မြန်မာအမျိုးသမီးတွေ တစ်ကိုယ်ရည်ရပ်တည်ရေး ခက်ခဲနေ
မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် အမျိုးသမီး၊ သာမန်အမျိုးသမီးနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေဟာ ပြင်းထန်ကြမ်းတမ်းပြီး ဘက်ပေါင်းစုံက ခက်ခဲနေကြတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
- 2024-03-07
-
-
-
မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး အဲ့ဒီနေ့ဟာ ကမ္ဘာပေါ်က အမျိုးသမီးတစ်ယောက်စီတိုင်းနဲ့ သက်ဆိုင်ပါတယ်။
အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကနေ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်ကုန်တာကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တတ်နေသလို နေရေးထိုင်ရေးနဲ့ အထွေထွေစားရိတ်ကြီးမားနေတဲ့အတွက် ဒီကာလမှာ အိမ်ထောင်စုတိုင်း ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရတာပါ။ မီးဖိုချောင်ကိုကွပ်ကဲရသလို တစ်အိမ်လုံးရဲ့ ဝင်ငွေထွက်ငွေကို တွက်ချက်စီမံရတဲ့ အမျိုးသမီးတွေကတော့ အိမ်သားတွေနဲ့လည်းအတူ ခက်ခဲကြသလို စိတ်ဖိစီးမှုကတော့ ပိုဖြစ်ရပါတယ်။
မိသားစု စီမံကိန်းပတ်သက်ရင် ဖွံ့ဖြိုးပြီး ချမ်းသာတဲ့ နိုင်ငံတွေမှာ လက်ထပ်ပြီးခါစ အမျိုးသမီးတွေဟာ ကလေးယူဖို့ မယူဖို့ကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပြီး ကိုယ်သွားချင်တဲ့ မိသားစုအစီစဉ်ကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ကြပါတယ်။
ဆင်းရဲနိမ့်ကျပြီး စစ်မီးတောက်နေတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက်တော့ ကလေးယူဖို့မယူဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထွေထွေထူးထူး ချနေစရာမလိုဘူးလို့ ပြောကြပါတယ်။
အခုနှစ်ဇန်နဝါရီ ၂၄ ရက်နေ့က မင်္ဂလာဆောင်ခဲ့တဲ့ ပူပူနွေးနွေး အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ မသဲဦးနေထိုင်တဲ့ ရန်ကုန်မြို့မှာ လက်နက်ကိုင်တိုက်ပွဲတွေ မရှိသေးပါဘူး။ ဒါပေမဲ့ တိုက်ပွဲတွေဟာ ရန်ကုန်မြို့ကို အချိန်မရွေး ရောက်လာနိုင်တာကြောင့် မွေးလာမယ့် သားသမီးတွေကို စစ်မီးပဋိပက္ခထဲ မကြီးပြင်းစေချင်လို့ မသဲဦးက ကလေးမယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
"ကလေးယူဖို့ကတော့ ဘယ်လိုမှ အစီစဉ်မရှိဘူး။ တိုင်းပြည်အခြေအနေအရ ဝင်ငွေအခြေအနေအရ တစ်လထက် တစ်လ ပိုကြပ်တည်းလာလို့ ကလေးယူဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပုံမှန်ကာလမှာဆို အခက်အခဲမရှိပေမဲ့ ဒီကာလကတော့ ကိုယ့်အသက်ရှင်ဖို့တောင် မနည်းရုန်းကန်နေရတော့ ကလေးတစ်ယောက်ကို ဒီလောကထဲခေါ်ပြီး ဒုက္ခတွေမပေးသင့်ဘူးယူဆလို့ မယူဖို့ ဆုံးဖြတ်တာပါ"
