မြန်မာသတင်းသမား ၃၄ ဦးကို စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထား
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်တွင်းသတင်းသမား ၁၀၂ ဦးရှိပြီး အဲဒီအထဲက အောက်တိုဘာလ ၂၅ ရက်အထိ ပြန်လွတ်လာသူ ၆၈ ဦးရှိတဲ့အတွက် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲ သတင်းသမား ၃၄ ဦး ကျန်နေသေးတယ်လို့ မီဒီယာအရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
- 2021-10-25
-
-
-
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ပြည်တွင်းသတင်းသမား ၁၀၂ ဦးရှိပြီး အဲဒီအထဲက အောက်တိုဘာလ ၂၅ ရက် ဒီနေ့အထိ ပြန်လွတ်လာသူ ၆၈ ဦး ရှိတဲ့အတွက် အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေထဲမှာ ထိန်းသိမ်းခံနေရဆဲ သတင်းသမား ၃၄ ဦး ကျန်နေသေးတယ်လို့ မီဒီယာအရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
သတင်းသမားတွေဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အခုထိ ဆက်လက်ဖမ်းဆီးခံနေကြရဆဲဖြစ်တယ်လို့ ထိန်းသိမ်းခံသတင်းသမားတွေရဲ့ စာရင်းကို ပြုစုနေတဲ့ စာရေးဆရာ ကိုဟန်ဇော်က RFA ကို ပြောပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ယနေ့အထိ အဖမ်းခံရတယ်၊ ထိန်းသိမ်းခံရတဲ့ သတင်းသမား စုစုပေါင်းက ၁၀၂ ဦး ရှိသွားပါပြီ။ တရားဝင် အတည်ပြုလို့ရတဲ့ စာရင်းပါ။ ၁၂၀ ယောက်တိတိက အဖမ်းခံရတယ်။ ထိန်းသိမ်းခံရတယ်။ တချို့တွေဆို ရင် ပုဒ်မ ၅၀၅ နဲ့ ထိန်းသိမ်းခံရတဲ့သူတွေလည်းပါတယ်။ ဒီကာလထဲမှာ စုစုပေါင်း ပြန်လွတ်လာတဲ့ သူဆိုရင် ၆၈ ယောက် ရှိသွားပြီ။ တရားစွဲခံရတဲ့သူက ၆၀ ရှိပါတယ်။ လက်ရှိ ကျနော်တို့ အကျဉ်းထောင်ထဲမှာရော အချုပ်ထဲမှာရော ထိန်းသိမ်းခံထားရတယ်လို့ တရားဝင်ပြောနိုင်တဲ့ စာရင်းအရ ၃၄ ယောက် ကျန်ပါတယ်”
ထိန်းသိမ်းခံနေရဆဲ သတင်းသမားတွေကတော့ ရန်ကုန်တိုင်းမှာ ၁၁ ဦး၊ မန္တ လေးတိုင်းမှာ သုံးဦး၊ ပဲခူးတိုင်းမှာ နှစ်ဦး၊ စစ်ကိုင်းတိုင်း မှာ သုံးဦး၊ မကွေးတိုင်းမှာ နှစ်ဦး၊ ဧရာဝတီတိုင်းမှာ လေးဦး၊ ရှမ်းပြည်နယ်မှာခြောက်ဦးနဲ့ ကချင် ပြည်နယ်မှာ သုံးဦးတို့ ဖြစ်ပါတယ်။
အဲဒီ ၃၄ ဦးထဲမှာ အမျိုးသားသတင်းထောက် ၂၄ ဦးနဲ့ အမျိုးသမီးသတင်းထောက် ၁၀ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
"သတင်းတွေကို ပြည်သူလူထုတွေကို မသိစေချင်လို့ သတင်းအမှောင်ချချင်တဲ့ ပုံစံမျိုးပဲ”
သတင်းသမားတွေဟာ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က) အပြင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ - ၁၂၄(က)၊ မတရားအသင်း ဆက်နွယ်မှု ပုဒ်မ ၁၇ (၁)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်တဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အမိန့်ကို ဖီဆန်မှု ပုဒ်မ -၁၈၈၊ သွင်းကုန် ထုတ်ကုန် ဥပဒေ ပုဒ်မ - ၈ စတဲ့ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံနေကြရတာလို့ သတင်းမီဒီယာအရေး စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။
