၂ဝ၂၃ ခုနှစ်အတွင်း စစ်ပွဲတွေကြား အမျိုးသမီးတွေရဲ့ ဘဝများ

ခင်ခင်အိ
2023.12.30
၂ဝ၂၃ ခုနှစ်အတွင်း စစ်ပွဲတွေကြား အမျိုးသမီးတွေရဲ့ ဘဝများ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ကရင်နီစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ အခု သုံးနှစ်နီးပါးရှိလာပါပြီ။ တော်လှန်ရေးအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ကြားက တိုက်ပွဲတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြင်းထန်လာခဲ့ပြီး ဒီနှစ်က အပြင်းထန်ဆုံး ဖြစ်နေပါတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် မြန်မာပြည်အနှံ့အပြား ထွက်ပြေးတိမ်းရှောင်နေသူတွေ၊ အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း စတဲ့ နိုင်ငံတွေကို တိမ်းရှောင်နေရတဲ့ သူတွေ တိုးလာခဲ့ပြီး အဲဒီထဲမှာ အများအပြားက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။

စစ်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ ဒီနှစ်အတွင်း တစ်သန်းကျော်ရှိခဲ့ပြီး ထိုင်းနဲ့ အိန္ဒိယတို့လို နိုင်ငံတွေကို ထွက်ပြေးရသူတွေလည်း တစ်သောင်းတစ်ထောင်နီးပါး ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၂၀၂၃ ခုနှစ်ဟာ စိန်ခေါ်မှုတွေနဲ့အတူ အောင်မြင်မှုတွေလည်း အများကြီးရှိတဲ့ နှစ်တစ်နှစ်လို့ သုံးသပ်ပါတယ်။

“ကျွန်မတို့ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံရတယ်၊ PDF ရဲဘော်တွေ၊ အရပ်သား ပြည်သူလူထုတွေ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရမှုတွေက လျော့ကျမသွားဘူး၊ ပြည်သူလူထုပိုင်တဲ့ ကျေးရွာတွေ အဆောက်အဦတွေ မီးရှို့ခံရတဲ့ ကိစ္စတွေ၊ အရပ်ဖက်အဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကြဲတာတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ဒါတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကျော်လွှားခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အဲဒီ ကြံ့ကြံ့ခံနိုင်မှုနဲ့အတူ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ အင်အားချိနဲ့မှုတွေကို မြင်ရတဲ့ နှစ်တစ်နှစ် ဖြစ်တယ်။ ဒါကပဲ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်၊ ရွေးကောက်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်၊ မြန်မာပြည်ရဲ့ လုံခြုံရေးကဏ္ဍကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတဲ့ သတင်းစကားပေးနိုင်ခဲ့တဲ့ နှစ်တစ်နှစ်လို့ ကျွန်မက ပြောချင်တယ်”

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်ဟာ အခု ၂၀၂၃ ခုနှစ်မှာ အနည်းဆုံး ၃၃၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်းတိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပြီး အရပ်သားတွေ ထိခိုက်မှုတွေများလာခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်ဟာ အမျိုးသမီးတွေအတွက် နောက်ထပ်အဆိုးရွားဆုံးအခြေအနေတစ်ခုကို ကြုံတွေ့ရတဲ့နှစ်လို့ BWU ရဲ့ မူဝါဒ ဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောပါတယ်။

