ခင်ဦးတိုက်ပွဲမှာ တစ်ရက်တည်း စစ်ကောင်စီ ၆၀ ကျော်သေဆုံးခဲ့ကြောင်း PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ပြောက်ကျားစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မနေ့က အောက်တိုဘာ ၁၅ ရက် တစ်နေ့တည်းမှာတင် စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် အယောက် ၆၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်က ထုတ်ပြန်ပါတယ်။

လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဥ် Photo: AFP

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ တဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ပြောက်ကျားစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် မနေ့က အောက်တိုဘာ ၁၅ ရက် တစ်နေ့တည်းမှာတင် စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် အယောက် ၆၀ ကျော် လောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

PDF တပ်ဖွဲ့ဝင်တွေက ပူးပေါင်းပြီး နေရာစုံကနေ စစ်ကောင်စီတပ်သားတွေကို ချောင်ပိတ်တိုက်ခိုက်နိုင် ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တာလို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မနက်ပိုင်းမှာကတည်းက စပြီးတော့ဆွဲတာ သူတို့ဒါထိခိုက်ကျဆုံးမှုက စဝင်လာကတည်းကိုက စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးမှုများတာပေါ့ တစ်နေကုန်ပါပဲ မနေ့ကကျတော့ ခင်ဦးတစ်မြို့နယ်လုံး နေရာစုံထောင့်စုံကနေ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ကြတာပေါ့။ သူတို့ဖြစ်နေတာက မြို့ရဲ့အစွန်တောင်ခြမ်း မှာလည်း လုပ်တယ် မြောက်ခြမ်းမှာလည်းလုပ်တယ်။ သူတို့ရဲ့ ပင်မစခန်းမှာလည်း သွားပြီးတော့ လက်ပစ်ဗုံးနဲ့ပစ်တယ် အခြားနေရာတွေမှာလည်း သူတို့မရောက်တာတွေရှိမှာပေါ့ ကြိုတင်ပြင်ဆင်မှု တွေကတော့ အများကြီးပါပဲ”

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့ဘက်က တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့ နယ်ထဲမှာ နှစ်ကြိမ် မိုင်းခွဲ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား သုံးဆယ်ထက်မနည်း သေဆုံးနိုင်ကြောင်း ဒီနေ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ခင်ဦးဘက်က တိုက်ပွဲအခြေအနေတွေကို ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ RFA က ဒီကနေ့ ညနေပိုင်းမှာ ဖုန်းဆက်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

တစ်ရက်တည်းမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ လောက်သေဆုံးခဲ့တယ်ဆိုတဲ့ PDF တပ်ဖွဲ့ တွေက ထုတ်ပြန်တဲ့စာရင်းဇယားကို RFA အနေနဲ့ သီခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အောက်တိုဘာ ၁၆ ရက် ဒီနေ့မှာလည်း ခင်ဦးမြို့အထွက်မှာ မိုင်းရှာနေတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား နှစ်ယောက်သေဆုံးခဲ့သလို ခင်ဦးမြို့မရဲစခန်းနဲ့ စခန်းရဲ့ စစ်ဆေးရေးဂိတ်ပေါက်ကို လက်လုပ်ဗုံးတွေနဲ့ အနီးကပ်ပစ်ပေါက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား နှစ်ယောက် စုစုပေါင်း လေးယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

ဒါ့ပြင် ခင်ဦးမြို့ထဲက မူးသာတောကျောင်းအနီး၊ အင်းပတ်ကွေ့၊ နှောကုန်းရွာလမ်းခွဲ၊ မုံတောရွာ၊ ကျီးအိုင် ရွာထိပ် စတဲ့နေရာတွေမှာ နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တစ်လုံးမိုင်း၊ အတွဲလိုက် ပေါက်ကွဲတဲ့ ပဒေသာမိုင်း စတာတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က အတော်လေး အထိနာခဲ့တယ်လို့လည်းဆိုပါတယ်။

ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီတပ်သားတွေရဲ့ စစ်ဆင်ရေးတွေမှာ လိုက်ပါကူညီပေးနေတဲ့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ငါးယောက်ကိုလည်း မနေ့က တစ်ရက်ထဲမှာပဲ ရှင်းလင်း လိုက်တယ်လို့ ခင်ဦးမြို့နယ် အခြေစိုက် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တောကြီးမြွေဟောက်အဖွဲ့ကပြောပါတယ်။