NUG ၊ PDF လို အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူတွေကို အဲဒီအကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားတာလို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ ဇေယျာတိုင်းမ်သတင်းဌာနဆိုရင် အယ်ဒီတာချုပ် စောရန်ပိုင် အပါအဝင် သတင်းထောက်တွေဖြစ်တဲ့ ဒီမြတ်ငြိမ်း၊ ပြည့်ဖြိုးအောင်၊ ဝဏ္ဏအောင်၊ ငြိမ်းဇော်လင်း တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အပြင် နောက်ပိုင်းမှာ အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) (ဂ) ဖြင့်ပါ ထပ်တိုး အမှုဖွင့်ခံထားကြရပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေအတွက် ရေးဆွဲပြဌာန်းထားတဲ့ မီဒီယာဥပဒေရှိပေမယ့် စစ်ကောင်စီက အဲဒီ ဥပဒေကို အသုံးမချတာကြောင့် သတင်းမီဒီယာဥပဒေရဲ့ အကာအကွယ်ကို မရကြဘူးလို့ တရားလွှတ်တော် ရှေ့နေ တစ်ဦးဖြစ်သူ ဦးသန်းဇော်အောင်က ပြောပါတယ်။
“သတင်းမီဒီယာသမားတွေမှ မဟုတ်ဘူး။ ဒီအချိန်မှာ ဥပဒေရဲ့ အကာအကွယ်ကို တော်တော်များများ မရကြဘူးနော်။ ဘယ်သူမှ ဥပဒေရဲ့ အကာအကွယ်ကိုရဖို့က အပြည့်အဝရဖို့က ခက်ခဲသွားပြီ။ သတင်း မီဒီယာသမားတို့ ဘယ်သူ ဘယ်ဝါလို့ သီးခြားပြောဖို့ အခုချိန်မှာ မလိုဘူး”
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်ထဲမှာ အမျိုးသမီး အလွတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ မသူဇာ လည်း ပါဝင်လာမယ်လို့ မိသားစုက မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ မသူဇာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ မသူဇာရဲ့ ခင်ပွန်း ကိုရဲကိုက ပြောပါတယ်။
“တကယ်ချခံနေရတဲ့ သူတို့အတွက်ပြောရရင်လည်း ငါလွတ်တော့မယ်ဆိုပြီးတော့ ဝမ်းသာနေတာ။ လက်တွေ့လည်းကျရော ဘာမှဖြစ်မလာဘူး။ ဘယ်လောက်အထိ စောစောကပြောသလို စိတ်ပင်ပန်းတယ်။ ငါတော့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ စိတ်ဒုန်းဒုန်းချထားတဲ့ လူတစ်ယောက်က မထင်မှတ်ဘဲနဲ့ ငါလွတ်တော့ မယ် ဆိုပြီးတော့ ပျော်ရွှင်နေတဲ့အချိန်မှာ စိတ်ကို ရိုက်ချိုးတာ။ ဒါက အနုနည်းနဲ့ ပြည်သူလူထုကို သတ်နေ တာလို့ပဲ ပြောချင်တယ်”
အလွတ်သတင်းထောက် မသူဇာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ကမာရွက်မြို့နယ်မှာ အဖမ်းခံရပြီး တစ်လ ကျော်အထိ မိသားစုနဲ့ အဆက်အသွယ် အဖြတ်ခံခဲ့ရသလို အခုတော့ အင်းစိန်ထောင် အထူးတရား ရုံးမှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကို ခံထားရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ရဲ့ ဟာလည်း လွတ်ငြိမ်းသက် သာခွင့်မှာ လွတ်လာမယ်သတင်းကြားလို့ စောင့်နေခဲ့ပေမယ့် လက်တွေ့မှာ ပါမလာခဲ့ဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးကတော့ RFA ကို ပြောပါတယ်။