“ဒီ ၂၀၂၃ မှာ နိုင်ငံတစ်ဝန်း စစ်ပွဲတွေ ပိုဖြစ်လာတယ် လက်နက်ကြီးနဲ့ပစ် သတ်ဖြတ်တာတွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အရပ်သားတွေ သေကျေပျက်စီးတာတွေ အရမ်းများတယ် အများစုက အမျိုးသမီး၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက ဒီဆိုးကျိုးဒဏ်ကို ပိုခံစားရတယ်ဆိုတာ မလွဲမသွေပေါ့နော်၊ အောက်တိုဘာလကုန်ပိုင်းမှာ တိုက်ပွဲတွေပိုများလာတော့ စစ်ဘေးရှောင်တွေ ပိုများလာတယ် ဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေက အများစုပေါ့နော်၊ တိုင်းပြည်တစ်ခုက စစ်အာဏာရှင်လက်အောက် ရောက်သွားပြီဆိုရင် တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ အနေအထားလဲ မရှိတော့ဘူး၊ ဒီအချိန်မှာ ကျား - မ အခြေပြုတဲ့ အကြမ်းဖက်မှုတွေ ၊ စီးပွားရေးကျဆင်းတဲ့အနေအထားမှာ အမျိုးသမီးတွေ အိမ်ထောင်ဘက်ရဲ့အနိုင်ကျင့်ခံရတာတွေ၊ စီးပွားရေးအဆင်မပြေလို့ လိင်ကျေးကျွန် ဖြစ်လာရတဲ့အနေအထား တွေ့လာရတယ် ဒါက လက်လှမ်းမီသလောက် အခြေအနေ၊ လက်လှမ်းမမီတဲ့ အခြေအနေတွေလဲ ရှိနိုင်သေးတာမို့ ၂၀၂၃ ခုနှစ်ဟာ အမျိုးသမီးတွေအတွက် နောက်ထပ်ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ကြုံရတဲ့နှစ်လို့ ကျွန်မ မှတ်ချက်ပြုပါတယ်။"

ပြည်တွင်းစစ်ဒဏ် ကြာလာတာနဲ့အမျှ မြန်မာပြည်သူတွေရဲ့ ဘဝတွေကလည်း ပိုပြီး ခက်ခဲလာခဲ့တာပါ။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကရင်နီပြည်နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မယုယုက စစ်ရှောင်ရတဲ့ဘဝ ခက်ခဲလွန်းတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေတောင် ခံစားလာရတယ်လို့ RFA ကို ပြောပါတယ်။

“အလုပ်အကိုင်လက်မဲ့ဆိုတော့ အလှူရှင်ကျွေးတဲ့အပေါ်မှာပဲ စားရင်းနဲ့ ဒီလိုပဲ အသက်ဆက်နေရတာပေါ့၊ မျှော်လင့်ချက် တော်တော်လေးမဲ့နေကြတာပေါ ဘာဆက်လုပ်လို့ ဘာလုပ်ရမယ်မသိဘူး ဦးတည်ချက်မဲ့နေကြတယ် စိတ်ပိုင်းဆိုင်ရာတွေ ခံစားနေရတယ်၊ ကျွန်မတို့ ဒီလိုဘဲ နေသွားရမှာလားပေါ့၊ ပြောမပြတတ်အောင် ရင်ထဲမှာ ပူလောင်တယ်”

ရှမ်းမြောက်တိုက်ပွဲကြောင့် လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းမြောက်တိုက်ပွဲကြောင့် လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီလိုစစ်ဘေးဒုက္ခသည်တွေသာမက တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေကလည်း ဒီနှစ်အတွင်း အတော်ပြင်းထန်ကြမ်းတမ်းခဲ့တယ်လို့ ပြောရမှာပါ။ ဒီနှစ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ အရှိန်မြှင့်လာခဲ့သလို စစ်ကောင်စီကလည်း သူ့ရဲ့အာဏာဆက်လက်တည်တံ့ရေးအတွက် တော်လှန်ရေးအင်အားစုတွေကို အရင်နှစ်တွေကထက် ပိုပြီးပြင်းပြင်းထန်ထန် ချေမှုန်းခဲ့တာပါ။

စစ်တောင်းမြစ်ဝှမ်းမှာ စစ်ကောင်စီတပ်တွေကို တိုက်ပွဲဝင်နေတဲ့ တော်ဝင်ဒေါင်း စစ်ကြောင်း Royal Peacock Column က ကွန်မန်ဒိုအထူးတပ်ဖွဲ့ဝင် ရေချယ်က ဒီနှစ်ဟာ သူ့အတွက် ဘဝမှာ တစ်သက်တာမေ့မရတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရတဲ့နှစ်လို့ ပြောပါတယ်။

