KNU ဥက္ကဋ္ဌ စစ်ကောင်စီနဲ့ဆွေးနွေးလိုမှုအပေါ် တုံ့ပြန်ချက်များ

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက လက်ရှိမှာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင် နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရတယ်။ သူတို့ အဖွဲ့အနေနဲ့ NCA မူဘောင်အတိုင်း တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်မယ်လို့ မေလ ၁ဝ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး။ Photo: Citizen Journalist

စစ်ကောင်စီကို လက်နက်ကိုင်ဖယ်ရှားဖို့ လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစု အများအပြားဟာ KNU စိုးမိုးဒေသတွေမှာ လက်ရှိ ခိုလှုံနေရတာဖြစ်ပါတယ်။ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက အခုလို တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ဆက်လက်ကျင့်သုံးမယ်လို့ မနေ့က လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အတွက် နွေဦးတော်လှန်ရေး အင်အားစုတွေအကြား စိုးရိမ်ပူပန်မှုတွေေ ပေါ်ပေါက်ခဲ့ပါတယ်။ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်ကို ဆက်သွယ်ခဲ့ရာမှာ ဒီစာ ထုတ်ပြန်တာကိုသူမသိသေးကြောင်း၊ သူတို့အနေနဲ့ NUG အစိုးရကို အသိအမှတ်ပြုထားပြီး CDM သမားတွေကိုလက်ခံထားကြောင်းနဲ့ အဲဒီသူတွေထဲက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပူးပေါင်းလာတဲ့အင်အားစုတွေကို တော်လှန်ရေးအတွက် သင့်တော်သလို လက်တွဲမှာဖြစ်ကြောင်း ပြောပါတယ်။

“အာဏာသိမ်းအုပ်စုကနေ လက်နက်အင်အားနဲ့ ဒေသခံတွေကို တိုက်ခိုက်နေလို့ သူ အဲဒီလို ပြောတာလား မသိဘူး။ သူပြောတာရှိတာကတော့ သူပြောမှာက ကျနော်ထင်တာ အောက်ခြေမှာ ကျနော်တို့လုပ်စရာရှိတာတော့ လုပ်ရမှာဘဲ။ ဒီစစ်အုပ်စုကို အပြတ်တိုက်နဲ့နည်းနဲ့မှ ရမှာ။ မတိုက်လို့မှ မရတာ။ သူတို့က တရားဝင် အစိုးရလဲ မဟုတ်ဘူး၊ ပြည်သူ့အာဏာသိမ်းထားတဲ့ စစ်တပ်ဘဲဟာ။ နိုင်ငံရေးနည်းကို စစ်ရေးနဲ့ဖြေရှင်းလို့မရဘူးဆိုတာ ကျနော်တို့လက်ခံတယ် ဒါပေမဲ့ နိုင်ငံရေးနည်းကို စစ်ရေးမပါဘဲ ဖြေရှင်းလို့ မရဘူးလို့ ကျနော်တို့ယုံကြည်တယ်။ တဖက်ကကြည့်ရင်လည်း NCA ဟာ သေနေပြီ၊ လေဖြတ်နေပြီဟာ။ NCA ဟာ ခေါင်းလှုပ်လို့မရ ဖင်လှုပ်လို့ မရ ၊ ဘာမှလုပ်လို့ မရတော့ဘူးလေ၊ အာဏာသိမ်းစစ်ကောင်စီနဲ့လဲ ဘာမှ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ကျနော်ထင်တယ်။ လက်နက်မကိုင်လို့ကို မရတာ။ အခု ကျနော်တို့ကို ပြည်မကနေ KNU ကို ဝိုင်းဝန်းထောက်ခံနေကြတယ်။ NUG ကိုလည်း ကျနော်တို့ လက်ခံတယ်ပေါ့နော်။ သူတို့ကလည်း ကျနော်တို့ကို အပြန်အလှန် အသိအမှတ်ပြုကြတာပေါ့။ အခု NUG အစိုးရတော့ ကျနော်တို့ဖွဲ့လိုက်ပြီ၊ လက်ရှိအခြေအနေမှာ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့ အလုပ် မလုပ်နိုင်သေးဘူးပေါ့နော်။ ရှေ့ဆက်အလုပ်လုပ်နိုင်ဖို့က တိုင်းရင်းသား လက်နက်ကိုင်အများစုနဲ့ ပြည်မက လူတွေ နဲ့ တက်ညီလက်ညီ လုပ်နိုင်ဖို့လိုတယ်လို့ ကျနော်တော့ အဲလိုမြင်တယ်”