“အခုထက်ထိတော့ လွတ်မလာသေးတဲ့အတွက် ကျမအနေနဲ့ မိသားစုဝင်အနေနဲ့ စိတ်မကောင်းဖြစ်တာ ပေါ့နော်။ လွတ်လာမယ်လို့ သတင်းကြားပြီးတော့မှ မလွတ်လာဘူးဆိုတော့လေ။ နောက်ပြီးတော့ အကျဉ်းကျနေတဲ့ သတင်းထောက်အားလုံးကိုလည်း လွတ်မြောက်စေချင်ပါတယ်။ သူတို့ကတော့ သူတို့ အလုပ်ကို လုပ်နေရင်းနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရတာတွေဖြစ်တယ်။ သတင်းလွတ်လပ်ခွင့်အတွက် သူတို့ကို လွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်ရှင့်”
ရှမ်းပြည်နယ်မှာဆိုရင် စစ်အာဏာသိမ်း ပြီးနောက်ပိုင်း သတင်းထောက် ခုနစ်ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက တာချီလိတ် သတင်းအေဂျင်စီက ဓာတ်ပုံသတင်းထောက် ကိုကျော်ဇင်ဟိန်း တစ်ဦးသာ ပြီးခဲ့တဲ့ အောက်တို ဘာလ ၁၉ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပါတယ်။
သတင်းသမားအများစုဟာ စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုကြောင့် တခြားမြို့နယ်တွေကို တိမ်းရှောင်ပြီး သတင်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ရာကနေ ဖမ်းဆီးခံရတာလို့ ဒေသခံသတင်းသမားတွေက ပြောပါတယ်။
စစ်ကောင်စီက ပြန်လွှတ်တဲ့အထဲမှာ ရှမ်းပြည်နယ်က သတင်းမီဒီယာသမားတွေ မပါလာတာကိုကြည့်ရင် သတင်းသမားတွေကို စစ်ကောင်စီက ပိုမိုနှိပ်ကွပ်နေတာကို အထင်အရှားမြင်နိုင်တယ်လို့ ရွှေဖီမြေ သတင်းဌာန အယ်ဒီတာ တစ်ဦးက ပြောပါတယ်။
“ရှမ်းပြည်နယ်ထဲက သတင်းသမားတွေက သိသလောက်ဆို ရှမ်းအရှေ့က တစ်ယောက်ပဲပါတယ်။ ရှမ်း တောင်က ငါးယောက်ဆိုလည်း မပါဘူး။ ရှမ်းမြောက်က တစ်ယောက်ဆိုလည်း မပါဘူး။ လက်ရှိရှမ်းပြည် နယ်ထဲက အခြေအနေကတော့ လွတ်တဲ့အထဲမှာ အဲဒီတစ်ယောက်ပဲပါတယ်လို့ ပြောလို့ရတာပေါ့၊ ရှမ်းတောင်ရှမ်းရှေ့က တစ်ယောက်မှ လွတ်တဲ့အထဲပါမလာဘူး။ ရှမ်းပြည်နယ်ထဲက သတင်းဌာနတွေ တသင်းထောက်တွေကို ရှင်းရှင်းပြောရရင် စစ်ကောင်စီက မဲနေတာပေါ့။ ဟို အရင် မဖမ်းခင်ထဲက လိုက်ရှာတာတွေ စုံစမ်းတာတွေ တောက်လျှောက်သူတို့ လုပ်နေခဲ့တယ်။ ဒီကြားထဲမှာမှ တချို့တွေကို သူတို့ ဖမ်းမိသွားတယ်။ အဓိကကတော့ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့ သတင်းတွေကို ပြည်သူလူထုတွေကို မသိစေချင်လို့ သတင်းအမှောင်ချချင်တဲ့ ပုံစံမျိုးလို့ပဲ ကျွန်တော်တို့က ထင်ပါတယ်”