“၂၀၂၃ ခုနှစ်ကတော့ ညီမတို့အတွက်က စိန်ခေါ်မှုတွေ အများကြီးပဲ၊ ဒီစစ်တောင်းမြစ်ဝှမ်းကို ထိန်းချုပ်နိုင်ဖို့အတွက် လမ်းတွေလည်း အများကြီးလျှောက်ခဲ့ရတယ် အများကြီးပင်ပန်းခဲ့ရတယ် ညီမတို့ ရဲဘော်တွေအများကြီး ပေးဆပ်ခဲ့ရတယ်၊ စိန်ခေါ်မှုတွေအများကြီးပေါ့နော်၊ အခုအခြေအနေဆိုရင် အေးဆေးဖြစ်နေပြီ တိုက်ပွဲတွေကို စနစ်တကျလုပ်ပြီးမှ တိုက်ပွဲသွားတယ် ပြီးရင်ပြန်လာတယ် ပြည်သူတွေနဲ့ ကောင်းကောင်းမွန်မွန်ထိတွေ့နေနိုင်ပြီ၊ အဲလိုဖြစ်ဖို့အတွက် ပေးဆပ်မှုတွေ အများကြီးရှိခဲ့တာပေါ့”

၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း ဆန္ဒပြခဲ့စဉ်။ (Photo: Citizen Journalist)
၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးသပိတ်စစ်ကြောင်း ဆန္ဒပြခဲ့စဉ်။ (Photo: Citizen Journalist)

စစ်အာဏာရှင်တော်လှန်ရေး အကြမ်းမဖက်လှုပ်ရှားမှု CDM မှာပါဝင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆရာမ ဒေါ်ရတီအုန်းကလည်း သူတို့တော်လှန်ရေးအဖွဲ့တွေ အရင်နှစ်ကထက် ဒီနှစ် အခက်အခဲပိုကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တော်လှန်ရေးပြီးမြောက်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

“၂၀၂၃ ခုနှစ်ထဲမှာ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးကာလ ကြာမြင့်လာပြီဆိုတော့ သူတို့အနေနဲ့ ကျပ်တည်းလာပြီဖြစ်တာကြောင့် ထောက်ပံ့ဖို့အခက်အခဲရှိလာလို့ ကျွန်မတို့ ငွေရေးကြေးရေးဆိုင်ရာ ကျပ်တည်းလာပါတယ်၊ နောက်ပြီး စစ်ကောင်စီဘက်ကလည်း သူတို့ ရှုံးခါနီးဖြစ်တာကြောင့် ရှုံးမဲမဲပြီး ဟိုနေရာမှာဖြတ်တောက် ဒီနေရာ ပိတ်ဆို့ နဲ့ ကျွန်မတို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲကို ကြံ့ကြံ့ခံပြီးတော့မှ တစ်လှိုင်းပြီး တစ်လှိုင်း‌ ရွေ့လာတာနဲ့အတူ အောင်မြင်မှုတွေကလည်း ဆက်တိုက်ဖြစ်လာတယ်၊ ကျွန်မတို့ ကလေးမြို့မှာဆိုလည်း မျောက်ဆေး စခန်းသိမ်းတယ်၊ ရန်ကြီးအောင်၊ ခပါးနီ၊ ခမ်းပါတ် အဲလိုသိမ်းတာနဲ့အတူ ပြည်သူလူထုရဲ့ အားပေးမှုတွေက ကျွန်မတို့အတွက် ခွန်အား တအားဖြစ်ခဲ့တယ်။ ရန်ကြီးအောင် စခန်းသိမ်းတိုက်ပွဲအတွင်းမှာပဲ ကျွန်မဖခင် ကွယ်လွန်ခဲ့တယ်၊ အဲဒီအတွက် ထိခိုက်ခံစားရပေမဲ့ ဒီလိုခံစားရတာ ကျွန်မတစ်ယောက်ထဲ မဟုတ်ဘူး၊ သားသမီးတွေတိုက်ပွဲတွင်း ကျဆုံးသွားတယ် မိဘတွေက မြင်ခွင့်မရလိုက်ဘူး၊ ဒီလိုပဲ အခက်အခဲတွေရှိတာကြောင့်မို့ ကျွန်မ အားတင်းတယ်၊ အဲဒီပေးဆပ်လိုက်ရမှုအတွက် ဒီ့ထက်ပိုပြီး တော်လှန်ရေးမှာ ကျွန်မပိုပြီး အားထုတ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်"

