ကြိုးပေးကွပ်မျက်ခံရတဲ့ ကိုဂျင်မီက သရဏဂုံမတင်ဘူးလို့ အကျဉ်းဦးစီးအရာရှိကို ပြောကြားခဲ့
ဗုဒ္ဓဘာသာထုံးစံအရ သရဏဂုံတင်ဖို့ ပြောဆိုတဲ့အခါ ကိုဂျင်မီက "ငါတို့က တော်လှန်ရေးလုပ်တာဖြစ်တယ်၊ တိုင်းပြည်အတွက်လုပ်တာဖြစ်တယ်။ ဘာမှမဟုတ်တာ မလုပ်ခဲ့ဘူး၊ ဒါကြောင့် သရဏဂုံမတင်ဘူး၊ မင်းတို့လုပ်စရာရှိတာလုပ်ပါ" လို့ ထောင်ပိုင်ကို ပြန်ပြောခဲ့ကြောင်းသိရပါတယ်။
-
ခင်မောင်စိုး
2023-01-13 -
-
-
၂ဝ၂၂ ဇူလိုင်လ ၂၂ ရက် သောကြာနေ့ည ၉ နာရီခန့်က ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတိုက်မှာရှိတဲ့ သေဒဏ်ချမှတ်ခံထားရသူ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုထံကို ထောင်အာဏာပိုင်တွေ ရောက်ရှိလာခဲ့ပြီး သူ့ကို နောက်တစ်နေ့မနက်မှာ ကြိုးပေးကွပ်မျက်မယ့်အကြောင်း ပြောပါတယ်။
"ငါတို့က တော်လှန်ရေးလုပ်တာဖြစ်တယ်၊ တိုင်းပြည်အတွက်လုပ်တာဖြစ်တယ်။ ဘာမှမဟုတ်တာ မလုပ်ခဲ့ဘူး၊ ဒါကြောင့် သရဏဂုံမတင်ဘူး၊ မင်းတို့လုပ်စရာရှိတာလုပ်ပါ"
ဗုဒ္ဓဘာသာထုံးစံအရ သရဏဂုံတင်ဖို့ ပြောဆိုတဲ့အခါ ကိုဂျင်မီက "ငါတို့က တော်လှန်ရေးလုပ်တာဖြစ်တယ်၊ တိုင်းပြည်အတွက်လုပ်တာဖြစ်တယ်။ ဘာမှမဟုတ်တာ မလုပ်ခဲ့ဘူး၊ ဒါကြောင့် သရဏဂုံမတင်ဘူး၊ မင်းတို့လုပ်စရာရှိတာလုပ်ပါ" လို့ ထောင်ပိုင်ကို ပြန်ပြောခဲ့ကြောင်းသိရပါတယ်။
ဒီအကြောင်းအရာတွေကို မကြာခင်လပိုင်းအတွင်း အင်းစိန်ထောင်ကနေ လွတ်မြောက်လာသူတွေက RFA ကို ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။ သူတို့ကို ထောင်ဝန်ထမ်းတွေက ပြန်လည်အသိပေးပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအသိုင်းအဝန်းက ရရှိတဲ့သတင်းတွေအရဆိုရင် အဲဒီညက ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ရှိ စစ်တပ်တွေကို စနေမနက်စောစောပိုင်းမှာ စစ်ဆင်ရေးတစ်ခုရှိတယ်ဆိုပြီး လက်နက်တွေထုတ်ယူကာ အသင့်အနေအထားပြင်ထားခိုင်းခဲ့ကြောင်းနဲ့ တပ်ဖွဲ့မှူးတွေနဲ့ တိုင်းမှူးကိုယ်တိုင်ကွပ်ကဲကြပ်မတ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီနေ့ညနေပိုင်းမှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ၂ဝ၂၁ ခုနှစ်မှာ ဖမ်းဆီးခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူတို့မိသားစုဝင်တွေနဲ့ ဗီဒီယိုစနစ်သုံးပြီး တွေ့ခွင့်ပေးခဲ့ပြီး အဲဒီအချိန်က သူတို့ကို နောက်နေ့မှာ ကြိုးပေးကွပ်မျက်မယ့်အကြောင်း တစ်စုံတစ်ရာမျှ ပြောကြားအသိပေးခဲ့ခြင်း မရှိပါဘူး။
" ဒီလိုလုပ်ရပ်ဟာ ကမ္ဘာမှာ ဘယ်သူမှ မလုပ်ဖူးတဲ့ ဖြစ်ရပ်တစ်ခုလိုတောင် ဖြစ်နေမယ်လို့ ကျွန်တော်ကတော့ မြင်တယ်။"
