တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ ပြည်တွင်းအင်အားစုတွေ ပူးပေါင်းရေး အလားအလာ
အရင်အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေးချုပ်ဆိုထားတဲ့ တိုင်းရင်းသားတွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေး နွေးမှုတွေကို ရပ်ဆိုင်းပြီး ပြည်သူ့လှုပ်ရှားမှုတွေကို ထောက်ခံမယ်လို့ ကြေညာခဲ့တာကို CRPH ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက ကြိုဆိုထောက်ခံခဲ့ပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-02-22 -
-
-
အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေရဲ့ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ ၂ဝ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး CDM ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ထောက်ခံကူညီမှာဖြစ်တယ်။
အကြမ်းဖက်နှိမ်နင်းမှုတွေကို ကန့်ကွက်တယ်၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ တောင်းဆိုတယ်၊ အာဏာ သိမ်း စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပြည်တွင်း ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီPPST အဖွဲ့မှာပါဝင်တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ခေါင်းဆောင် ဦးသံခဲက-
“ဒီနေ့တိုက်ပွဲဟာ ပြည်သူလူထုရဲ့ စစ်အာဏာဆန့်ကျင်ရေး တိုက်ပွဲဖြစ်ပါတယ်။ မည်သည့် နိုင်ငံရေးပါတီ၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမှ ဦးဆောင်လှုပ်ရှားတဲ့ တိုက်ပွဲတခု မဟုတ်ပါဘူး။ အထွေထွေ သပိတ်တိုက်ပွဲကို ကျနော်တို့က ဝန်းရံတာပဲ ရှိပါတယ်။ ဒီတိုက်ပွဲအားလုံးကိုပဲ ကျနော်တို့က အဘက်ဘက် က ကြိုးပမ်းပေးရမယ့် အခြေအနေ ရှိပါတယ်။ တပြိုင်နက်ထဲမှာဘဲ ကျနော်တို့တွေဟာ ဒီစစ်အာဏာရှင် စနစ် သက်ဆိုးရှည်မဲ့ အသိအမှတ်ပြုမှုမျိုးကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ ဒီအတွက်လဲ လက်ရှ စစ်ကောင်စီ က ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အပစ်အခတ်ရပ်စဲရေးတွေဟာ ကျနော်တို့အတွက် လူထုအတွက် အကျိုးရှိစရာ မရှိတဲ့အတွက် ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်ထားဖို့လိုတယ်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တာပါ။ ရှင်းရှင်းပြောရရင် ၁၉၈၈ အရေးတော်ပုံဟာ သပိတ်မှောက်လို့ အာဏာသိမ်းတာ ဖြစ်တယ်။ အခုက အာဏာသိမ်းလို့ သပိတ်မှောက်တာ။ လူထုဆန္ဒကို ဆန့်ကျင်ပြီးတော့ အာဏာသိမ်းလို့ သပိတ်မှောက်တာဖြစ်တယ်”
အခုလို PPST က ကြေညာခဲ့တာကို ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကလည်း ချက်ခြင်းဆိုသလို တရက်တည်းမှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ကာ ကြိုဆိုခဲ့ပါတယ်။ CRPH အနေနဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ ကရင်ပြည်နယ် မြဝတီမြို့မှာ တနင်္ဂနွေနေ့က ဆန္ဒပြဖို့ အနီးဝန်းကျင် ကျေးရွာတွေက ရောက်လာတဲ့ ပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မြို့အဝင်မှာ တားဆီး ခဲ့ပေမယ့် PPST မှာ ပါဝင်တဲ့ KNU ကဝင်ရောက် ဖိအားပေးပြောဆိုမှုကြောင့် လမ်းဖွင့်ပေးခဲ့ရတာကို ဥပမာတခုအဖြစ် ထောက်ပြပြီး CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ လက်ရှိ PPSTအပြင် တရုတ်ပြည်နဲ့ နီးစပ်တဲ့ နိုင်ငံတောင်ပိုင်းက FPNCC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အင်အားကိုပါ ရယူနိုင်မယ်ဆိုရင် အများကြီးအကျိုးရှိနိုင်တယ်လို့ ပြောပါတယ်။
“ဆန္ဒပြပြည်သူတွေအတွက် အားရှိတယ်၊ ဒါအလွန်ကောင်းတဲ့ နမူနာပါ။ တကယ်လို့ မြောက်ပိုင်း FPNCC အဖွဲ့ကလည်းပဲ NCA လက်မှတ်ထိုးထားတဲ့ PPST ခေါင်းဆောင်တွေရဲ့ သဘောထားမျိုးသာ ရှိကြမယ် ဆိုရင် လူထုမှာ အားကိုးလောက်တဲ့ ယုံကြည်လောက်တဲ့ အားထားလောက်တဲ့ လက်နက်ကိုင်အင်အားစု ရှိလေပဲ။ လူထုက လက်နက်မကိုင်ပါဘူး။ ဒါပေမဲ့ လူထုက သူ့လှုပ်ရှားမှုတွေ အကာအကွယ်ပေးမဲ့ အင်အား စုတခုတော့ လိုတာပဲလေ။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ လူထုက ထိပ်တိုက်တွေ့မှု ရှောင်နေတယ် ဆိုတာကို သူက ထိပ်တိုက် မတွေ့တွေ့အောင်တော့ ပြဿနာရှာတော့မှာပဲ။ အဲလို ရင်ဆိုင်ရတဲ့အချိန်မှာ FPNCC အဖွဲ့အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားပေါ်မှာ ပြည်သူလူထုကို ကာကွယ်ပေးမယ်ဆိုတဲ့ အနေအထားမျိုး ရောက်အောင် လွှတ်တော်ကိုယ်စားပြု ကော်မတီအနေနဲ့ ဆက်သွယ်ဆွေးနွေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတရပ်ကို ရှာဖွေသင့်တယ်လို့ ကျနော်ယူဆတယ်။"
ဦးသန်းစိုးနိုင်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ဖွဲ့ရှိပြီး အင်အားစုစုပေါင်း ၁ သိန်းခွဲ လောက်ရှိတဲ့အတွက် အင်အား လေးသိန်းလောက်ရှိတဲ့ တပ်မတော်ကို ရင်ဆိုင်ဖို့ အင်အား တစုံတရာ ရှိပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပ အင်အားစုတွေကို စုပေါင်းနိုင်မယ်ဆိုရင် လူထုတိုက်ပွဲဟာ အချိန်တိုတိုအတွင်း အောင်မြင်မှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။