အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက် သေဒဏ်အပြင် ထောင် ၂၂၅ နှစ်ချမှတ်ခံထားရသူ

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သူတွေထဲမှာ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်လည်း တစ်ယောက်ပါဝင်ပါတယ်။

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအား ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သူတွေထဲမှာ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်လည်း တစ်ယောက်ပါဝင်ပါတယ်။

တစ်ချိန်က ရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ ကိုကျော်သက်ဟာ စစ်ကောင်စီကို ကနဦး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆန့်ကျင်ခဲ့ရာကနေ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိလာခဲ့ပြီးနောက် ရရာလက်နက်နဲ့ တိုက်ခိုက်တဲ့ လမ်းစဉ်ကိုရွေးချယ်ခဲ့သူပါ။

"သေဒဏ်ရော၊ ထောင်ဒဏ်ရောချတဲ့ စစ်ကောင်စီ ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေပဲ ပြောချင်တယ်"

စစ်ကောင်စီကို ခုခံရင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက မိတ္ထီလာမြို့နယ် ပင်းတလဲ လမ်းမပေါ်မှာ အဖမ်းခံခဲ့ရပြီး အချိန် ၁၀ လခန့်အကြာ အောက်တိုဘာလ ၂၆ ရက်နေ့က ထောင်ဒဏ် ၂၂၅ နှစ်အပြင် သေဒဏ်ပါချမှတ်ခံခဲ့ရပါတယ်။ ရာဇသတ်ကြီးဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေ အပါအဝင် အမှုပေါင်း ၁၀ ခုလောက်နဲ့ အမိန့်ချခံရတာလို့ဆိုပါတယ်။ အခုတော့ မြင်းခြံအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရ တယ်လို့ ကိုကျော်သက်ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လူငယ်တစ်ဦးကို စစ်ကောင်စီက လူ့သက်တမ်းသုံးဆကျော်အပြင် သေဒဏ်ပါချမှတ် တာဟာ တရားမျှတမှု မရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ မိသားစုနဲ့ ရင်းနှီးတဲ့ အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။

"ပုဒ်မတွေ အများကြီးတပ်ပြီးတော့ သူ့ရဲ့အပေါ်ကို ပြစ်ဒဏ်ချလိုက်တာက နှစ်ပေါင်း ၂၀၀ ကျော်တယ်။ လူ့သက်တမ်းတောင် လွန်ရော၊ ကျွံရော နေရတာ ၁၀၀ ပဲ။ ဒီလိုနှစ်အများကြီး ပြစ်ဒဏ်ချလိုက်တာက ဒီဘဝမှာတောင် သူ့မိသားစုက ပြန်တွေ့ရဖို့က မရေရာတော့ဘူး အဲဒီအပေါ်မှာ စိတ်မကောင်းဘူး၊ အခုလိုမျိုး ပြစ်ဒဏ်ချတာကလည်း တရားမျှတမှုရှိတယ်လို့ မထင်ဘူး"

ဝမ်းတွင်းမြို့နယ်ဟာ ရိုးရာရက်ကန်းလုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကိုကျော်သက်ဟာ မိသားစု စီးပွားရေး အဆင်မပြေတာကြောင့် အတန်းစုံအောင် ပညာ မသင်ခဲ့ရပေမယ့် ရိုးရာပုဆိုး ရက်လုပ်ရာမှာ ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ရက်လုပ်လေ့ရှိတယ်လို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။

သူဟာ မွေးချင်းမောင်နှမ လေးဦးထဲမှာ အကြီးဆုံးသားဖြစ်ပြီး မိသားစုကို ဦးဆောင် လုပ်ကျွေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဝမ်းတွင်းမြို့က ဆန္ဒပြပွဲတွေမှာပါဝင်မှုကြောင့် ကိုကျော်သက် ကို နေအိမ်မှာ အကြိမ်ကြိမ် ရှာဖွေခံခဲ့ရတယ်လို့ ကိုကျော်သက်ရဲ့ မိတ်ဆွေ တစ်ဦးဖြစ်သူ မဝင့်ဝါက ပြောပါတယ်။

"ဒီအာဏာသိမ်း မတိုင်ခင်က လုံးဝကို အေးအေးချမ်းချမ်းနေရတဲ့ လူငယ်မျိုးပဲ။ ဒါကြီးကို မတရားဘူးပေါ့။ သပိတ်တွေမှာ တက်တက်ကြွကြွ ပါတဲ့သူပေါ့။ ကျမတို့ ဘက်က ဖြစ်စဉ်တွေက သပိတ်တွေမှာပါတဲ့သူဆို ဒလန်တွေကတိုင်တော့ နေအိမ်တွေကို လိုက်ရှာခံရတယ်။ အဲဒီတော့ အကုန်လုံး နေအိမ်တွေမှာ မနေရဲတော့ဘူး။ ရှောင်နေကြ ရတယ်"

၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကိုကျော်သက် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်း နှိပ်စက်မှုတွေကြောင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သူကပြောပါတယ်။

ကိုကျော်သက် အဖမ်းခံခဲ့ရတဲ့ အချိန်အတွင်း မိသားစုနဲ့ တွေ့ဆုံခွင့် မရခဲ့သလို ရိက္ခာနဲ့ ဆေးဝါးပို့ဆောင်ခွင့်ကိုပါ စစ်ကောင်စီက ပိတ်ပင်ထားခဲ့တာကြောင့် အခုသူချမှတ် ခံထားရတဲ့ သေဒဏ်အတွက် မိသားစုသိခွင့်မရဘဲ စီရင်ခံရမှာကို စိုးရိမ်မိတယ်လို့ ကိုကျော်သက်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒေါ်အေးဝင်းက RFA ကို ပြောပါတယ်။

"အရှေ့မှာ ကိုဂျင်မီတို့ကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ဥပမာရှိခဲ့တော့ ကိုကျော်သက် ကိုလည်း မိသားစုတွေကို အကြောင်းမကြားဘဲ ကြိုးပေးလိုက်မှာကို စိုးရိမ်တယ်။ အာဏာသာ မသိမ်းခဲ့ရင် ယက်ကန်းရုံမှာပဲ ပျော်မွေ့နေမယ့် ကလေးပါ။ အရက်မပြောနဲ့ ဆေးလိပ်တောင် မသောက်တတ်ဘူး၊ ဒီလိုကလေးကို သေဒဏ်ရော၊ ထောင်ဒဏ်ရော ချတဲ့ စစ်ကောင်စီ ကိုယ့်လိပ်ပြာ ကိုယ်လုံပါစေပဲ ပြောချင်တယ်"

မြင်းခြံအကျဉ်းထောင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းစစ်နိုင် ကိုကိုနိုင်)

နိုင်ငံတစ်ဝှမ်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ လှုမှုတရားမျှတမှုအရ တရားမျှတမှု မရှိဘူးလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ရှေ့နေ တစ်ဦးက ပြောပါတယ်။

“သေဒဏ်တွေ ချမှတ်တာတို့၊ နှစ်ရှည်ထောင်ဒဏ် တွေချမှတ်တာတို့ အဓိက အချက်ဟာ ဒီအမှုကို ကိုင်တွယ်ပြီး စစ်ဆေးကြတဲ့ တရားသူကြီးတွေက အထက်အဖွဲ့အစည်း တစ်ရပ်ရပ်ရဲ့ ညွှန်ကြားချက်အရ လုပ်ကိုင်နေရတယ် ဆိုရင် ဒါဟာ ဥပဒေနဲ့ မညီညွတ် ဘူး။ တရားမျှတမှု မရှိဘူး။ လူငယ်တွေဟာ စွပ်စွဲထားတဲ့ ပုဒ်မတွေကို ကျုးလွန်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အင်မတန်ကြီးလေးသော ထောင်ဒဏ်တွေ၊ သေဒဏ်တွေ ချမှတ်တာက လူမှုတရားမျှတမှု ရှုဒေါင့်ကကြည့်မယ်ဆိုရင် ဒါဟာ ဥပဒေနဲ့အညီ လုပ်တယ်ဆိုသော်လည်းပဲ တရားမျှတမှု အမှန်တကယ် မဖြစ်နိုင်ဘူး"

နိုင်ငံတစ်ဝန်းမှာ ကိုကျော်သက်လိုပဲ ပုဒ်မမျိုးစုံနဲ့ သေဒဏ်ချမှတ်ခံထားရသူတွေကို စစ်ကောင်စီအနေနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးသင့်တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ သေဒဏ် စီရင်မှုတွေအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် ပြည်တွင်း၊ ပြည်ပက ဝေဖန်ရှုတ်ချနေပေမယ့် စစ်ကောင်စီကပြစ်ဒဏ် စီရင်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာကြောင့် ကိုကျော်သက် အပါအဝင် နိုင်ငံတစ်ဝန်းက သေဒဏ်ချမှတ်ခံထားရတဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၁၀ ရက် မနေ့ကအထိ စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဒဏ်ချခံရသူ ၁၄၂ ဦးအထိ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org