နှစ်သစ်မှာ စစ်ကောင်စီတပ် လေကြောင်းကတိုက်ခိုက်မှု လူရာချီ သေဆုံး
RFA က ပြုစုထားတဲ့ စာရင်းအရ ဇန်နဝါရီ ၁ ရက်ကနေ ၂၂ ရက်အထိ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကယား (ကရင်နီ)၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စစ်တပ်က လေကြောင်းက တိုက်ခိုက်တဲ့အတွက် လူ ၁၂၃ ဦးထက်မနည်း သေဆုံးပြီး လူတစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2025-01-22 -
-
-
စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေနဲ့ ရပ်ရွာတွေကို နေ့စဉ်နဲ့အမျှ လေကြောင်းက တိုက်ခိုက်နေပြီး ဇန်နဝါရီ ၂၂ ရက်နေ့မှာလည်း သုံးနေရာထက်မနည်း လေကြောင်းက တိုက်ခိုက်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲက တိုက်ပွဲဖြစ်ပွားတဲ့နေရာ၊ တိုက်ပွဲတွေမရှိတဲ့ စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့တို့ ဇန်နဝါရီ ၂၂ မှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူတွေ ဆက်လက်သေဆုံးထိခိုက်နေတာပါ။
နောင်ချိုမြို့မှာ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ရှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
"ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေ မပူးပေါင်းအောင် မထောက်ပံ့နိုင်အောင် ခြိမ်းခြောက်တဲ့ သဘောမျိုးနဲ့ အခုလိုမျိုး လေကြောင်းနဲ့ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်"
RFA က ပြုစုထားတဲ့ စာရင်းအရ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၂ ရက်အထိ ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကယား (ကရင်နီ)၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တဲ့အတွက် လူ ၁၂၃ ဦးထက်မနည်း သေဆုံးပြီး လူတစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ ရပ်ရွာတွေထဲမှာနေထိုင်တဲ့ အရပ်သားအများစု သေဆုံးတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း သေဆုံးပါတယ်။ ရခိုင်ပြည်နယ်က ၅၂ ဦးနဲ့ အများဆုံးသေဆုံးပြီး ကချင်ပြည်နယ်မှာတော့ လူ ၂၂ ဦးနဲ့ ဒုတိယ အများဆုံး သေဆုံးပါတယ်။
ဆက်နွှယ်သောသတင်းများ
ရခိုင်မှာ နိုင်ငံရေးဆွေးနွေးဖို့ ထုတ်ပြန်ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရ
နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၂ ဦးသေဆုံး
စစ်ကောင်စီရဲ့လေယာဥ်အသုံးပြုမှု နိုင်ငံတကာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ
လေကြောင်းက ပိုတိုက်ခိုက်နေတာက စစ်ကောင်စီက ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးမှာ တော်လှန်ရေးအဖွဲ့တွေ လက်နက်စွန့်ပြီး ပါဝင်လာဖို့ ဖိအားပေးနေတာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတာနဲ့ သူက ပိုပြီးမှ လေကြောင်းနဲ့ တိုက်ခိုက်မှုကတော့ ပိုပြီး ပြင်းပြင်းထန်ထန် ဖော်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ သူက စစ်အင်အားနဲ့ ဖိပြီးမှ တိုက်ခိုက်လာတဲ့သဘောမျိုး ဖြစ်နိုင်တယ်ဆိုပြီးမှ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ နောက်တစ်ခုကတော့ ပြည်သူလူထုကို ပစ်မှတ်ထားပြီးမှ သူက လေကြောင်းနဲ့ တိုက်ခိုက်တာကို တွေ့ရပါတယ်။ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေ မပူးပေါင်းအောင် မထောက်ပံ့နိုင်အောင် ခြိမ်းခြောက်တဲ့ သဘောမျိုးနဲ့ အခုလိုမျိုး လေကြောင်းနဲ့ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်"
KIA ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်ရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိရာ ဗန်းမော်မြို့သိမ်း တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