အကျဉ်းထောင်ဥပဒေအရ သေဒဏ်ပေးခံရသူတစ်ဦးကို လက်တွေ့ကွပ်မျက်မယ်ဆိုရင် ကာယကံရှင်နဲ့ မိသားစုကို အတိအလင်း ကြိုတင်အသိပေးပြီး တွေ့ဆုံနှုတ်ဆက်ခွင့်ပေးရမှာဖြစ်ပေမယ့် ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကိုတော့ အဲဒီအခွင့်အရေး မပေးခဲ့ပါဘူး။
အဲဒီနေ့ ညနေတွေ့ခွင့်ရချိန်မှာ ကိုဂျင်မီက သူ့မိသားစုဝင်တွေကို သူထောင်အတွင်းသုံးစွဲရန်အတွက် ထောင်အာဏာပိုင်တွေကို စျေးဖိုးငွေပေးရန် ပြောကြားခဲ့တဲ့အတွက် သူ့မိသားစုက ထောင်အာဏာပိုင်တွေကို ပြောတဲ့အခါ အဲဒီစျေးဖိုးငွေကို နောက်လာမယ့် တနင်္လာနေ့ကျမှ အင်းစိန်ထောင်ကိုပြန်လည်လာရောက်ပြီး ပေးသွင်းပါလို့ ပြောဆိုခဲ့ပါတယ်။
ကိုဂျင်မီရဲ့ မိသားစုဝင်တွေက အဲဒီ စျေးဖိုးငွေကိုပေးသွင်းဖို့အတွက် တနင်္လာနေ့မှာ အင်းစိန်ထောင်ကို ထပ်မံသွားရောက်ပြီး သူတို့ကိုကွပ်မျက်ကြောင်း သတင်းစာမှာပါတဲ့အချက်ကိုပါ တစ်ပါတည်း မေးမြန်းတဲ့အခါကျမှ ကွပ်မျက်ပြီးဖြစ်တယ်ဆိုတာ မှန်ကန်ကြောင်း ထောင်အာဏာပိုင်တွေက အသိပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ အခုလို ကြိုးပေးကွပ်မျက်မယ့်အကြောင်း မိသားစုဝင်တွေကိုရော ကာယကံရှင် ကိုဂျင်မီကိုပါ ကြိုတင်အသိမပေးဘဲ လိမ်လည်လှည့်စားခဲ့တယ်ဆိုတာ ထင်ရှားနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ပြောပါတယ်။
“တကယ်တမ်းဆိုရင် သေဒဏ်စီရင်တော့မယ်ဆိုရင် သေဒဏ်ကျခံရမယ့် အကျဉ်းသားမှာ ဥပဒေကြောင်းအရ ခံစားပိုင်ခွင့်လည်းရှိတယ်။ မိဘတွေ၊ မိသားစုတွေကို ပွင့်ပွင့်လင်းလင်းပြောရမှာကို ပွင့်ပွင့်လင်းလင်း မပြောဘဲနဲ့ လိမ်ညာပြီးတော့ လှည့်ဖျားပြီးတော့ ကွက်မျက်လိုက်တာလို့ပဲ ဒါကို ယူဆတယ်။ ဒါရာဇဝတ်မှု ကျူးလွန်တာ။ နောက်တစ်ခုကတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုတောင်မှ ပြန်မပေးဘူးပေါ့ဗျာ။ ဒါက ကျွန်တော်တို့ အနေနဲ့ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ သူ့ကို ဆန့်ကျင်တဲ့လူတွေ အားလုံးကို အပြီးတိုင် ဖယ်ရှားဖို့အတွက် သူတို့ လုပ်တာပဲ။ ဒါပေမဲ့ ဒါက ဒီအမုန်းတရားတွေကို တစ်ပြည်လုံးက အမုန်းတရားတွေကို သူကိုယ်တိုင် မွေးထုတ်ပြီးတော့ သူတို့ကို ကြောက်မသွားတဲ့အပြင် သူတို့ကိုယ်တိုင် အလျှင်အမြန်ကျဆုံးစေသလို သူတို့ကို မဖြစ်မနေ ဖယ်ရှားဖို့အတွက် စစ်ကောင်စီအနေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးလိုက်တာလို့ပဲ ကျွန်တော့်အနေနဲ့ မှတ်ယူတယ်ဗျ။”
နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင် ၂၃ ရက်နေ့ မနက် ၃ နာရီမှာ ထောင်ဝန်ထမ်းတွေက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို အထူးတိုက်ကနေ လာခေါ်ထုတ်ပါတယ်။ သူတို့ကို ခေါင်းစွပ်တွေစွပ်၊ လက်ထိပ်နောက်ပြန်ခတ်ပြီး ကြိုးစင်ကိုခေါ်သွားခဲ့ပါတယ်။ ကြိုးစင်ပေါ်မှာ ကိုဖြိုးဇေယျာသော် ချော်လဲတဲ့အတွက် မျက်ခုံးတစ်ဖက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
