်နာနေတဲ့ လူထုလက်ထဲမှာ လွယ်လွယ်ကူကူလက်နက်ရှိတယ်ဆိုရင် အဲဒီဟာက အကြမ်းဖက်မှုတွေဆီ ရောက်သွားဖို့က အရမ်းလွယ်သွားတဲ့အနေအထားမျိုးဖြစ်တယ်”
အခုလိုဖြစ်လာတာကလည်း ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့်ရဲတပ်ဖွဲ့ဟာ ပြည်သူတွေဘက်မှာ မရှိတော့တာအပြင် တရားစီရင်ရေးစနစ်တွေကလည်း မျှတမှုမရှိတော့တာကြောင့် ဖြစ်လာတာလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်ကိုဆန့်ကျင်ရင်း အသက်သေဆုံး၊ ဖမ်းဆီးခံရတဲ့ ပြည်သူတွေအရေး မှတ်တမ်းတင် နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ ၁၆ ရက် မနေ့က ထုတ်ပြန် ချက်အရ စစ်ကောင်စီက ဖမ်းဆီးထားသူ ၄၉၁၁ ဦးအထိ ရှိနေပြီး သေဆုံးသူက ၈၆၅ ဦး အထိရှိနေပြီလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သေဆုံးသူ ၃၀၀ ဝန်းကျင် သာရှိတယ်လို့ တရုတ်အခြေစိုက် Phoenix သတင်းဋ္ဌာနနဲ့ အွန်လိုင်းကတဆင့်ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။