တိုင်းရင်းသား အင်အားစုတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ပင်လုံသုတေသနအဖွဲ့ခေါင်းဆောင် ကိုစိုင်းထွန်းအေးကလည်း အဲဒီစာဟာ KNU ဥက္ကဋ္ဌ တဦးတည်းရဲ့ သဘောထားဖြစ်ပြီး မကြာခင် ရာထူးက အနားယူတော့မယ်လို့ သူကြားရကြောင်း ပြောပါတယ်။

“ဗဟိုကော်မတီအားလုံးနဲ့ဆိုရင် KNU ရဲ့ တံဆိပ် seal တွေ၊ letter head နဲ့ရေးမယ်၊ နောက်ဒါနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဘယ်သူ၊ contact နံပါတ်တွေက စပြီး ပေးရတဲ့ထုံးစံရှိတယ် KNU မှာ။ သူက အသက်ကလဲ ၉ဝ နားကပ်နေတဲ့ အရွယ်ဖြစ်တာပေါ့။ နောက် မကြာခင်မှာ KNU က ကွန်ဖရန့်လုပ်တော့မယ်လေ။ သူက နားရတော့မယ့် ပုံစံရှိနေတယ်။ လက်ရှိအခြေအနေအရလဲ လေကြောင်းတွေ နဲ့ စစ်ရေးအရ အလုံးအရင်းဖိလာတဲ့အပေါ်မှာ သူ့အနေနဲ့လဲ ကရင်တွေထပ်ပြီး ခံရမှာကိုလဲ စိုးရိမ်စိတ်ကလေးလဲ ရှိကောင်းရှိလိမ့်မယ်။ NCA မှာ KNU ဥက္ကဋ္ဌ အနေနဲ့ သူကိုယ်တိုင် ဦးဆောင်လက်မှတ်ထိုးခဲ့လို့ NCA ဖြစ်လာတာပေါ့။ NCA ဇာတ်လမ်းက သူက စခဲ့သလို အဆုံးကိုလဲ ကောင်းစေချင်တဲ့ စိတ်ဓာတ်လဲ စွဲနေတဲ့ပုံစံ ဖြစ်ပါလိမ့်မယ်။”

မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ ဒီကြေညာချက်ဟာ အံ့သြစရာမဟုတ်ပါဘူးလို့ ဝေဖန်ပါတယ်။