တာချီလိတ်အခြေစိုက် တာချီလိတ် သတင်းအေဂျင်စီကို အာဏာသိမ်းစစ်ကောင်စီက ဖျက်သိမ်းတဲ့အထဲ ထည့်သွင်းခံထားရသလို သတင်းအယ်ဒီတာ ကိုဇောင်ကို (၅၀၅-က) (ခ) တို့နဲ့ အမှုဖွင့်ခံထားရပြီး ကျန်သတင်းထောက် သုံးဦးကိုလည်း (၅၀၅-က) နဲ့ အမှုဖွင့်ထားလို့ တိမ်းရှောင်နေရတယ်လို့ အယ်ဒီတာ ကိုဇောင်က ပြောပါတယ်။ အလားတူ ရှမ်းပြည် အခြေစိုက် မဲခေါင် သတင်းဌာန တာဝန်ခံကိုလည်း (၅၀၅-က)နဲ့ အမှုဖွင့် ထားလို့ မိသားစုလိုက် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ သတင်းသမားတွေ ရှိနေသေးသလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အချိန်ကိုးလနီးပါးကာလမှာလည်း သတင်းမီဒီယာသမားတွေ အားလုံးဟာ သူတို့ရဲ့ သတင်းလုပ်ငန်းကို စိတ်အေးချမ်းသာစွာ မလုပ်နိုင်ကြဘဲ အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရတာပါ။
ပြည်တွင်း သတင်းထောက်တွေလိုပဲ အမေရိကန် နိုင်ငံသား Frontier Myanmar သတင်းဌာနက Daniel Fenster ဟာ အင်းစိန်ထောင်ထဲမှာ ကျန်းမာရေး အခြေအနေ မကောင်းသလို မိသားစုနဲ့လည်း အခုချိန်အထိ တွေ့ဆုံခွင့် မရသေးပါဘူး။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ အရေးယူတဲ့အခြေအနေဟာ သတင်းသမားတွေရဲ့ လုပ်ဆောင်ခဲ့မှုအပေါ်မူတည်တယ်လို့ တုံ့ပြန်ပါတယ်။
"ထိန်းသိမ်းထားတဲ့သူတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ပြောနေတဲ့အတိုင်းပဲ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု မရှိဘူး။ လှုံ့ဆော်ခဲ့တာတွေ မရှိဘူး။ ပြီးရင် ကျနော်တို့ အကျဉ်းထောင်ထဲမှာပဲဖြစ်ဖြစ် သူတို့ အဖမ်းခံထားရတဲ့ နေရာမှာပဲ ဖြစ်ဖြစ်နေတဲ့ အချိန်မှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်မယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်"
သတင်း မီဒီယာအရေး လေ့လာစောင့်ကြည့်သူ သတင်းစာဆရာ ဦးမြင့်ကျော်ကတော့ စစ်အာဏာသိမ်းပြီး နောက် အဖမ်းခံရတဲ့ သတင်းသမား အရည်အတွက်ကိုကြည့်ရင် ပြည်တွင်း သတင်းထောက်တွေအနေနဲ့ ဒီအလုပ်ကို ဆက်လုပ်မလား၊ နားတော့မလားဆိုတာ ဆုံးဖြတ်ရတော့မလို ဖြစ်နေတယ်လို့ ပြောပါတယ်။
“ပုဂ္ဂလိက မီဒီယာပေါ့နော်။ လွတ်လပ်တဲ့ မီဒီယာ အတိုင်းအတာတစ်ခုအထိ စပြီးတော့ ထူထောင်လာတာ ၂၀၀၀ ခုနှစ်က နေ စတင်ထူထောင်လာတာဆိုတော့ အခု ၂၀၂၁ ခုနှစ်မှာ အဖမ်းခံရတဲ့ ကိန်းဂဏန်းက အများဆုံး ကိန်းဂဏန်းဖြစ်တာပေါ့နော်။ သတင်းသမားတွေ များလာတာလည်းပါတယ်။ ဒါပေမယ့် ဒီလို လေးငါးဆယ် ထောင်ထဲမှာ ရှိတယ်ဆိုတဲ့ ခေတ်က နှစ် ၂၀ လောက်အတွင်းမှာ တစ်ခါမှ မကြုံဖူးခဲ့ကြ ဘူးလေ”
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျရင်း ဖမ်းဆီးခံခဲ့ရသူတွေကို စစ်ကောင်စီက လွတ်ငြိမ်းခွင့် နှစ်ကြိမ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ပထမဆုံးအကြိမ် လွတ်ငြိမ်းခွင့်မှာ သတင်းသမား ၁၄ ဦး ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့နောက်ပိုင်း ဒုတိယအကြိမ်လွတ်ငြိမ်းခွင့်မှာ သတင်းသမား ၁၇ ဦး ပါဝင်ခဲ့ ပါတယ်။
သတင်းသမားတွေကို ထောင်ကနေ ပြန်လွှတ်နေသလို တစ်ဖက်မှာလည်း အခုလို ထပ်မံဖမ်းဆီးနေတာ ရှိနေတဲ့အတွက် သတင်းသမားတွေရဲ့ အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့လည်း လေ့လာစောင့်ကြည့် သူတွေက ပြောဆိုပါတယ်။