လတ်တလော စစ်ရေးရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်တွေမှာလည်း မတည်ငြိမ်အောင် နေ့စဉ်လိုလို လေကြောင်းနဲ့ ဗုံးကြဲနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ခုနစ်ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးက အချုပ်ခန်းတစ်ခုကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၂၈ ဦး သေဆုံးခဲ့တာပါ။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ကတော့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း လေကြောင်းက အကြိမ်ရေ ခုနစ်ဆယ်ထက် မနည်း တိုက်ခိုက်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်း တစ်ဦးကတော့ စစ်ရေးသဘောအရ အသာစီးရဖို့အတွက် လေကြောင်းနဲ့ ဖိအားပေး တိုက်တာလို့ ပြောပါတယ်။
“စစ်တိုက်တယ်ဆိုတာကတော့ ဘယ်လိုမှ ပြောမရဘူးပေါ့။ ရတာနဲ့ လုပ်ကြမှာပေါ့။ အပြတ်အသတ် သူတင်ကိုယ်တင် လုပ်ကြတယ်ဆိုတဲ့ အနေအထားမျိုးဆိုရင် စစ်ပွဲတွေက အပြင်းထန်ဆုံး အနေအထားဆိုတာက လေး၊ ငါးနှစ်ထက် မပိုပါဘူး။ အခုလည်း အဲလောက်ကာလဖြစ်လာပြီ။ အဲတော့ တစ်ခုခုပြတ်မှပဲ တစ်ခုခု ဖြတ်မှပဲ။ သို့သော် ခုန ပစ်တာ ခတ်တာဆိုတဲ့ ရည်ရွယ်ချက်တွေမှာကတော့ အကုန်လုံးက ဖိအားပေးမှုက နောက်ဆုံးကျရင်တော့ တစ်ယောက်ယောက်က အပြတ်အသတ်နိုင်ဖို့ ရည်ရွယ်ထားတာ။ အောင်မြင်တာ၊ မအောင်မြင်တာ အပထားပေါ့နော်"
လက်ရှိ မြန်မာပြည်ရဲ့ စစ်ရေးပဋိပက္ခ အခြေအနေဟာ တစ်ဖက်ဖက်က အပြတ်အသတ် အသာစီးရတဲ့အချိန်မှ ငြိမ်းချမ်းရေးအတွက် အလားအလာရှိနိုင်မယ်လို့လည်း သူက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်ထက် အရပ်သားတွေကို ပိုပြီး ပစ်မှတ်ထား လေကြောင်းက တိုက်ခိုက်လာတယ်လို့ ပြောပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆိုခူရွာက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည် သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းက ပိုတိုက်ခိုက်လာတာကြောင့် အရပ်သားတွေ စိုးရိမ်နေရသလို ပိုပြီး လုံခြုံမဲ့ နေရာတွေကို ရွှေ့ပြောင်းတာတွေ များလာတယ်လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ရေးအခြေနေအရ ပိုမိုတင်းမာမှုတွေ ရှိလာတဲ့အတွက်ကြောင့်မို့ စစ်တပ်ကတော့ သူတို့ ရှုံးရင်တော့ စစ်ရှောင်စခန်းကိုပဲ ဦးတည်ပြီးတော့မှ လေကြောင်းတိုက်ခိုက်မှုတွေ များတဲ့အခါကျတော့ ရက်တိုင်းလို နေ့ရော၊ ညပါ လေကြောင်းနဲ့ ပတ်သက်ပြီးတော့မှ စိုးရိမ်မှုတွေက ပိုမိုပြီး ရှိလာကြတာပေါ့နော်။ ပိုပြီး လုံခြုံတဲ့နေရာတွေ သွားရောက်ရွှေ့ပြောင်းနေထိုင်တာပဲဖြစ်ဖြစ်၊ ဗုံးခိုကျင်းတွေ ပိုမိုပြီး တူးလာတာဖြစ်ဖြစ် ပိုလုပ်လာကြတာ တွေ့ရတယ်"
နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နိုင်တဲ့ အခြေအနေမရှိတော့တာကြောင့် လေကြောင်းကနေပဲ အဓိက တိုက်ခိုက်နေရတာလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ အုပ်ချုပ်ရေးယန္တရားတည်ငြိမ်မှု မရှိအောင်လုပ်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တည်ငြိမ်မှုမရအောင် နောက်ပြီးတော့ ပြည်သူတွေ မနေရဲအောင် နောက်ပြီးတော့ ဒေသအုပ်ချုပ်ရေးလုပ်ငန်းတွေ မလုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ သူအနေနဲ့ အခုကတော့ စစ်ရေးပစ်မှတ်တင် မဟုတ်ဘူး။ အရပ်သူ၊ အရပ်သားတွေ ရှိတဲ့နေရာတွေကိုပါ သူက တိုက်ခိုက်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျူးလွန်နေတာလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်"
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းက တစ်နှစ်ထက်တစ်နှစ် တိုးတိုက်ခိုက်နေပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ အထိ ၈၅၇ ရာခိုင်နှုန်း တိုးမြှင့်တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်အကြမ်းဖက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Action on Armed Violence အဖွဲ့ရဲ့ ဇန်နဝါရီ ၁၀ ရက်သတင်းမှာ ဖော်ပြထားပါတယ်။