လူကုန်ကူးခံရတဲ့ ဆယ်ကျော်သက်မင်းကွန်းသူ မိသားစုထံ ပြန်ရောက်
မြန်မာ-တရုတ်နယ်စပ်မှာ လူကုန်ကူးသူတွေလက်ထဲက ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ စစ်ကိုင်းတိုင်းက မင်းကွန်းသူဟာ မူဆယ်နယ်စပ်မြို့ကနေ မန္တလေးသို့ ရောက်ရှိလာပြီးတော့၊ မင်းကွန်းက သူ့မိသားစုနဲ့ ပြန်လည်ပေါင်း စည်းနိုင်ခဲ့ပါတယ်။
-
မခေမဏီဝင်း
2020-01-21 -
-
-
တရုတ်မှာ လူကုန်ကူးရာဘေးကနေ လွတ်မြောက်လာတဲ့ စစ်ကိုင်းတိုင်းက မင်းကွန်းသူဟာ မန္တလေးမှာ ဒီနေ့ သူ့မိခင်ဆီကို ပြန်လည်ရောက်ရှိလာပါတယ်။
တရုတ်မှာ ကလေးထိန်းအလုပ်ရမယ်ဆိုပြီး ဆွေမျိုးတော်စပ်သူတစ်ယောက်က မန္တလေးကနေ မူဆယ်-ရွှေလီ နယ်စပ်ကိုခေါ်သွားပြီးတော့ ရောင်းချလိုက်တာပါ။ ၂၀၁၉ နိုဝင်ဘာလကနေ လူကုန်ကူးခံရလိုက်ရပြီး နှစ်လအကြာမှာ မိသားစုနဲ့ပြန်လည်တွေ့ဆုံရတာပါ။
တရုတ်နယ်စပ် မူဆယ်မြို့ကနေ မန္တလေးမြို့က အမျိုးသမီး သက်မွေးဝမ်းအတတ်ပညာသင်တန်းကျောင်းကို တရားဝင်လွှဲပေးလိုက်တာပါ။ ကျောင်းတာဝန်ခံ ဒေါ်ခင်နွယ်နွယ်ရီက မင်းကွန်းသူဟာ လူကုန်ကူးခံလိုက်ရတဲ့ အဖြစ်ကို သိရှိတာနဲ့ အတင်းအကျပ်ခေါ်ဆောင်ခံရတဲ့ တရုတ်တွေလက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတာ လို့ ရှင်းပြပါတယ်။
တရုတ်ကို လူကုန်ကူးခံရတဲ့ မိန်းကလေး ၃၀ ခန့်ကိုလည်း မူဆယ်မှာ ကယ်တင်ထားပါတယ်။ မန္တလေးက အတတ်ပညာကျောင်းကို မနေ့ညက ခုနှစ်ယောက် ရောက်ရှိလာပြီလို့လည်း ပြောပါတယ်။ အများစုက အသက် ၂၀ ဝန်းကျင်အရွယ်တွေပါ။
မိဘတွေအနေနဲ့လည်း လူတိုင်းကိုမယုံကြည်ဖို့ လိုအပ်တယ်လို့ မိခင်ဖြစ်သူဟာ သူရဲ့အတွေ့အကြုံကို ပြောပါတယ်။
"အခုကတော့ ပျော်တယ်။ သူ ဒုက္ခတွေလည်းကြုံတွေ့ခဲ့ရတော့ ဝမ်းလည်းနည်းတယ်။တခြားမိဘတွေကို ပြောချင်တာက ယုံပြီးမထည့်ကြပါနဲ့၊ ကျမက ယုံပြီးထည့်လိုက်တော့ အခုလိုကြုံရတာ၊ မထင်မှတ်ပဲဖြစ်သွားတာ"
မန္တလေးမြို့ သက်မွေးအတတ်ပညာသင်တင်းကျောင်းဟာ လူကုန်ကူးခံရသူတွေ တထောက်နားရာနေရာဖြစ်ပြီး ၂၀၁၈ ခုနှစ်က လူ ၈၀ လောက်နဲ့ ၂၀၁၉ ခုနှစ်မှာ လူ ၁၀၀ လောက်ကို ကူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ တရုတ်ကနေ ကယ်တင်တဲ့သူတွေကို လက်ခံနိုင်ခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်နွယ်နွယ်ရီ ကပြောပါတယ်။
အတတ်မွေးအတက်ပညာကျောင်းအနေနဲ့ကတော့ အခုလို ကြုံတွေ့ရတဲ့ မိန်းကလေးတွေကို ပုံမှန်အခြေနေမှာ သုံးလလောက်ကြာအောင် ထိန်းသိမ်းထားတတ်ပေမဲ့ အိမ်ပြန်ခေါ်ရဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သက်သေတွေနဲ့ ပေးအပ်လိုက်တယ်လို့ မန္တလေးမြို့ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းက တာဝန်ခံ ဒေါ်ခင်နွယ်နွယ်ရီ ကပြောပါတယ်။
“ပုံမှန်ဆိုရင် ကျမတို့က စောင့်ရှောက်တာ၊ အမှုပြတ်မှပြန်ပို့တာ၊ လုံးဝစိတ်ချရမှပြန်ပို့တယ်။ မူဆယ်မှာလည်း ဒီလိုပါပဲ ၊ ကျမတို့ဆီမှာရှိရင် ကျမတို့တာဝန်ပေါ့၊ အခုက အာမခံတဲ့သူလည်းရှိတော့ ပြန်လည်အပ်နှံပေးတာ၊ တာဝန်ယူမှုက အခုက သူတို့အပိုင်းဖြစ်သွားပြီ”
လူကုန်ကူးခံရတာနဲ့ဆက်စပ်တဲ့ တရားခံ သုံးယောက်ကို မန္တလေးမြို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာရှိလို့ ဒီမိန်းကလေးဟာ အမှုကိုဆက်လက်ရင်ဆိုင်သွားရအုံးမှာဖြစ်ပါတယ်။ မင်းကွန်းသူကို လူကုန်ကူးရာမှာ ပတ်သက်တယ်လို့ ယူဆရသူ သုံးဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းထားတာရှိပါတယ်။
မန္တလေးကနေ မူဆယ်ကို ထည့်ပေးလိုက်တဲ့ ဆွေမျိုးတော်စပ်သူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပါ။