NCA ပျက်အောင် စစ်တပ်က လုပ်နေတယ်လို့ KNU ဝေဖန်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ နိုင်ငံတကာအသိအမှတ်ပြုမှု၊ လွှတ်တော်ရဲ့ အတည်ပြုမှုတွေကြောင့် တရားဝင်မှု အားကောင်းပေမယ့် စစ်တပ်က ဒီစာချုပ်ကို ပျက်အောင်လုပ်နေတယ်လို့ KNU ခေါင်းဆောင်တချို့က ဝေဖန်လိုက်ပါတယ်။
- 2021-12-23
-
-
-
ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေတဲ့ အရပ်သားတစ်သောင်းဝန်းကျင်ကို အိုးပစ်အိမ်ပစ်ထွက်ပြေးစေတဲ့ စစ်တပ်ရဲ့ လေးကေ့ကော်စီးနင်းမှု အပါအဝင် တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်တာတွေဟာ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ပျက်ပြားအောင်လုပ်တာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တချို့က ဝေဖန်လိုက်ပါတယ်။
NCA စာချုပ်ဟာ ကုလသမဂ္ဂ၊ တရုတ်၊အိန္ဒိယ အပါအဝင် နိုင်ငံတကာအသိသက်သေတွေနဲ့ လွှတ်တော်အတွင်း အတည်ပြုမှုတွေကြောင့် တရားဝင်မှုအားကောင်းပေမယ့် စစ်တပ်က NCA ပြဋ္ဌာန်းချက်တွေကို အကောင် အထည်မဖော်ဘဲ ကြန့်ကြာအောင်လုပ်နေတာကြောင့် အလုပ်မဖြစ်ဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတောနီး က RFA ကို ပြောပါတယ်။
“NCA ဆိုတာ စာချုပ်တစ်ခုဆိုတာ ကျွန်တော်တို့ လုံးဝအသိအမှတ်ပြုတယ်။ ပြီးတော့ ဒီစာချုပ်ဟာ ပင်လုံ စာချုပ်ထက်တောင် ပိုသက်ရောက်မှုရှိတယ်။ ပါလီမန်လွှတ်တော်ထဲမှာလည်း အသိအမှတ်ပြုတယ်။ နိုင်ငံတကာအသိသက်သေတွေကလည်း လက်မှတ်ထိုးထားတယ်ဆိုတော့ ဒါက ပင်လုံစာချုပ်ထက်တောင် သေချာမှုပိုင်းမှာ အများကြီးသာတယ်။ ဒါပေမဲ့လို့ အကောင်အထည်ဖော်တဲ့သူက လုံးဝအကောင်အထည် မဖော်တော့ ဘာလုပ်လို့ရမလဲ။ ဘယ်သူက NCA ပျက်အောင်လုပ်တယ်ဆိုတာ အဲဒီမှာထင်ရှားနေတာပဲ။ ရှိသမျှ အခန်းတိုင်း အခန်းတိုင်းမှာ ဘာမှ အကောင်အထည်ဖော်လို့မရအောင် စစ်တပ်က လုပ်နေတာ။ အဲဒါကြောင့်မို့ NCA ပျက်ပြီလားဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ဟာ ကို ပျက်ပြီလို့ ဘယ်တော့မှ မလုပ်ဘူး။တစ်ခုပဲရှိတာက အဲဒီစာချုပ်မှာ လက်မှတ်ထိုးထားတဲ့သူတွေ ကိုယ်တိုင်က အထူးသဖြင့် စစ်တပ်က လုံးဝအကောင်အထည်မဖော်တော့ လုံးဝကိုအလုပ်မဖြစ်ဘူး။ နောက်ဆုံးအာဏာသိမ်းလိုက်တော့ NCA က ဘာလုပ်တော့မှာလဲ”
လက်ရှိဖြစ်ပွားနေတဲ့ KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲက လေးကေ့ကော်တိုက်ပွဲဟာ စစ်တပ် ဘက်က သဘောတူညီချက်တွေကို ချိုးဖောက်လို့ စတင်ခဲ့တာဖြစ်ပြီး KNLA တပ်တွေအနေနဲ့လည်း ထိန်းချုပ်နယ်မြေထဲ ကျူးကျော်လာတဲ့ စစ်တပ်တွေကို အပြင်းအထန်ခုခံသွားဖို့ အသင့်ရှိတယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်က သူတို့ရဲ့တပ်တွေကို မဆုတ်ခွာတဲ့အပြင် KNU နယ်မြေတွေထဲ စစ်အင်အားတွေ တိုးချလာနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်ဖို့ သေချာသလောက်ရှိတယ်လို့ ဒူးပလာယာခရိုင်ထဲ စစ်ကောင်စီတပ်တွေကို KNLA တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ကိုစိုင်းက RFA ကိုပြောပါတယ်။
