စစ်ကောင်စီကို လက်နက်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက် အင်ဒိုနီးရှားကုမ္ပဏီတချို့ တုံ့ပြန်

အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ကုမ္ပဏီသုံးခုဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် လက်နက်ကုမ္ပဏီသုံးခုထဲက နှစ်ခုက စွပ်စွဲချက်တွေမမှန်ကြောင်း ငြင်းဆိုပါတယ်။

၂ဝ၁၇ ခုနှစ် မတ်လက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားမှ စစ်ရေးပြ မြင်ကွင်းတစ်ခု။ AP

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစ်မန်နဲ့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) အဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့ ပူးပေါင်းပြီး အင်ဒိုနီးရှားနိုင်ငံအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီသုံးခုကို စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။

အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ PT Pindad၊ ရေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ PT PAL နဲ့ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း PTDI (PT Dirgantara Indonesia) တို့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံမှုတွေ ဆက်လုပ်နေတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း၊ Justice for Myanmar အဖွဲ့ရဲ့လေ့လာစုံစမ်းမှုတွေကို ထောက်ပြပြီး တိုင်ကြားထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ ရှင်းလင်းရေး စစ်ဆင်ရေးတွေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာတောင် စစ်လက်နက်ပစ္စည်းတွေကို ရောင်းချမှုဆက်ရှိနေတာ အင်မတန် စိုးရိမ်ပူပန်စရာ ကောင်းတဲ့အပြင်၊ အင်ဒိုနီးရှားအစိုးရရဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာမှုအပေါ် သံသယဖြစ်စေတယ်လို့ တိုင်ကြားသူတစ်ဦးဖြစ်တဲ့ လူ့အခွင့်အရေး ရှေ့နေ မာဇူကီဒါရုစ်မန်က အောက်တိုဘာ ၁ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အင်ဒိုနီးရှား အစိုးရပိုင် Pindad ကုမ္ပဏီဟာ စစ်ကောင်စီရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်ရဲ့သား ဦးထူးထူးရှိန်ဦး ပိုင်ဆိုင်တဲ့ True North ဆိုတဲ့ ကုမ္ပဏီနဲ့ သဘောတူစာချုပ်ချုပ်ထားပြီး၊ ဒီကုမ္ပဏီက မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူဖို့ ကြားခံ ပွဲစားအဖြစ် ဆောင်ရွက်ပေးနေတယ်လို့ Myanmar Accountability Project ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာပို့စ် သတင်းစာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက Pindad ကုမ္ပဏီရဲ့ ကြေညာချက်တစ်ခုမှာ မြန်မာနိုင်ငံကို ကုမ္ပဏီရဲ့ပြည်ပဈေးကွက်တစ်ခုအဖြစ် ဖော်ပြထားတဲ့အကြောင်း၊ စွပ်စွဲခံရတဲ့ လက်နက်ကုမ္ပဏီ သုံးခုလုံးက ထုတ်ဝေတဲ့ စာစောင်တွေမှာ True North ကုမ္ပဏီကို သူတို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ငန်းအဖြစ် ဖော်ပြထားတာလည်း တွေ့ရတဲ့အတွက် မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ စွပ်စွဲချက်ဟာ မှန်ကန်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

"အခုလို အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတာသာ အမှန်ဆိုရင်၊ တော်တော်လေးကို ဆိုးဝါးပြင်းထန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမှန်ကို သိရဖို့ အင်ဒိုနီးရှား လူ့အခွင့်အရေးကောင်စီကနေ စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားတောင်းဆိုနေတာ ဖြစ်ပါတယ်။ ”

စွပ်စွဲခံရတဲ့ ကုမ္ပဏီ သုံးခုထဲက Pindad ကုမ္ပဏီဥက္ကဋ္ဌ အေဘရာဟမ် မိုဇက်က ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု မရှိတော့ကြောင်း၊ မြန်မာနိုင်ငံနဲ့ MOU ထိုးထားတာလည်း မရှိကြောင်းပြောပြီး၊ ဒီ စွပ်စွဲမှုတွေ မမှန်ကန်ကြောင်း ငြင်းဆိုထားတယ်လို့ ဂျကာတာပို့စ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံကို ကုမ္ပဏီရဲ့ ပြည်ပပို့ကုန် ဈေးကွက်အဖြစ် ဖော်ပြထားတာနဲ့ ပတ်သက်လို့လည်း၊ အမှန်တကယ် တင်ပို့မှု မရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်က စုံစမ်းမေးမြန်းမှုသာ ရှိခဲ့တဲ့အကြောင်း ဂျကာတာပို့စ်ကို ပြောပါတယ်။

