မြန်မာအလုပ်သမားတွေ “ဝ” ဒေသက ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံနေရ

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသအတွင်း တရုတ်နိုင်ငံသားအများစု ပါဝင်ပတ်သက်နေတဲ့ ငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီလိုငွေလိမ်ဂိုဏ်းတွေ ၀ ဒေသအတွင်း ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသမှ ပန်ဆန်းမြို့အား တွေ့ရစဉ်။

တရုတ်-မြန်မာနယ်စပ်က ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ် ဒေသအတွင်း တရုတ်နိုင်ငံသား အများစု ပါဝင်ပတ်သက်နေတဲ့ ငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီလိုငွေလိမ်ဂိုဏ်း တွေ ၀ ဒေသအတွင်း ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မြန်မာအလုပ်သမား အများအပြား ဒီငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံထား ရတယ်လို့ မိသားစုဝင်တွေနဲ့ ပြန်လည်လွတ်မြောက်လာသူတွေက RFA ကို ပြောပါတယ်။

ငွေလိမ်ဂိုဏ်းတွေဟာ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ အထည်လုပ်ငန်းနဲ့ ကျောက်မြတ် ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီပုံစံနဲ့ ဖေ့စ်ဘွတ်ခ်၊ ဝီချက်နဲ့ တယ်လီဂရမ်တွေ ကနေ နိုင်ငံခြားသားတွေကို လိမ်လည်တာပါ။ ဂိုဏ်းတစ်ခုကို အနည်းဆုံး အလုပ်သမား ၃၀ ဝန်းကျင်ရှိတယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။

"ထိုင်းမလှလှလေးတွေပုံကို သုံးပြီးတော့ ကျနော်တို့ ဦးတည်ချက်က သြဇီနိုင်ငံသားတွေကို သွားပြီးလိမ်ရတယ်”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကိုကိုမင်းဟာ “ဝ” ဒေသက ဂိမ်းဆိုင်တစ်ခုမှာ အလုပ်လုပ်ရင် တစ်လကို မြန်မာငွေ ဆယ်သိန်းကျော်ရမယ်လို့ စည်းရုံးခံရပြီးနောက် ငွေလိမ်ဂိုဏ်းတစ်ခုဆီ ရောက်သွားပါတယ်။ အလုပ်မဆင်းခင် ကုမ္ပဏီနဲ့ တရုတ်လိုရေး ထားတဲ့ စာချုပ်တစ်ခုချုပ်ရပြီး အလုပ်ထွက်ရင် တရုတ်ယွမ်တစ်သောင်းခွဲကို လျော်ကြေး အနေနဲ့ ပေးရမယ်လို့ ကုမ္ပဏီဘက်က အကျပ်ကိုင်ထားတယ်လို့ ကိုကိုမင်းက ပြောပါတယ်။

စာချုပ်ကို တရုတ်လိုရေးထားတဲ့အတွက် စာချုပ်မှာ ပါဝင်တဲ့အချက်တွေကို မြန်မာ အများစုက နားမလည်ကြပါဘူး။ အလုပ်သွင်းပေးတဲ့ ပွဲစားကိုမေးကြည့်တော့ လစာပေးဖို့အတွက် စာချုပ်ချုပ်တာလို့ ပြောတာကြောင့် ယုံကြည်ပြီး လက်မှတ်ထိုး ခဲ့တာလို့ ကိုကိုမင်းက ပြောပါတယ်။

လုပ်ငန်းခွင်မှာ သူဟာ ထိုင်းအမျိုးသမီးလို ဟန်ဆောင်ပြီး သြစတြေးလျနိုင်ငံသားတွေကို လိမ်လည်ခဲ့ရတယ်လို့ ကိုကိုမင်းက ပြောပါတယ်။

