စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာသုံးပြီး ဝါဒဖြန့်နေတယ်လို့ဆို

စစ်ကောင်စီဟာ ပြည်သူတွေဆီ သတင်းမှားတွေ ပို့နေသလို လွတ်လပ်တဲ့မီဒီယာက သတင်းထောက်တွေကိုလည်း ဖိနှိပ်နေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို သတင်းယူနေသည့် သတင်းသမားအချို့အား ရန်ကုန်မြို့၊ မြေနီကုန်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ သတင်းဌာနတွေရဲ့ ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းတာတွေ လုပ်သလို၊ တစ်ဖက်မှာတော့ နိုင်ငံပိုင် မီဒီယာတွေသုံးပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ဝါဒဖြန့်သတင်းတွေ ထုတ်လွှင့်နေတယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။

ဥပမာအနေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ သဇင် - FM မီဒီယာက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်နေတဲ့ “ပြည်သူ့ကြားက ပြည်သူ့စကား”ဆိုတဲ့ အစီအစဉ်ဟာ ဝါဒဖြန့်သတင်းတွေကို ထုတ်လွှင့်နေတာလို့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းက ဒေသခံတချို့က ပြောပါတယ်။

ဒီအစီအစဉ်ကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ အစီအစဉ်တွေထဲမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပြည်ဖျက်မီဒီယာတွေလို့ ဖော်ပြသလို၊ NUG နဲ့ PDF အဖွဲ့တွေက ပြည်သူတွေ စားဝတ်နေရေးခက်အောင် လုပ်နေတယ်ဆိုတဲ့ အကြောင်းတွေကို ထုတ်လွှင့်တာလည်း တွေ့ရပါတယ်။

“သတင်းမှားဖြန့်တာ၊ ဝါဒဖြန့် သတင်းတွေ လွှင့်တာကိုလည်း လုပ်နေတယ်”

အသံလွှင့် အစီအစဉ်ထဲမှာ သီချင်းပေါင်းစုံ ထုတ်လွှင့်ပေးတဲ့အတွက် သီချင်း ဝင်နားထောင်တဲ့သူတွေ ရှိပြီး၊ ဒီကြားထဲမှာ ဝါဒဖြန့်နေတာလို့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သူတို့ဆီက ခေတ်သီချင်းလေးတွေရော သီချင်းမျိုးစုံ လာတဲ့အခါကျတော့ အဲဒီသီချင်းတွေကို နားထောင်ချင်တဲ့ ပုံစံရှိလို့သာ နားထောင်ခဲ့ကြတာ။ အဲဒီလို နားထောင်တာကို သူတို့က ရေဒီယိုလှိုင်းကနေပြီးတော့ ပြည်သူတွေကို ပြန်လိမ်ချင်တာပေါ့။ တကယ်တမ်းကျတော့ သူတို့လိမ်လည်း မြေပြင်မှာ ဖြစ်နေတဲ့ဟာက ပြည်သူတွေက လက်တွေ့ခံစားနေရတာကိုး။ စစ်ကောင်စီက မီးရှို့တယ်။ လူတွေ သတ်တယ်။ ပဲ၊ စပါး အကုန်လုံး ကိုယ့်မျက်စိရှေ့မှာကို ဖျက်ဆီးနေတာ။ ဒုက္ခသုက္ခ ခံနေရတာက ပြည်သူတွေက လက်တွေ့ဆိုတော့ သူတို့ကြိုက်သလောက်ဖြန့် သူတို့စကားကို ဘယ်ပြည်သူကမှ မယုံတော့ဘူး”

အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ယောက်ကတော့ လွတ်လပ်တဲ့ သတင်းဌာနတွေက ထုတ်လွှင့်ချက်တွေကိုပဲ နားထောင်တယ်လို့ ပြောပါတယ်။

“ဒီနေ့ သူတို့လွှင့်နေတဲ့ အသံတွေ သူတို့လွှင့်ချင်တဲ့ရုပ်ပြတွေ ပြည်သူကလည်း စိတ်ဝင်စားတာ တစ်ခုမှမရှိဘူး။ ကျွန်တော်တို့ နားထောင်နေတဲ့ BBC၊ VOA၊ RFA၊ ခေတ်သစ် နောက်ပြီးတော့ Mizzima အကုန်လုံးက နားထောင်တယ်လေ။ ဒါကြောင့် မီဒီယာမှာ သူတို့က ဒီမီဒီယာကို ဘယ်လိုနည်းနဲ့ တိုက်မယ်ဆိုတာ တစ်စတစ်စ တိုးဝင်လာတာ တွေ့ရတယ်။ RFA တို့ ဒါတွေပေါ့နော်။ ဒီသတင်းတွေကိုလည်း ဒီကနေ ရတယ်။ သတင်း အချက်အလက်တွေ ပေးတယ်။ ဒီကနေလည်း သူတို့ဖြစ်စဉ်တွေကို တကယ်လည်း တင်ပေးနိုင်တယ်။ အဲဒီမှာ သူတို့က အဲဒါကိုလိုက်ပြီးတော့ ပြည်ဖုံးကားချအောင် လိုက်ပြီးဖုံးနေကြတာ”

ဖမ်းဆီးထိန်းသိမ်းခံ သတင်းသမားတွေအတွက် ဖွဲ့စည်းထားတဲ့ Detained Journalist Group ရဲ့ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း သတင်းထောက် ၁၆၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၄၉ ယောက်ဟာ အကျဉ်းထောင် အသီးသီးမှာ ဆက်ပြီးရှိနေပါတယ်။ လွတ်လပ်တဲ့ သတင်းဌာန ၁၄ ခုကိုလည်း ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေဆီ သတင်းမှားတွေ ပို့နေသလို လွတ်လပ်တဲ့မီဒီယာက သတင်းထောက်တွေကိုလည်း ဖိနှိပ်နေတယ်လို့ ထောင်ချခံရဖူးတဲ့ DVB သတင်းထောက် ကိုမင်းညိုက ပြောပြပါတယ်။

“အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်တပ်က လမ်းမမှာတင် ရိုက်နှက်ပြီးတော့ လူမဆန်စွာ ဆွဲလာတာကို ကျွန်တော်တွေ့တော့ အိမ်တစ်အိမ်ထဲကနေ ဖုန်းလေးနဲ့ ကျွန်တော်ခိုးရိုက်တယ်။ ရိုက်တာကို မြင်သွားတယ်။ မြင်သွားပြီးတော့ ကျွန်တော့်ကို နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်တယ်။ ဝိုင်းထိုးတယ်။ ကြိတ်တယ်ပေါ့နော်။ ကျွန်တော့်ကို ရိုက်နေတဲ့အချိန်မှာ မှတ်မိသွားတာက ခရိုင်ရဲမှူးက မှတ်မိသွားတာပေါ့။ အဲဒီကောင် သတင်းထောက်၊ အဲဒီကောင်က အဆိပ်အတောက်၊ ပြည်ပကို ရောင်းစားနေတဲ့ သတင်းဌာန၊ တိုင်းပြည်ကို ရောင်းစားနေတဲ့ကောင် အဲဒီကောင်ကိုသတ် အဲဒီကောင်ကိုသတ် ဆိုပြီးတော့ ရိုက်နှက်ပြီးတော့ ဖမ်းသွားတယ်ပေါ့နော်။ အဓိကတော့ ဒီသတင်းမျိုးတွေကို ကျွန်တော်တို့ ဖော်ပြလိုက်မှာ နိုင်ငံကာက သိမှာကို သူတို့ စိုးရိမ်တယ်လေ”

စစ်ကောင်စီက တစ်ဖက်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဖိနှိပ်နေပြီး၊ တစ်ဖက်မှာတော့ ဝါဒဖြန့်တာတွေ ထုတ်လွှင့်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အများပြည်သူ စိတ်ဝင်စားမယ့် အစီအစဉ်တွေနဲ့ အသိပညာပေး အစီအစဉ်တွေကို ထုတ်လွှင့်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လက မြဝတီ ရုပ်မြင်သံကြားနဲ့ သဇင် - FM ထုတ်လွှင့်မှုတွေ သွားကြည့်တဲ့အချိန်မှာ ပြောဆိုတာ တွေ့ရပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ - စစ်ကောင်စီဟာ သတင်းအမှောင်ချဖို့နဲ့ စစ်တပ်ထဲက လူတွေပါ တကယ့်ဖြစ်ရပ်မှန် သတင်းတွေကို မသိအောင် လုပ်နေတာလို့ ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာကိုမရောက်အောင်၊ ပြည်သူတွေကြားထဲမှာလည်း မသိအောင် နောက်ပြီးတော့ သူတို့အထဲက လူတွေလည်း မသိရအောင်ပေါ့နော်။ ဒီလွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နှိပ်ကွပ်တဲ့ကိစ္စတွေ၊ သတင်းအတုအယောင်တွေကို ဖန်တီးတဲ့ကိစ္စတွေ ဒါတွေကိုလည်းပဲ သူတို့လုပ်လာတယ်ပေါ့နော်။ ဒီထက်ပိုပြီး နောက်ထပ် လုပ်လာတာကတော့ မီဒီယာ အယောင်ဆောင်ပေါ့နော်။ မီဒီယာလို့ နာမည်တပ်တဲ့ သူတို့ လက်ကိုင်တုတ်တွေကို သတင်းအတုအယောင်တွေကို ထပ်ပြီးတော့ ဖြန့်ချိတာမျိုး ဒါမျိုးတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်လာတာ တွေ့ရပါတယ်”

စစ်ကောင်စီဟာ တယ်လီဂရမ်ကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး သတင်းမှားဖြန့်တာ၊ ဝါဒဖြန့် သတင်းတွေ လွှင့်တာကိုလည်း လုပ်နေတယ်လို့ သတင်းထောက်တချို့က ပြောပါတယ်။

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သတင်းယူနေကြသည့် သတင်းထောက်တချို့ကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။ (Photo: RFA)

Mizzima သတင်းဌာနရဲ့ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းကတော့ ပြည်သူတွေအနေနဲ့ သတိထား စောင့်ကြည့်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

“ပြည်သူတွေအနေနဲ့ ဘာကို သတိထားသင့်လဲဆိုတော့ သတင်းအမှားကို သတိထားသင့်တယ်။ ဒီသတင်းအမှားတွေက ပုံဖျက်တိုက်ခိုက်မှုက စစ်ကောင်စီတပ်မှာ အခုမှတော့ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက လုပ်လာခဲ့တာ။ အဲဒီမှာ နားယောင်မိတာတွေ ဒါမျိုးတွေ ဖြစ်တတ်တယ်။ အဲဒါကို သတိတော့ ထားသင့်တယ်”

အမေရိကန် နယူးယောက်မြို့ အခြေစိုက် Committee to Protect Journalists (CPJ) လို့ခေါ်တဲ့ သတင်းသမားများ ကာကွယ်ရေးကော်မတီ ရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တရုတ်နဲ့ အီရန်ပြီးရင် တတိယမြောက် အဆိုးဝါးဆုံး ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက် ၁၈၀ မှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်က ၁၇၆ မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org