"ရှေ့ဆက်ပြီးတော့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေ အားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို အမြဲတမ်း အမှတ်ရနေပြီးတော့ တော်လှန်ရေး ပြီးဆုံးသည်အထိ အောင်မြင်သည်အထိ ဘယ်တော့မှ မယိမ်းမယိုင်ဘဲ ဆက်သွားပါမယ်လို့ ဒီနေရာကနေ အားလုံးကို ကတိပြု ပြောကြားပါတယ်။"
အဲဒီနောက် မနက် ၃ နာရီ ၁၅ မိနစ်မှာ သူတို့နှစ်ဦးကို ပြိုင်တူကြိုးပေးကွပ်မျက်လိုက်ပါတယ်။ ကြိုးစင်ပေါ်မှာ တစ်နာရီထားပြီးနောက် မနက် ၄ နာရီ ၁၅ မိနစ်မှာ ကြိုးစင်ပေါ်ကချပြီး သူတို့ ရုပ်အလောင်းတွေကို ထိန်ပင်သုဿန်မှာ ချက်ခြင်း မီးသဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ကြိုးပေးကွပ်မျက်တဲ့ လုပ်ငန်းစဉ်အစအဆုံးကို ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုယ်တိုင် ကွပ်ကဲခဲ့တယ်လို့ စစ်ကောင်စီအသိုင်းအဝန်းက ပြောပါတယ်။
ဒီလိုမိသားစုဝင်တွေကို အတိအလင်းအသိမပေးဘဲ ဥပဒေမဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီခေါင်းဆောင်တွေဟာ စစ်သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မညီတဲ့ သူရဲဘောကြောင်သူတွေဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“မင်းအောင်လှိုင်ဦးစီးတဲ့ စစ်သားလို့ ခံယူထားတဲ့ သရဲဘောကြောင်ပြီးတော့ လုံးဝကို အရှက်သိက္ခာ မရှိတဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်တော်ကတော့မြင်တယ်။ စစ်သားတစ်ယောက်ဆိုတာ စစ်မြေပြင်မှာ စစ်သုံ့ပန်းတစ်ယောက်ကို ဖမ်းမိတယ်ဆိုရင်တောင် သူ့ဥပဒေ သူ့နည်းလမ်း သူ့ စည်းမျဉ်းနဲ့ အတူ စစ်ဆေးမေးမြန်းရတာတွေရှိတယ် ထိန်းသိမ်းရတဲ့ အရာတွေ အများကြီးရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒါတွေကို တစ်ခုမှ မလုပ်ဘူး။ ဖမ်းဆီးချိန်ကစပြီးတော့ နောက်ဆုံးကြိုးပေးတဲ့အချိန်အထိကို ကောက်ကျစ်စဉ်းလဲစွာ လုပ်သွားတာတွေကိုတော့ ကျွန်တော်တို့ သိခဲ့ရတယ်။ နောက်ပြီးတော့ ဒီလိုလုပ်ရပ်ဟာ ကမ္ဘာမှာ ဘယ်သူမှ မလုပ်ဖူးတဲ့ ဖြစ်ရပ်တစ်ခုလိုတောင် ဖြစ်နေမယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဒီလိုမျိုး အရှက်သိက္ခာ မရှိ ကောက်ကျစ် စဉ်းလဲတဲ့ စစ်ခေါင်းဆောင်တွေအောက်မှာ သူတို့ ခိုင်းသမျှကို လုပ်နေရတဲ့ စစ်သားတွေ အနေနဲ့ကော ဒီလိုမျိုးလူတွေရဲ့ ဦးဆောင်မှုဟာ ထိုက်တန်လား ဒီလိုမျိုး လူတွေဟာ နိုင်ငံကော တပ်မတော်ကော ဦးဆောင်နိုင်တဲ့သူတွေ ဖြစ်နိုင်မလား။ ဒီလိုလူမျိုးတွေ ဦးဆောင်မှုအောက်မှာ တိုင်းပြည် နဲ့ တပ်မတော်ဟာ ထိုက်တန်လားဆိုတာကို လက်ရှိတာဝန် ထမ်းဆောင်နေကြတဲ့သူတွေအားလုံးကလည်း စဉ်းစားဖို့ အချိန်တန်ပြီလို့ပဲ ကျွန်တော်ကတော့ ပြောချင်တယ်။”