သားသမီးယူဖို့ ဆုံးဖြတ်ချက်ကို ပြည်ပနိုင်ငံတစ်ခုခုကို ထွက်ခွာပြီးမှ ဆက်စဉ်းစားမယ်လို့ သူက ပြောပါတယ်။
ကယားပြည်နယ် ဖယ်ခုံအနောက်ဘက်ခြမ်းကို ကိုယ်ဝန်နေ့စေ့လစေ့နဲ့ စစ်ရှောင်ဖို့ရောက်လာတဲ့ မဟယ်လင်ဟာ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေ မပြည့်စုံတဲ့ကြားမှာ ရုတ်တရက် ကလေးမွေးခဲ့ရပါတယ်။
ကိုယ်ဝန်နေစေ့လစေ့နဲ့ ထွက်ပြေးရတော့ ကလေးအနှီးတွေက မလုံမလောက် ဖြစ်သွားတယ်။ ကလေးအနှီး တစ်စုံနှစ်စုံပဲ ယူသွားတာ။ ပြီးရင် ကိုယ်ဝန်ရင့်ပေမယ့်လည်း တောင်ယာခင်းမှာပဲနေရတော့ ကိုယ်ဝန်ကို ဘယ် (ဆရာဝန်) မှာ အပ်ပြီးတော့ ဆရာမတွေနဲ့ ဘယ်လိုချိတ်ရမလဲဆိုတဲ့ဟာမျိုးတွေလည်း သေချာမပြင်ဆင်လိုက်ရတဲ့ အခြေအနေမျိုးပေါ့"
လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ကလေးမွေးဖွားပြီး နောက်ဆက်တွဲ ရောဂါတချို့ကိုလည်း ခံစားနေရတယ်လို့ သူက ပြောပါတယ်။
စစ်ရှောင်အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေရတဲ့ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က မပိုပိုကတော့ ကလေးသားဆက်ခြား ဆေးသောက်ဖို့နေနေသာသာ အားဆေးတစ်လုံးတောင်ဝယ်မသောက်နိုင် ဝယ်သောက်လို့မရတဲ့ အခြေအနေဖြစ်နေလို့ ပြောပါတယ်။ သူတို့နေတဲ့ အညာဘက်မှာဆိုရင် ကလေးမရအောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေ၊ ရှေ့တန်းက PDF တွေ၊ နောက်တန်းက ကလေးသူငယ်တွေကို ဦးစားပေးနေရလို့ အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဘာမှန်တောင် မသိတော့ပါဘူးလို့လည်း မပိုပိုက ပြောပါတယ်။ အမျိုးသမီးတွေ ဓမ္မတာလာလို့ ကိုယ်ခန္ဓာကိုက်ခဲရင် သောက်ရတဲ့ဆေးဆိုတာ မမြင်ရတာကြာပြီလို့လည်း ဆိုပါတယ်။
စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၈၁၀ သေဆုံးခဲ့ပြီး ၅,၄၁၆ ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အမျိုးသမီးတွေထဲမှာ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်တဲ့ မနိုဘယ်အေးလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ပဲခူးတိုင်းဝေါမြို့နယ်က တရားရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ် မနိုဘယ်အေးဟာ ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး လုပ်ခဲ့သူဖြစ်တယ်လို့ မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
"ကျွန်တော် အစ်မက အသက် ၂၁ နှစ်အရွယ်ကနေစပြီးတော့ ဒီနိုင်ငံရေးအခင်းအကျင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဒီလုပ်ငန်းစဉ်တွေမှာပဲ သူ့ဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့ရတယ်။ အမျိုးသမီးတစ်ယောက်ကို ရက်ရက်စက်စက် ပြုမူဆက်ဆံပြီးတော့ ဒီလိုသတ်ပစ်လိုက်တာ အကြမ်းဖက်လိုက်တာက အမျိုးသမီးအခွင့်အရေးကိုလည်း အများကြီး ချိုးဖောက်တယ်ဆိုတာကို ဖော်ပြနေတာပဲ"