“ဦးမူတူးစေးဖိုးက တော်တော့်ကို ဒေသဖွံ့ဖြိုးရေးနဲ့ တပ်မတော်နဲ့ပူးပေါင်းဆောင်ရွက်ရေးကို တလျှောက်လုံး လက်ခံပြောခဲ့တာ။ သူနဲ့သဘောထားကွဲလွဲတာ KNU ထဲမှာလဲ ရှိပါတယ်။ ဥပမာ နော်စီဖိုးရာစိန် တို့ အုပ်စုရဲ့ သဘောထားကျတော့ အဲလိုမဟုတ်ဘူး။ အဓိကအားဖြင့် တပ်မဟာ ၅ ဖာပွန်ခရိုင်က ဒေသတွေမှာ တောက်လျှောက်တိုက်နေတာ။ အဲလိုတိုက်တဲ့အတွက် စစ်ကောင်စီကလဲ လေယာဉ်ပျံနဲ့ ဗုံးကြဲတာပေါ့။ ဒေသခံတွေ ထိုင်းဘက် ထွက်ပြေးရတာလဲ ၄-၅ ထောင် လောက်ရှိနေပြီ။ သေဆုံးဒဏ်ရာရတာကလဲ ၁ဝ ယောက်ပတ်ဝန်းကျင်လောက် ရှိနေပြီ။ အဲဒီအချိန်မှာ သူထက်သန်တဲ့ ဒီ ဖွံ့ဖြိုးရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သူဆက်လုပ်ချင်တဲ့ သဘောပါဘဲ။ KNU ထဲမှာ နဂိုထဲက DKBA နဲ့ BGF တို့က အစိုးရနဲ့ ပူးပေါင်းပြီးသား။ အခုကတော့ ကြည့်ရတာ ဥက္ကဌကြီး နဲ့ တပ်မဟာ ၅ တို့ နော်စီဖိုးရာစိန်တို့လို အင်အားစုတွေကြားထဲမှာ ထပ်ပြီးတော့ ကွဲဦးမယ်လို့ ကျနော်ကတော့ မြင်နေပါတယ်။ ဒီအချိန်မှာ အဲလို ကွဲကြ ပြဲကြတာဟာ တပြည်လုံးအတွက် နိုင်ငံရေးလှုပ်ရှားမှုအတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ထပ်ပြီးတော့ မကွဲပြားကြအောင် NUG နဲ့ ပူးပေါင်းပြီး ဆက်လက်ပြီး တော်လှန်ရေးလှုပ်ရှားမှုထဲမှာ ပူးပေါင်းပါဝင်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။”

နိုင်ငံရေးလေ့လာသူတဦးဖြစ်တဲ့ ရှေ့နေကြီး ဦးကြီးမြင့်ကလည်း -

“ကျနော် ဒီစာကို ဖတ်ရတဲ့အချိန်မှာ ပထမတော့ စာအတုလို့ ထင်တယ်။ နောက်တော့ ဥက္ကဌက သူ့သဘောနဲ့သူ ရေးလိုက်တယ်လို့ ကြားရတဲ့အခါ ကျနော် တော်တော်လေး စိတ်ထိခိုက်တယ်။ ဘယ်လိုဘဲပြောပြော ကျနော် KNU ကို ထိပ်တန်းမှာထားပြီး ကျနော်တို့ကျောင်းသားတွေ ပြည်သူတွေ ဒုက္ခရောက်ချိန်မှာ ခိုလှုံခွင့်တွေပေးတယ် ကူညီတွေပေးတယ် စွမ်းစွမ်းတမံ တိုက်ပွဲဝင်တဲ့ အဖွဲ့ကြီးဖြစ်တော့ ဒါကို အမြဲတမ်းကျေးဇူးတင်တယ် သတိရတယ်။ အခု ဒီစာကိုဖတ်လိုက်ရတော့ ဖဒိုမန်းငြိမ်းမောင်ကို ကျနော်ပြေးပြီးတော့မြင်ယောင်တယ်၊ ကျနော် ဖဒိုမန်းငြိမ်းမောင်အမှုကို လိုက်ပေးခဲ့တုန်းက KNU အဖွဲ့ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ လိုက်ပေးခဲ့တာ။ ဦးစောမူတူးစေးဖိုးက KNU အဖွဲ့ကြီးကို မတင်ပြဘဲနဲ့ သူ့စိတ်ခံစားချက်နဲ့သူ လွယ်လွယ်ရေးလိုက်တယ်လို့ ယူဆတယ်။ သို့သော်လည်း KNU အဖွဲ့ကြီးက ဒီကိစ္စမှာ သူတို့သေသေချာချာ အစည်းအဝေးထိုင်ပြီးတော့ သူတို့အစဉ်အလာကောင်းကို ဆက်လက်ရပ်တည်မယ်လို့ ကျနော် ယုံကြည်ပါတယ် မျှော်လင့်ပါတယ်တိုက်လဲတိုက်တွန်းပါတယ်"

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ အခု ဆွေးနွေးရေးကြေညာချက်နဲ့ပတ်သက်ပြီး မကြာခင်ရက်ပိုင်းအတွင်း KNU ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ကြားသိရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org