စစ်မှုထမ်းဖို့ဆိုပြီး ကျောက်ဖြူက မွတ်စလင်တစ်ရာကျော်ကို စစ်တပ်ဖမ်းဆီးထား
ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းက မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူအခြေစိုက် ခလရ (၅၄၂) က အဓမ္မဖမ်းဆီးသွားပါတယ်။
-
RFA Burmese
2024-03-01 -
-
-
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းက အသက် ၁၈ နှစ်ကနေ ၃၅ နှစ် ကြားအရွယ် မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူအခြေစိုက် ခလရ (၅၄၂) က ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်းမှာ သူတို့ရဲ့ဆန္ဒမပါဘဲ အဓမ္မဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ပထမခေါ်သွားတဲ့ ၁၀၇ ဦးကတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားတွေဖြစ်ပါတယ်”
သူတို့အားလုံးကို စစ်သင်တန်းတက်ဖို့ဆိုပြီး ကျောက်ဖြူအခြေစိုက် ခလရ (၅၄၂) တပ်ရင်းထဲမှာ လူစုထားတယ်လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“၂၉ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက်မှာ သူတို့ စာရင်းကောက်ထားတဲ့ ၁၀၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ ခလရ (၅၄၂) တပ်ရင်းကို ခေါ်သွားတယ်လို့ သိရတယ်။ အဲဒီလူတွေကို ခေါ်သွားပြီးတဲ့နောက်ပိုင်းမှာလည်း ညနေ ၄ နာရီလောက်မှာ နောက်ထပ် လေးဆယ်ကျော်လောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ပထမခေါ်သွားတဲ့ ၁၀၇ ဦးကတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားတွေဖြစ်ပါတယ်”
အဲဒီဖမ်းဆီးမှုကြောင့် ကျောက်တစ်လုံး ဒုက္ခသည်စခန်းက မွတ်စလင်အချို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် နောက်ပိုင်းမှာကျန်နေတဲ့ သူတို့ရဲ့မိသားစုဝင် လေးဆယ်ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးပြီး ကျောက်ဖြူရဲစခန်းကို ပို့ထားတယ်လို့ အဲဒီ ကျောက်ဖြူမြို့ခံကပဲ ဆက်ပြောပါတယ်။
“နောက်ဆုံးခေါ်သွားတဲ့ လူလေးဆယ်လောက်ကတော့ ထွက်ပြေးတိမ်းရှောင်နေကြသူတွေရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အတင်းအဓမ္မ ရိုက်နှက်ပြီးတော့ ကျောက်ဖြူ မြို့မရဲစခန်းထဲကို ခေါ်သွားတယ်လို့လည်း သိရပါတယ်”
အဖမ်းခံထားရသူတွေထဲက ဦးကိုကိုအောင် ကိုတော့ ကျောက်တစ်လုံး ဒုက္ခသည်စခန်းက မွတ်စလင်တွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရတဲ့အကြောင်း သတင်းမီဒီယာတွေကို ပြောဆိုတဲ့အတွက် စစ်ကောင်စီတပ်သားတွေက လူအများရှေ့မှာတင် ရိုက်နှက်ပြီး ဖမ်းခေါ်သွားတယ်လို့ သူက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ အိမ်ထောင်စု လေးရာနီးပါးနဲ့ လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေတာပါ။ အဲဒီအထဲက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ် ၁၆၀ ခန့်ကို မိမိရပ်ရွာတွေကို ကာကွယ်ဖို့ ပြည်သူ့စစ်ထဲဝင်ရမယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မြို့နယ်အာဏာပိုင်တွေက စာရင်းကောက်ယူခဲ့တာပါ။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ခလရ (၅၄၂) တပ်ရင်းက ဗျူဟာမှူး ဦးဆောင်ပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ရှစ်ဆယ်လောက်က ဒုက္ခသည်စခန်းကို ကိုယ်တိုင်ရောက်လာပြီး စစ်သင်တန်းတက်ဖို့ ထမ်မံဖိအားပေးခဲ့တယ်လို့ ကာယကံရှင်တွေက RFA ကို ပြောဆိုခဲ့ပါတယ်။
ငြင်းဆန်သူတွေနဲ့ ထွက်ပြေးသူတွေကိုတွေ့ရင် ရိုက်နှက်သတ်ပစ်မှာဖြစ်သလို ကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း စခန်းကနေ နှင်ထုတ်မယ်လို့ စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျောက်တစ်လုံးဒုက္ခသည်စခန်းက မွတ်စလင်လူငယ် သုံးဆယ်ကျော်ကတော့ စစ်ကောင်စီတပ်ထံမှာ စစ်မှုမထမ်းချင်တာကြောင့် ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ နယ်မြေတွေကို ထွက်ပြေးခိုလှုံသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ အဓမ္မခိုင်းစေတဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောပါတယ်။
“သူတို့ရဲ့ စိတ်ဆန္ဒမပါဘဲနဲ့ အတင်းအဓမ္မ သင်တန်းတက်ခိုင်းပြီးတော့ ရှေ့တန်းမှာ အသုံးချမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ ဒါ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်”
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ ကျောက်တစ်လုံးဒုက္ခသည် စခန်းက မွတ်စလင်တစ်ရာကျော်ကို စစ်သင်တန်းတက်ဖို့ ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းဟာ သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း တုံ့ပြန်ဖော်ပြထားပါတယ်။