နောက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ PTDI ကလည်း စွပ်စွဲချက်တွေကို အလားတူ ငြင်းဆန်ပါတယ်။ မြန်မာအစိုးရနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ ပုဂ္ဂလိကပိုင် မြန်မာကုမ္ပဏီတွေကို ကြားခံပြီးသော်လည်းကောင်း စီးပွားရေးဆက်ဆံမှု မရှိပါဘူးလို့ PTDI ရဲ့ဥက္ကဋ္ဌ ဂီတာ အမ်ပါ ရီယာဝမ်က ဂျကာတာပို့စ်ကို ပြောပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် စစ်ရေးပြနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Photo: AFP)

ကျန်တဲ့ PT PAL ကုမ္ပဏီ နဲ့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနတို့ကတော့ ဂျကာတာပို့စ်ရဲ့ မေးမြန်းမှုတွေကို တုံ့ပြန်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးနောက်မှာတောင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေ ဆက်ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အင်ဒိုနီးရှားအစိုးရနဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုတော့ RFA က မေးမြန်းလို့မရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ကတော့ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲမှာပါတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ ဆိုတဲ့အချက်အတိုင်း စစ်ကောင်စီကို လက်နက်ရောင်းချတာတွေကို တားဆီးသင့်တယ်လို့ တိုက်တွန်းပါတယ်။

"အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရရှိဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောက်လျှောက် လုပ်လာတာ ဒီနေ့အထိပါ၊ အင်ဒိုနီးရှားအစိုးရအနေနဲ့ NUG အစိုးရအပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံနေတယ် အင်ဒိုနီးရှားကုမ္ပဏီတွေက မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာရှိတယ်ဆိုတဲ့သတင်းတွေ ထွက်လာတာကို အင်ဒိုနီးရှားအစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီး အဲ့လိုမဖြစ်အောင် တားဆီးပိတ်ပင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်"

အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဦးဆောင်ဖြေရှင်းပေးဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံဖြစ်ပြီး၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အတွက် အခုလို လက်နက်ရောင်းချမှု စွပ်စွဲချက်ပေါ်ထွက်လာတာဟာ ရှေ့နောက်မညီတဲ့လုပ်ရပ်အဖြစ် Myanmar Accountability Project က Chris Gunness က ပြောပါတယ်။

“စိတ်ဝင်စားစရာ ကောင်းတာက အင်ဒိုနီးရှားဟာ စံနှုန်းနှစ်မျိုးကျင့်သုံးနေကြောင်း ဖြစ်နိုင်တာကြောင့်ပါ။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံ ပြဿနာကို အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတဲ့နေရာမှာ အဓိကပါဝင်တဲ့ နိုင်ငံပါ။ အင်ဒိုနီးရှားဟာ၂၀၂၁ ခုနှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့အဆိုကိုလည်း ထောက်ခံခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာလည်း တက်တက်ကြွကြွပါဝင်ပြီး မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလို အင်ဒိုနီးရှားအစိုးရပိုင် လက်နက်ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတာသာ အမှန်ဆိုရင်၊ တော်တော်လေးကို ဆိုးဝါးပြင်းထန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမှန်ကို သိရဖို့ အင်ဒိုနီးရှား လူ့အခွင့်အရေးကောင်စီကနေ စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားတောင်းဆိုနေတာ ဖြစ်ပါတယ်။ ”

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ ပဋိပက္ခအကျပ်အတည်းတွေကို ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းဖို့ ကြိုးစားရာမှာ အောင်မြင်မှုမရှိတဲ့အတွက် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။

ဒီနိုင်ငံပိုင် လက်နက်ကုမ္ပဏီသုံးခုဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရင် လက်နက်ရောင်းချမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ကို တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org