ကျား၊ မတန်းတူညီရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေရတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အဲဒီအခွင့်အရေးတွေ အားလုံးဟာ ဆယ်စုနှစ်တစ်ခုစာလောက် နောက်ပြန်ဆုတ်သွားတယ်လို့ အမျိုးသမီးအခွင့်အရေးလေ့လာသူတွေက ပြောပါတယ်။
အာဏာမသိမ်းခင်က ကလေးနည်းပညာတက္ကသိုလ်က ကထိကဆရာမ ဖြစ်ခဲ့တဲ့ ဒေါ်ရတီအုန်းကတော့ အာဏာသိမ်းပြီးနောက် ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ရွှေ့လျားဆေးကုသမှု ပေးနေတာပါ။
"စစ်ကောင်စီအောက်မှာ ရှိနေပေမဲ့ ဘယ်လိုအခက်အခဲပဲရှိရှိ အမျိုးသမီးတွေက ကိုယ့်ဘဝတိုးတက်ဖို့၊ ကိုယ်က မွေးဖွားလာတဲ့ အနာဂတ်ရတနာ သားသမီးတွေ ကောင်းကောင်းမွန်မွန် ကြီးပြင်းရှင်သန်လာဖို့၊ သူတို့ရဲ့အသိဉာဏ်မြင့်မားဖို့က ဘယ်သူ့ အောက်မှာ ရောက်နေပါစေ ကျွန်မတို့က အစဉ်တစိုက် ကြိုးစားနေထိုင်ရမယ်လို့ လက်ခံယုံကြည်တယ်"
စစ်အာဏာသိမ်းပြီးတဲ့နောက် ဖိနှိပ်သတ်ဖြတ်ခံရတာချင်းတူရင်တောင် အမျိုးသမီးတွေရဲ့ ဘဝကတော့ နှိပ်စက်ညှဉ်းပန်းမှုတွေအပြင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် စော်ကားတာတွေကိုလည်း ကြုံတွေ့ရတယ်လို့ သူကဆိုပါတယ်။
စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရည်လုံခြုံရေး၊ မိသားစုလုံခြုံရေးတွေကိုသာ လတ်တလောစိတ်ပူနေရတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တာဝန်ရှိသူ မနာင်းမို့မို့က ဆိုပါတယ်။
“သူတို့တွေရဲ့ စားဝတ်နေရေး၊ လုံခြုံရေးကအစ မိသားစုလုံခြုံရေးအဆုံး စိတ်ပူနေရတယ်။ မလုံခြုံတဲ့အနေအထားမှာ ရောက် နေတော့လေ။ လောလောဆယ်တော့ အေးအေးချမ်းချမ်းနေရတဲ့ အနေအထားတော့ မဟုတ်ဘူး။ တခြားအရေးကိစ္စတွေကို စဉ်းစားပြီး လုပ်ဆောင်နေရတဲ့ အနေအထား မဟုတ်ဘူး။ ဘယ်နေ့ဘယ်အချိန်မှာ ထွက်ပြေးတိမ်းရှောင်ရမလဲ။ အစားအသောက် တွေ စားနေရဖို့အတွက် ဘာတွေလုပ်ရမလဲ။ အဲဒီလိုမျိုးကို ပူပန်နေရတဲ့ အနေအထားတွေ ဖြစ်တယ်"
အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် အမျိုးသမီး၊ သာမန်အမျိုးသမီးနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေဟာ ပြင်းထန်ကြမ်းတမ်းပြီး ဘက်ပေါင်းစုံက ခက်ခဲနေကြတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဒါကြောင့် အခု ၂၀၂၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးအတွက် ဒီမိုကရေစီပြန်လည်ရရှိရေး တိုးတက်မှုတွေနဲ့အတူ မြန်မာအမျိုးသမီး တစ်ရပ်လုံးရဲ့ ဘဝတွေလည်း ပြန်လည်တိုးတက်ဖို့ မျှော်လင့်နေကြပါတယ်။