အဲဒီ သေဆုံးသွားတဲ့ ပျူစောထီးအဖွဲ့ဝင် ငါးယောက်ဆီကနေ ပြည်သူ့စစ်အဖွဲ့ (ခင်ဦး) ဆိုတဲ့ တံဆိပ်တွေနဲ့ ယူနီဖောင်းတွေကိုပါ သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။

သူတို့တွေဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်ဖျက်ဆီးနေတာကြောင့် ပစ်သတ်ခဲ့တာလို့ တောကြီးမြွေဟောက် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ပျူစောထီးတွေ သိတဲ့အတိုင်းပဲ စကစတွေနဲ့ ပူးပေါင်းပြီးတော့ အပြစ်မဲ့ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုပေါ့ဗျာ။ ခိုးယူတယ် လုယူတယ်ပေါ့ ဆန်စပါးကစ ဆီပုံး ဆန်အိပ် ထွေလာဂျီ ကားပေါ့ဗျာ အိမ်တွေမီးရှို့ စကစတွေနဲ့ပေါင်းပြီး သူတို့က ဒီလိုတွေလုပ်နေတော့ ကျနော်တို့ တောကြီးမြွေဟောက်အဖွဲ့ အနေနဲ့က လက်သင့်ခံလို့ မရဘူးဖြစ်နေတယ်”

ခင်ဦးမြို့နယ်ထဲမှာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာ ဒေသခံကျေးရွာသားတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ မကြာ ခနဆိုသလို ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအောက်တိုဘာ လထဲမှာတော့ စစ်ကောင်စီ ဘက်က ရွာကိုဝင်စီးတာအပြင် နယ်မြေရှင်းလင်းရေးအတွက် စစ်ဆင်ရေးကြီး သဖွယ်လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ခင်ဦးမြို့ရဲ့ မြောက်ဘက်က ပျူစောထီးတွေ အများစုနေကြတဲ့ မဒေါင်းလှရွာကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သွားဝိုင်းတာမျိုးတွေရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ ရတယ်လို့ ဒေခသံတစ်ဦးကပြောပါတယ်။

(ခင်ဦးမြို့အတွင်းက ကျေးရွာတွေအနီးက စစ်ကောင်စီတပ် ရဟတ်ယာဉ်များကို တွေ့ရစဉ်) Photo: CJ

“ရဟတ်ယာဉ်တွေ လှမ်းခေါ်တာ ရေဦးဘက်ကနေ ရဟတ်ယာဉ်တွေလာပြီးတော့ မဒေါင်းလှအပေါ်မှ လေးပတ်လောက်ဝဲပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း အကုန် ပြန်ဆုတ်သွားနိုင်တာ ဖြစ်တဲ့အတွက် အပစ်အခတ်တော့မရှိဘူး သူလည်းလေးပတ်လောက်ပတ်ပြီးတော့ ပြန်သွားတယ် ငါးနာရီလောက်ကျတော့”

စစ်ကိုင်းတိုင်းထဲမှာ မနေ့က တစ်ရက်တည်းမှာပဲ ခင်ဦးမြို့နယ်အပြင် အရာတော်မြို့နယ်ထဲမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အရာတော်-နောင်ကြီး အိုင်လမ်းပေါ်မှာ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေကို အရာတော်မြို့နယ် တော်လှန်ရေး အင်အားစုက သုံးကြိမ်တိုင်တိုင် မိုင်းဆွဲ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရနိုင်ကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ကလေး-တမူးအာရှလမ်းမကြီးပေါ်နဲ့ ဝက်လက်မြို့နယ် တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တာ မိုင်းဆွဲ တိုက်ခိုက်တာတွေကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီကို မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့က ကြေညာလိုက်တဲ့ နောက်ပိုင်းမှာ တစ်တိုင်းပြည်လုံးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ဗြိတိန်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် ပဋိပက္ခတွေကို ထပ်မဖြစ်စေချင် တော့ဘူးလို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ အောက်တိုဘာ ၁ ရက်ကနေ လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ အချိန် ငါးလကြာ အပစ်အခတ် ရပ်စဲသွားမယ်လို့ ကြေညာထားပေမယ့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်ဘက်ကို စစ်အင်အား၊ လက်နက်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေပြီး နောက်မှာ အဲဒီဒေသတွေမှာ အရင်ထက်ပိုပြီး တိုက်ပွဲတွေပြင်းထန်လာတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org