ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ဈာပန မြန်မာသံရုံးကိုဖိတ်လို့ ဂျပန်ရောက်မြန်မာတွေဆန္ဒပြ
ဂျပန်ဝန်ကြီးချုပ် Kishida နဲ့ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi တို့ကလည်း တင်းမာတဲ့ ဆုံးဖြတ်ချက် ချမှတ်သင့်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ ပြောပါတယ်။
- 2022-09-25
-
-
-
လာမယ့် စက်တင်ဘာလ ၂၇ရက်နေ့ အင်္ဂါနေ့မှာ ကျင်းပမယ့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနား တက်ရောက်ဖို့ မြန်မာစစ်ကောင်စီသံအမတ် ဦးစိုးဟန်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရောက် မြန်မာတွေက ကျိုတိုမြို့မှာ စက်တင်ဘာ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ဆန္ဒပြကန့်ကွက်လိုက်ပါတယ်။ ဆန္ဒပြပွဲကို စီစဉ်သူတက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသမီးတစ်ဦးက ဆန္ဒပြပွဲအကြောင်း ခုလိုပြောပါတယ်။
“ကျမတို့အနေနဲ့ လုံး၀လက်ခံနိုင်ဘူးဆိုတာကို ပြသကြပါတယ်။ မြန်မာတွေ ပါသလို ဂျပန်နိုင်ငံသားတွေကလည်း ကူညီကြတယ်။တခြားနိုင်ငံခြားသားတွေလည်း ပါတယ်”
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် အလုပ်က ထုတ်ပယ်ခံခဲ့ရတဲ့ မြန်မာသံရုံးက CDM ပထမအတွင်းဝန် ဦးအောင်စိုးမိုးကလည်း ဂျပန်နိုင်ငံခြားရေးဌာနက လုပ်ဆောင်ချက်ကို ဝေဖန်ပြောဆိုတယ်လို့ The Japan Times သတင်းစာမှာ ရေးပါတယ်။
ဦးအောင်စိုးမိုးက ဈာပန အခမ်းအနား လာရောက်ကြမယ့် အမေရိကန် ဒု-သမ္မတ Kamala Harris နဲ့ သြစတေးလျ ဝန်ကြီးချုပ် Anthony Albanese လို ပြည်ပနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ စစ်ကောင်စီသံအမတ်ကို နိုင်ငံတော်ဈာပနအခမ်းအနား တက်ရောက်ခွင့်ပေးဖို့ မလိုအပ်ဘူးလို့ ပြောပါတယ်။
ကျိုတိုမြို့ဆန္ဒပြပွဲစီစဉ်သူအမျိုးသမီးက အခုလိုပြောပါတယ်။
“ ဒီလိုမျိုးပွဲမှာ မြန်မာနိုင်ငံအနေနဲ့ဆိုရင် တရား၀င် ခန့်အပ်ထားခြင်းမရှိတဲ့ စကစနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ် သံရုံးက တက်ရောက်မယ်ဆိုတာမဖြစ်သင့်ပါဘူး။ ပြီးတော့ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ဆောင်ရွက်ချက်ဟာ စကစတွေကို တရား၀င်အစိုးရအဖြစ် အသိအမှတ်ပြုသလို ဖြစ်သွားမှာလည်း စိုးရိမ်စရာဖြစ်ပါတယ်”
မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံတကာက အသိအမှတ်ပြုတာကို လိုလားတယ်လို့ ဦးအောင်စိုးမိုးကပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်က ကျင်းပတဲ့ အဲလိဇဘက်ဘုရင်မရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို မြန်မာနိုင်ငံကိုယ်စားလှယ်တက်ရောက်ဖို့ မဖိတ်ကြားတဲ့ ဗြိတိန်နိုင်ငံက ဆုံးဖြတ်ခဲ့တာကိုလည်း ဦးအောင်စိုးမိုးက ကိုးကားပါတယ်။
ဒါကြောင့် ဂျပန်ဝန်ကြီးချုပ် Kishida နဲ့ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi တို့ကလည်း တင်းမာတဲ့ ဆုံးဖြတ်ချက် ချမှတ်သင့်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ ပြောပါတယ်။
ဂျပန်အစိုးရဟာ စစ်ခေါင်းဆောင်ကို မဖိတ်ကြားပေမယ့် စစ်ကောင်စီခန့်အပ်တဲ့ သံအမတ်ကို ဈာပနအခမ်းအနားတက်ရောက်ခွင့်ပြုမယ်ဆိုရင် သဘောတရားက အလွန်အမင်းကွာခြားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဆန့်ကျင်သူတွေကို ဖြိုခွင်းတဲ့အခါ အမျိုးသမီးနဲ့ကလေးတွေ အပါအဝင် မိမိပြည်သူကို မိမိအကြမ်းဖက်နှိမ်နင်းတဲ့ စစ်ကောင်စီကိုယ်စားလှယ်ကို ဘာကြောင့် ဒီလိုဖိတ်ကြားရသလဲဆိုတာ သူနဲ့တခြားဒီမိုကရေစီရေးလှုပ်ရှားသူတွေက နားမလည်နိုင်အောင်ဖြစ်ရတယ်လို့လည်း ဦးအောင်စိုးမိုးက ပြောကြောင်းThe Japan Times မှာ ဖော်ပြထားပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို စက်တင်ဘာ၂၆ ရက်နေ့ ဒီကနေ့မှာ သွားရောက်ပေးအပ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာလည်း ဆန္ဒပြမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောကြပါတယ်။