"စစ်ရေးအခြေအနေကတော့ စစ်ကောင်စီဘက်က စစ်မြူနေတဲ့သဘောမျိုး တွေ့ရတယ်ဗျ။ အင်အား တွေချဲ့နေတယ်။ ပြင်းထန်လာဖို့ အနေအထားတွေတော့ရှိတယ်။ နောက်တစ်ချက်က NCA ကို ပြန်ပြီး ကစားလာနိုင်မလားဆိုတာလည်းရှိတယ်။ တချို့ EAO ခေါင်းဆောင်ပိုင်းက NCA လမ်းကြောင်းကို မပျက်ချင်တဲ့ အနေအထားတွေရှိတယ်"
လေးကေ့ကော်ဒေသမှာ စစ်အင်အားတိုးချဲ့လာတာတွေ အပါအဝင် စစ်တပ်ဟာ NCA စာချုပ်ကို ပျက်ပြား အောင်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ငြင်းဆိုပါတယ်။
"စစ်ရေးအခြေအနေကတော့ စစ်ကောင်စီဘက်က စစ်မြူနေတဲ့သဘောမျိုး တွေ့ရတယ်ဗျ"
KNLA တပ်မဟာ ၆ ဘက်မှာ စစ်အင်အားတိုးချဲ့နေတာ မရှိသလို NCA ပျက်စီးသွားမှာကို အစိုးရိမ်ဆုံး အဖွဲ့အစည်းဟာ စစ်တပ်ဘဲလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“လေးကေ့ကော်ကိစ္စကို အခုချိန်အထိ မီးမွှေးနေတာ မဆုံးသေးဘူးပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ကလည်း လုံခြုံရေးအရ ဆက်လက်ဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားမှာပဲ။ NCA လမ်းကြောင်းကို ယခင် ဦးသိန်းစိန် အစိုးရကတည်းက ကျွန်တော်တို့ ဆောင်ရွက်နေတာရှိတယ်။ NCA ကို ပျက်သွားမှာ အစိုးရိမ် ဆုံးဘဲ။ ဘာကြောင့် ပျက်သွားမှာ စိုးရိမ်လည်းဆိုတော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ သို့သော် NCA ေလာက်ကျယ်ကျယ်ပြန့်ပြန့် အဖွဲ့အစည်းပေါင်းစုံ ပါဝင်ပြီး နိုင်ငံတကာပါဝင်ပြီး တစ်ခုမှမရှိသေးတဲ့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်”
စစ်ရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကတော့ အကိုင်အတွယ်မတက်ဘူးဆိုရင် ဒီအခြေအနေဟာ အတိမ်းအစောင်းခံလို့ မရတာကြောင့် ပိုပြီးကျယ်ပြန့်တဲ့ တိုက်ခိုက်မှုတွေဘက်ကို ရောက်ရှိသွားနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။
“နှစ်ဖက်စလုံးက စစ်ပွဲကြီး မကျယ်လာအောင်တော့ အတတ်နိုင်ဆုံးထိန်းတော့ ထိန်းနေတဲ့အနေအထားမှာ ရှိနေသေးပါတယ်။ဒါပေမဲ့လည်း ဒီလိုဟာမျိုးက အမှားအယွင်းမခံတဲ့ဟာဖြစ်တယ်။ အဲတော့ ဘယ်လောက် ပဲထိန်းထိန်း အခုလိုအနေအထားမျိုးကနေ ကျယ်ပြန့်သွားတာမျိုး တိုက်ပွဲကြီးတွေ ဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်”
KNU ဟာ သူတို့ရဲ့နယ်မြေတွေကို တပ်မဟာ ၇ ခုခွဲပြီး ထိန်းချုပ်ထားတာပါ။ အဲဒီထဲက တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)နဲ့ တပ်မဟာ(၆) ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်အာဏာာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား သူတွေဟာ KNU ထိန်းချုပ်နယ်မြေတွေအတွင်း ဝင်ရောက်ခိုလှုံနေကြတာကြောင့် စစ်တပ်ဟာ KNU ကို စစ်ရေးအရ ဖိအားပေးမှုတွေရှိခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ ထိုင်း-မြန်မာနယ်စပ် လေးကေ့ကော်မြို့နဲ့ အနီးပတ်ဝန်းကျင်က တိုက်ပွဲတွေ ဟာလည်း လေးကေ့ကော်မြို့ထဲခိုလှုံနေသူတွေကို ဒီဇင်ဘာ ၁၄ ရက်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးရာ ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဒီကနေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သား ဦးရေဟာ ၁၆၀၀၀ အထိရှိလာပြီလို့ ဒုက္ခသည်အရေးကူညီသူတွေက ပြောပါတယ်။