အင်းစိန်ထောင်မှာ တစ်ချိန်က ကိုဂျင်မီနဲ့အတူ တိုက်ပိတ်ခံခဲ့ရဖူးပြီး အမျိုးသားညီညွတ်ရေးအစိုးရမှာ လက်ရှိ ပြန်ကြားရေးအရာရှိအဖြစ် တာဝန်ယူနေတဲ့ ကိုနေဘုန်းလတ်ကလည်း စစ်ကောင်စီခေါင်းဆောင်တွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ထိုက်တန်တဲ့ အရေးယူမှုကို မလွဲမသွေ ကြုံတွေ့ရမှာဖြစ်တယ်လို့ ပြောပါတယ်။
“အကိုတို့ကို ဒီလို လုပ်လိုက်ခြင်းဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ ပြည်သူလူထုကို စစ်ကြေညာလိုက်တာလည်း ဖြစ်တယ်။ ကျွန်တော်တို့အားလုံးကို ဘယ်တော့မှ နောက်မဆုတ်ဘဲ ဒီတော်လှန်ရေးကို ပြီးပြတ်အောင် တိုက်ရမယ်ဆိုတဲ့ စိတ်မျိုးဖြစ်အောင် ကျွန်တော်တို့ကို ပိုပြီးတော့ တွန်းအားပေးလိုက်တာလည်းဖြစ်တယ်။ အကိုတို့ အကြောင်း ပြန်စဉ်းစားလိုက်တိုင်း တာဝန်မကျေသလို ခံစားရပါတယ်။ ရှေ့ဆက်ပြီးတော့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေ အားလုံးရဲ့ စိတ်ဝိဉာဉ်တွေကို အမြဲတမ်း အမှတ်ရနေပြီးတော့ တော်လှန်ရေး ပြီးဆုံးသည်အထိ အောင်မြင်သည်အထိ ဘယ်တော့မှ မယိမ်းမယိုင်ဘဲ ဆက်သွားပါမယ်လို့ ဒီနေရာကနေ အားလုံးကို ကတိပြု ပြောကြားပါတယ်။ ဒီကိစ္စတွေမှာ တာဝန်ရှိတဲ့သူတိုင်း ဒီတိုင်းတော့ ပြီးသွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထုဆုံးဖြတ်တဲ့အတိုင်း ထိုက်တန်တဲ့ အပြစ်ဒဏ်တွေကို ခံစားကြရမှာဖြစ်တယ်။ အဲ့လိုခံစားဖို့လည်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။”
အဲဒီတုန်းက ကိုဂျင်မီတို့ နှစ်ဦးနဲ့ အတူကွပ်မျက်တယ်လို့ အများသိကြတဲ့ ကိုလှမျိုးနောင်နဲ့ ကိုအောင်သူရဇော် တို့ကိုတော့ နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင် ၂၄ ရက်နေ့ မနက်မှာမှ ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက သူတို့လေးဦးကို ကွပ်မျက်ပြီးကြောင်း ဇူလိုင် ၂၅ ရက်နေ့ထုတ် စစ်တပ်ပိုင်သတင်းစာတွေကနေ ကြေညာခဲ့ချိန်မှာမှ နိုင်ငံတကာနဲ့အတူ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေက သိရှိခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး သေဒဏ်ချမှတ်ထားသူတွေကို ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခုလို လက်တွေ့စီရင်ကွပ်မျက်ခဲ့မှုအတွက် အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ရာမှာလည်း ဒီကိစ္စကို အကြီးမားဆုံး ဥပဒေမဲ့လုပ်ရပ်တစ်ခုအဖြစ် သက်သေပြခဲ့ကြသလို တာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူဖို့ တောင်းဆိုမှုတွေလည်း စဉ်ဆက်မပြတ်ပေါ်ထွက်နေပါတယ်။