“ကျနော်တို့လုပ်နေတဲ့ လုပ်ငန်းက ပလက်ဖောင်းနာမည်က အိုင်တီပလက်ဖောင်း နာမည်နဲ့။ ကျနော်တို့က အိုင်တီဖိုး အိုင်တီဖိုက်ဆိုပြီးရှိတယ်။ ဒါပေမဲ့ ပလက်ဖောင်းက အတု ဂူဂဲတွေ ဘာတွေမှာလည်း မရှိဘူး၊ တရားဝင်လည်း မဟုတ်ဘူး။ သူတို့ဘာသာ လုပ်ထားတဲ့ ပလက်ဖောင်း အတုကြီး။ ငွေကြေး ရောင်းဝယ်တာ။ အဲပလက်ဖောင်း အတုမှာ သူတို့က ငွေထည့်ခိုင်းတယ်။ ငွေထည့်တဲ့သူက ပလက်ဖောင်း အတုဆိုတော့ ထည့်ပြီးရင် ပြန်ထုတ်လို့မရဘူး။ အဲလိုတွေ လိမ်ခိုင်းတယ်ဗျာ။ တစ်ရက်ကို ဆယ်ယောက် မရှာနိုင်ရင် ထိုင်ထလုပ်ရတယ်ဗျာ။ ကျနော်တို့က ဘယ်လိုပြောမလဲ ဆိုရင် မိန်းကလေးကာရိုက်တာကို သုံးရတယ်။ ထိုင်းမလှလှလေးတွေပုံကို သုံးပြီးတော့ ကျနော်တို့ ဦးတည်ချက်က သြဇီနိုင်ငံသားတွေကို သွားပြီးလိမ်ရတယ်”

လိမ်လည်သူတွေဟာ ထိုင်း၊ သြစတြေးလျ၊ ဗြိတိန် အပါအဝင် နိုင်ငံခြားသားတွေကို ပစ်မှတ်ထားလိမ်လည်ရတယ်လို့ သူက ပြောပါတယ်။

လိမ်လို့ရတဲ့ ငွေပမာဏပေါ်မူတည်ပြီး သူတို့လစာရပါတယ်။ မလိမ်နိုင်ရင်တော့တဲ့အခါ အခန်းထဲ လှောင်ပိတ်ထားတာ၊ ကျဉ်စက်နဲ့ တို့တာ၊ ထမင်းမကျွေးဘဲ ထားတာမျိုးတွေ လုပ်တာခံရတယ်လို့ ကိုမင်းမင်းက ပြောပါတယ်။ အလုပ်သွင်းပေးပြီးကတည်းက ပွဲစားတွေဟာ အလုပ်သမားတွေကို အဆက်အသွယ် ဖြတ်တောက်သွားကြတယ်လို့လည်း ပြောပါတယ်။
အဲဒီလုပ်ငန်းမှာ လေးလလောက် ပိတ်လှောင်ခံရပြီး နိုဝင်ဘာလမှာတော့ ထွက်ပြေး လွတ်မြောက်လာတယ်လို့ ကိုကိုမင်းက ပြောပါတယ်။

ပွဲစားတွေက ၀ ဒေသမှာ အလုပ်လုပ်မယ့် အလုပ်သမားတွေကို ပန်ဆန်းမြို့အပြင်ရွာတွေမှာ လူစုပါတယ်။ အဲဒီကတစ်ဆင့် မိုင်းပေါက်မြို့က ငွေလိမ်ဂိုဏ်းတွေဆီ ညအချိန်မှာကားနဲ့ ပို့တာလို့ ကိုယ်တိုင်ကြုံခံရတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့ခံ မလီမိက ပြောပါတယ်။

မလီမိနဲ့ သူ့သူငယ်ချင်း မအာစီမီးဟာ ပွဲစားရဲ့ ချိတ်ဆက်မှုနဲ့ ဇူလိုင်လ ၁၉ ရက်မှာ ပန်ဆန်းမြို့ကို ရောက်သွားတာပါ။ ရောင်းစားခံလိုက်ရတယ်ဆိုတာကို သူတို့ မသိပါဘူး။ အလုပ်မလုပ်ချင်လို့ ကုမ္ပဏီကထွက်ဖို့ သူဋ္ဌေးကို ပြောတဲ့အချိန်မှာမှ ပွဲစားက သူတို့ရဲ့ တစ်နှစ်စာလုပ်ခလစာကို ထုတ်ယူသွားတာသိရတယ်လို့ မလီမိက ပြောပါတယ်။

