ကျဆင်းလာနေတဲ့ မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ခံစားခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံ မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး၊ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ထိုးဆင်းသွားခဲ့ ရကြောင်း တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
-
ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2021-10-23 -
-
-
ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ခံစားခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး၊ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၈ နှစ် အတွင်း အနိမ့်ဆုံးအဆင့်ကို ထိုးဆင်းသွားခဲ့ရကြောင်း တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုတာဝန်ခံ ဦးအောင်နိုင်ဦး ကတော့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာနေပေမယ့် နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၆ ဘီလီယံ ရှိနေတဲ့အတွက် ပြည်တွင်း ငွေကြေးတည်ငြိမ်အောင်ဆောင်ရွက်နိုင်စွမ်းရှိကြောင်း၊တဖက်မှာလည်း မြန်မာ့စီးပွားရေးမတည်မငြိမ် ဖြစ်အောင် ပြည်ပနိုင်ငံတချို့က ကြံဆောင်တာတွေရှိကြောင်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီအရန်ငွေဟာ ငွေဈေးနှုန်းမကျဆင်းအောင် ပံ့ပိုးပေးရေး အတွက်သာ သုံးစွဲနေရတဲ့အတွက် လိုအပ်တဲ့ ပြည်ပသွင်းကုန်တွေ တင်သွင်းမယ်ဆိုရင် မြန်မြန်ဆန်ဆန်ကုန်ခန်းသွားမယ်ဆိုတာတော့ မပြောဆိုခဲ့ဘူးလို့ လေ့လာသူတွေက ဝေဖန်ပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကတော့ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ အနှုတ်လက္ခဏာ ပြနေပြီး ရေရှည်မှာ အခြေအနေတွေ ဆိုးဆိုးရွားရွား ထိခိုက်လာဖွယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။
စက်တင်ဘာလအထိ ခွင့်ပြုခဲ့တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏာဟာ မူလကထက် ၂၂ ရာခိုင်နှုန်းသာရှိတော့ပြီး ဒေါ်လာ ၃.၈ ဘီလီယံသာ ရှိတော့ကြောင်း သိရပါတယ်။ အဲဒီပမာဏမှာ အထူးစီးပွားရေးဇုန်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ မပါဝင်သေးပါဘူး။ ခွင့်ပြုနိုင်တဲ့စီမံကိန်း အများစုဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တရုတ်ကုမ္ပဏီတွေက လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပေါ်နေတဲ့အနေအထားတွေ ဘယ်အချိန်မှ ပုံမှန်ပြန်ဖြစ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ တချို့ကလည်း ပုံမှန်ပြန်မဖြစ်တဲ့အပြင်၊ ပြည်ပကနေ စီးပွားရေး ပိတ်ဆို့အရေးယူလာတာတွေကြောင့် အခြေအနေပိုမိုးဆိုးရွားလာမယ့်အရေး တွက်ဆလာကြပါတယ်။
အခုအခါ မြန်မာနိုင်ငံမှာ စားသောက်ကုန်တွေ လက္ကားရောင်းချနေတဲ့ ဂျာမန် မက်ထရိုကုမ္ပဏီက လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး၊ နော်ဝေး တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီကလည်း သူ့ရဲ့လုပ်ငန်းတွေကို လက်ဘနွန်ကုမ္ပဏီ M1 ထံ ရောင်းချသွားကြောင်း အတည်ပြုမနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့ပြင် အဓိကဝင်ငွေရနေတဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံခြားအကူအညီတွေလည်း ကျဆင်းသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ဟာ ပြီးခဲ့တဲ့ ၈ နှစ် အတွင်း ဆက်တိုက်ကျဆင်းလာဖွယ်ကြောင်း Nikkei Asian Review သတင်းက ဖေါ်ပြပါတယ်။ COVID-19 ကူးစက်ကပ်ရောဂါနဲ့ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းအပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျဆင်းခဲ့တာပါ။
နိုင်ငံခြားငွေ ခန်းခြောက်လာနေတာနဲ့အတူ၊ နိုင်ငံစီးပွားရေးဟာ လာမယ့်နှစ်မှာ ကြုံ့ဝင် ကျဆင်းသွားမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီနှစ်စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ခွင့်ပြုချက် ပမာဏ ၂၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၈ ဘီလျံ ရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီ စီမံအုပ်ချုပ်ရေးညွှန်ကြားရေးမှူးရုံးက ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ အထူးစီးပွားရေးဇုန် စီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း အတည်ပြုပြီးဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ် ၄၈ ခု အထိ အရေအတွက် မြန်မြန်ဆန်ဆန် ကျဆင်းသွားခဲ့ပါတယ်။ ဒီနှစ်စပိုင်းကထက် ငါးပုံတပုံ ယုတ်လျော့သွားခဲ့တာပါ။ စီမံကိန်းသစ် ၄၈ ထဲက ၃၈ ခု ဟာ စစ်တပ် အာဏာမသိမ်းခင်က အတည်ပြုပြီး စီမံကိန်းတွေ ဖြစ် ပါတယ်။ အတည်ပြုပြီး ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စွမ်းအင်ဆိုင်ရာအတည်ပြုပြီး စီမံကိန်းတွေ ပါဝင်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ဒီစီမံကိန်းမှာ မြန်မာနဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာ ပထမ ကိုဗစ်ကူးစက်မှုကြောင့် ကျဆင်းခဲ့ရာက ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်လာခဲ့တဲ့အတွက် ရှစ်နှစ်တာကာလအတွင်း အနိမ့်ဆုံး နိုင်ငံခြားငွေဝင်ငွေ ထိခိုက်သွားပြီး လာမယ့်နှစ်မှာ စီးပွားဆုတ်ယုတ်သွားမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းလိုက်ပါတယ်။