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ သပိတ်စစ်ကြောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ သပိတ်စစ်ကြောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

ပဲခူးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက CDM ဆရာမ ဒေါ်ခင်မေကလည်း ရှမ်းပြည်မြောက်ပိုင်းဒေသမှာ စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ စစ်ဆင်ရေးကြောင့် ရှေ့ဆက်ရမယ့်ဘဝအတွက် ခွန်အားတွေ ရလာခဲ့တယ်လို့ ပြောပါတယ်။

“ဒီ ၂၀၂၃ က တော်တော်ကို ပိုခက်ခဲတယ်၊ ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကလဲ ထောက်ပံ့တာလေး ရှည်လာတော့ လက်ပန်းကျလာတယ်ပေါ့နော်၊ မထောက်နိုင်တော့ဘူး၊ မထောက်နိုင်တော့ ကိုယ်တိုင်ဘယ်လိုရုန်းမလဲ စဉ်းစားရတယ်၊ အဖေကလည်း အသက် ၈၀ အမေကလည်း အသက်ကြီးပြီဆိုတော့ ကျန်းမာရေးလည်း မကောင်းဘူး၊ ကိုယ်ကအလုပ်ကလည်း မရှိ ထောက်ပံ့မယ့်သူလည်းမရှိ မိသားစုစားဝတ်နေရေး အတော်လေး ဒုက္ခရောက်တယ်၊ လမ်းပျောက်သွားတဲ့ သဘောရှိတယ်၊ ဒါပေမဲ့ တော်လှန်ရေးကတော့ ကျမတို့လမ်းပျောက် မသွားပါဘူး၊ ရှမ်းမြောက်က ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဖော်လိုက်ကတည်းက တအားကို စိတ်ဓာတ်တက်ကြွသွားတယ်၊ ၂၀၂၄ ကို တအားမျှော်လင့်ထားတယ် ကိုယ်ဒုက္ခခံထားလေးတွေက ခံရကျိုးနပ်မယ် ၂၀၂၄ မှာ အပြတ်အသတ်ကို နိုင်မယ်လို့ မျှော်လင့်ထားတယ်၊ ယုံလည်း ယုံကြည်တယ်”

မကြာခင်မှာ ၂၀၂၄ နှစ်သစ်ကို ရောက်ရှိလာတော့မှာပါ။ မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီက ဖိနှိပ်ချေမှုန်းနေတဲ့ကြားက အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်လာခဲ့တာလည်း လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ၃ နှစ်ပြည့်မြောက်တော့မှာပါ။ ဒီ သုံးနှစ်တာကာလအတွင်း မြန်မာပြည်သူတွေဘက်က ရင်းနှီးပေးဆပ်ခဲ့ရတာတွေကို အချည်းနှီးမဖြစ်ရအောင် အားလုံးကြိုးစားဖို့လိုတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“လာမယ့်နှစ်မှာ ပြည်သူတွေလိုချင်တဲ့ နိုင်ငံရေးပန်းတိုင် ပြည်သူတွေလိုလားတဲ့ ပြည်ထောင်စုသစ် ထူထောင်ဖို့အတွက် အခြေခံကျတဲ့ အုတ်မြစ်တွေ ချမှတ်နိုင်ဖို့ လိုအပ်ကြောင်းနဲ့ ၂၀၂၄ ဟာ နိုင်ငံရေးအရ ပိုပြီး သဘောထားကြီးကြီး အမြော်အမြင်ရှိရှိနဲ့ တော်လှန်ရေးအင်အားစုတွေကြား ညှိညှိနှိုင်းနှိုင်းဖြတ်သန်းရမယ့်နှစ်၊ ပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်နိုင်မယ့် နှစ်တစ်နှစ်ဖြစ်လိမ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။”

မကြာခင်ရောက်ရှိလာတော့မယ့် ၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်တစ်ပြည်လုံးအတွက် ဒီမိုကရေစီပြန်လည်ရရှိရေး တိုးတက်မှုတွေနဲ့အတူ မြန်မာအမျိုးသမီးတစ်ရပ်လုံးရဲ့ ဘဝတွေလည်း တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။