လုပ်ငန်းမကျွမ်းကျင်လို့ဆိုပြီး ပန်ဆန်းနဲ့ မိုင်းပေါက်မြို့က ငွေလိမ်ဂိုဏ်းတွေတစ်ခုပြီးတစ်ခု ပြောင်းရွှေ့ခိုင်းစေတာကို ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

သူဟာ အထည်လုပ်ငန်းလုပ်ကိုင်သူလို ဟန်ဆောင်ပြီး ရှယ်ယာထည့်ဝင်ဖို့ နိုင်ငံခြားသား ရှယ်ယာရှင်ရှာပေးခဲ့ရတယ်လို့ မလီမိက ပြောပါတယ်။

“ညီမတို့က လူရှာရတဲ့အပိုင်းပဲ။ နည်းနည်းကျွမ်းတဲ့သူတွေကျတော့ လုပ်ငန်းအကြောင်း ကို ပြန်ပြောပြရတာ ညီမတို့က လူရှာရတဲ့အဆင့်ပဲ။ ညီမတို့ကတော့ အထည်ကုမ္ပဏီ ဖွင့်ထားတယ်လို့ အဲလိုနဲ့ မိတ်ဆက်တာပေါ့။ ညီမတို့ အကောင့်တွေက မခိုင်ဘူးဆိုတော့ အကောင့်က ခဏခဏ ကျနေတာဆိုတော့ တစ်ညကို နှစ်ယောက်၊ သုံးယောက် အဲလောက်ပဲရှာရတာ။ ပထမကုမ္ပဏီမှာဆိုရင် လူရှာမရဘူးဆိုရင် ထိုင်ထလုပ်ခိုင်တာတို့၊ ပြေးခိုင်းတာတို့ အဲလိုမျိုးလည်း အများကြီးရှိတယ်”

အောက်တိုဘာလမှာတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ မလီမိက ပြောပါတယ်။ မလွတ်မြောက်ခင်နေရာ တစ်ခုပြီးတစ်ခု ပြောင်းခဲ့ရတာကြောင့် သူငယ်ချင်းမ အာစီမီးနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့လည်း မလီမိက ပြောပါတယ်။

မအာစီမီး ပြန်လွတ်လာဖို့အတွက် စစ်ကောင်စီ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ၀ ဆက်ဆံရေးရုံးတွေကို အကူအညီတောင်းထားတယ်လို့ မအာစီမီးရဲ့ အစ်မဖြစ်သူ မအက်စ်စတာက ပြောပါတယ်။

“ဟိုမှာရောင်းစားခံရတာက ကျမညီမ ဟုတ်တယ်။ အိမ်ကနေကျတော့ သူ့သူငယ်ချင်း တစ်ယောက်နဲ့ သူတို့ နှစ်ယောက် ရန်ကုန်ကို သွားလိုက်တာ။ သင်တန်းတွေဘာတွေ တက်ပြီးမှ သူတို့က စင်ကာပူ သွားမယ်ဆိုပြီးမှ ခုနစ်လပိုင်း ဆယ့်ငါးရက်နေ့မှာ ရန်ကုန်ကနေ ထွက်သွားတယ်တဲ့။ ခုနစ်လပိုင်း ဆယ့်ကိုးရက်နေ့မှာ ဝပြည်ကို ရောက်သွားတယ်။ အဲအချိန်မှ ကျမတို့ သိသွားတာ။ ပြီးတော့ ဒီမှာသူနဲ့အတူသွားတဲ့ သူ့သူငယ်ချင်းက ထွက်ပြေးလွတ်မြောက်လာခဲ့တာပေါ့နော်။ သူတို့ ရောင်းစားခံရတယ် ဆိုတာ သူတို့ကိုယ်တိုင်ပြောလို့ပေါ့နော်။ ကျမတို့က လူကုန်ကူးရုံးကို အသိသွားပေးထား တာတော့ရှိတယ်”

အဲဒီလို ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေရတဲ့ မြန်မာအလုပ်သမားတွေကို ကူညီဖို့ ကြိုးစား နေသူတွေလည်း ရှိပါတယ်။

ပန်ဆန်းမြို့က မြန်မာအလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးကတော့ နိုဝင်ဘာ လထဲမှာ မိုင်းပေါက်မြို့က တရုတ်ကုမ္ပဏီတစ်ခုမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာ အလုပ်သမား ၂၀ ဝန်းကျင်းကို ၀ ရဲတပ်ဖွဲ့ အကူအညီနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီထဲက အလုပ်သမား ၁၅ ဦးနဲ့ ပွဲစားတစ်ဦးကိုလည်း ၀ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အခုလို ပိတ်လှောင်ခံရပြီး အတင်းအကျပ် အလုပ်စေခိုင်းခံထားရတဲ့ မြန်မာအလုပ်သမား လေးထောင်နီးပါးရှိနိုင်တယ်လို့ ပန်ဆန်းမြို့ ၀ ဒေသမှာ မြန်မာအလုပ်သမားအရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံသား အရေအတွက်ကတော့ ဒီခြောက်လပိုင်းကနေ ဒီဆယ်တစ်လပိုင်း လလယ်ပိုင်းလောက်အထိ ဝင်လာတဲ့လူဦးရေက လေးထောင်ကျော်ပြီဗျ။ ဒီကုမ္ပဏီထဲက လူတွေလေးထောင်ကျော်ပြီ အားလုံးက ပွဲစားကခေါ်လာတာ။ တစ်ဖွဲ့ကို အနည်းဆုံး တော့ ဆယ်ယောက်၊ ဆယ့်ငါးယောက်ကတော့ အနည်းဆုံးပဲ။ ဒီအပြင်ပိုင်းမှာ ပါလာတဲ့ နေ့စားအလုပ်သမား မပါဘူးပေါ့နော့်။ ဒီကုမ္ပဏီတွေထဲမှာပဲ အခန်းပိတ်၊ တံခါးပိတ် ဘယ်မှမထွက်ရဘဲ အလုပ်လုပ်နေရတဲ့ မြန်မာလုပ်သားတွေ လေးထောင်ဝန်းကျင် လောက်တော့ရှိတယ်”

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသမှ နမ့်တစ်မြို့အား တွေ့ရစဉ်။ (Photo: RFA)

ကုမ္ပဏီဟန်ဆောင်ထားတဲ့ ငွေလိမ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အခြေစိုက်တယ်လို့ ဖော်ပြပြီး ဝ ဒေသမှာ ကုမ္ပဏီခွဲတွေအနေနဲ့ လာရောက်ဖွင့်လှစ်တဲ့ပုံစံနဲ့ အသွင်ယူထားတာပါ။

လားရှိုးအခြေစိုက် ၀ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ ၀ အဖွဲ့အနေနဲ့ ငွေလိမ်ဂိုဏ်းတွေကို စုံစမ်းဖော်ထုတ်နေပြီး ဖမ်းဆီးရမိသူ ၃၃ ဦးကို သူတို့ ကျုးလွန်တဲ့ပြစ်မှုအလိုက် နိုဝင်ဘာလ အစောပိုင်းမှာ ထောင်ဒဏ် ငါးနှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။ ကျူးလွန်သူတွေထဲမှာ မြန်မာနိုင်ငံ သားတွေ ပါဝင်သလို တရုတ်နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြောဖို့ ငြင်းဆန်ပါတယ်။

ရှမ်းပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကတော့ ဒီလိုငွေလိမ်ဂိုဏ်း တွေ လှုပ်ရှားနေတာနဲ့ မြန်မာနိုင်ငံသားတွေ ရောင်းစားခံနေရတဲ့ကိစ္စတွေကို မသိသေး ဘူးလို့ RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံ ဝ ဒေသအတွင်း ဝင်ရောက်လှုပ်ရှားနေတဲ့ ငွေလိမ်ဂိုဏ်းတွေမှာ တရုတ် နိုင်ငံသားတွေ ပါဝင်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီဇင်ဘာလ ၁ ရက်နေ့မှာ အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အလုပ်သမားအရေး ကူညီပေးနေသူတွေကတော့ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးလာတဲ့ မြန်မာနိုင်ငံသားတွေဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ဖြစ်လာနေတယ်လို့ သုံးသပ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org