စစ်ကောင်စီရဲ့ ဓားစာခံဖမ်းဆီးမှုများ

စစ်တပ်က အာဏာသိမ်းပြီးနောက် အသေအပျောက် အဖမ်းအဆီးစာရင်းတွေကို မှတ်တမ်းတင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ကနဦးစာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့သူ အယောက် ၄၀ ကျော်ရှိ နေပါတယ်။

အဖမ်းဆီးခံရတဲ့ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို တွေ့ရစဉ် -

စစ်တပ်က အာဏာသိမ်းပြီးနောက် အသေအပျောက် အဖမ်းအဆီးစာရင်းတွေကို မှတ်တမ်းတင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ကနဦးစာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့သူ အယောက် ၄၀ ကျော်ရှိနေပါတယ်။

ဆန္ဒပြသူတွေ၊ စစ်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံတဲ့သူတွေအပါအဝင် စစ်တပ် ဆန့်ကျင်တဲ့သူမှန်သမျှကို စစ်ကောင်စီက နေ့ရော ညပါ မရှောင် လိုက်လံဖမ်းဆီးနေပြီး သူတို့ဖမ်းချင်တဲ့သူတွေကိုမရရင် အဲဒီလူတွေရဲ့ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးနေတာပါ။

အဲဒီလို အဖမ်းခံရသူတွေထဲမှာ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံလည်း ပါပါတယ်။

"ငါတို့ကိုပြန်ခေါ်ပေး၊ တကယ်လို့ ပြန်မခေါ်ပေးဘူး သူတို့လာပြီးတော့ အဖမ်းမခံဘူးဆိုရင် ကျန်ခဲ့တဲ့ နင်တို့ကလေးတွေနဲ့ နင်တို့မိသားစုကို ငါတို့ ဒုက္ခပေးမယ်ဆိုတဲ့ပုံစံ ခြိမ်းခြောက်တာ" လို့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုနဲ့ နီးစပ်တဲ့သူတစ်ယောက် ပြောပြတာဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သူတို့တွေကို ရောက်တဲ့နေရာက ပြန်လာ အဖမ်းခံဖို့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေကို ဓားစာခံလုပ်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ လက်ရှိ ရွှေပြည်သာ စစ်ကြောရေးမှာ ဖမ်းဆီးစစ်ဆေးခံနေရတာပါ။

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့ ကျောင်းဆရာမ တစ်ဦးရဲ့ အိမ်ကို စစ်တပ်နဲ့ရဲ အလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဲ့ဒီဆရာမကို မတွေ့လို့ အိမ်မှာရှိနေတဲ့ အမေနဲ့ မောင်တို့ကို ဖမ်းခေါ်သွားပါတယ်။

"အမက CDM လုပ်နေတဲ့ ကျောင်းဆရာမတစ်ဦး၊ လက်ရှိသူ့ကို ဘာပုဒ်မတွေနဲ့မှ စွဲထားတာမရှိဘဲ စစ်တပ်နဲ့ရဲ အယောက် ၄၀ လောက်အိမ်ကို ဝင်ဖမ်းတယ်၊ အဓိကကတော့ အမကိုဖမ်းတာ မတွေ့လို့ အစ်ကိုနဲ့ အမေကို ဖမ်းခေါ်သွားတယ်"လို့ အဲဒီ CDM ကျောင်းဆရာမရဲ့ မောင်တစ်ဦး ပြောပြသွားတာပါ။

ပဲခူးတိုင်း ပြည်မြို့က လျှပ်စစ်ပစ္စည်း တစ်နိုင်တစ်ပိုင်ပြင်တဲ့သူ ကိုရန်နိုင်လင်းရဲ့ နေအိမ်ကိုလည်း ဝင်ရှာ စစ်ဆေးခဲ့ပြီး သူ့ကို မတွေ့လို့ ဇနီး၊ မိခင်ဖြစ်သူနဲ့ ညီဖြစ်သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတာ ရက်ပေါင်း ၂၀ လောက်ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိ အဆက်အသွယ်မရသေးပါဘူး။

"ကျနော် အဆက်အသွယ်မရတာ ၄ လပိုင်း ၁၅ ရက်နေ့ လောက်ကတည်းက ကျနော် အဆက်အသွယ် မရတာဗျာ့၊ သူတို့ကို ချိုသည်လည်းမသိရဘူး၊ ခါးသည်လည်း မသိရဘူး။ အဓိကကတော့ ကျနော့်ကို လာပြီး အဖမ်းခံဖို့ပြောတယ်၊ အဖမ်းခံရင် ကျနော့်မိသားစုကို ပြန်လွှတ်ပေးချင် လွှတ်ပေးမယ် မလွှတ်ပေးချင်လည်း မလွှတ်ဘူး၊ ဒါသူတို့လုပ်ထားတဲ့ စည်းမျဉ်းလေ"

ကိုရန်နိုင်လင်းကို လက်လုပ်ဗုံး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လိုက်ဖမ်းနေတာပါ။ အဖမ်း ခံထားရတဲ့ မိသားစုတွေ ပြန်လွတ်မြောက်ဖို့ ရဲစခန်းကို သွားရောက်အဖမ်းခံချင်ပေမယ့် စစ်ကောင်စီရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး သူ့မှာ ဘာခိုင်လုံတဲ့ သက်သေမှမရှိသေးသလို သူသွားအဖမ်းခံရင်လည်း မိသားစု ပြန်လွတ် မလွတ် မသေချာတာကြောင့် သွားအဖမ်းမခံတာလို့ ဆိုပါတယ်။

ဒေသဆိုင်ရာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီလို ဓားစာခံအဖြစ် အဖမ်းခံရတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။

ဓားစာခံ ဖမ်းဆီးခံရတဲ့သူတွေထဲက တချို့ဟာ နောက်ပိုင်းမှာ ပြန်လွတ်လာတာရှိပေမယ့် အများစုကိုတော့ ပြန်လွှတ်ပေးတာ မရှိပါဘူးလို့ RFA က စုံစမ်းသိရပါတယ်။

ဒီလုပ်ရပ်တွေဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ထားသူက တရားဥပဒေမဲ့ အနိုင်ကျင့်နေတဲ့ အခြေအနေကို ဖော်ပြနေတာဖြစ်သလို ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာလည်း လူဆိုးဓားပြနဲ့ အကြမ်းဖက်သမားတွေနဲ့ တန်းတူ အဆင့်ကို ရောက်ရှိသွားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ဇော်ကလည်း ဒီလို ဓားစာခံဖမ်းတဲ့ လုပ်ရပ်တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောပါတယ်။

"နိုင်ငံတစ်နိုင်ငံချင်း ဥပဒေတွေမှာတောင် ဥပဒေ တကယ်ချိုးဖောက်ရင် ချိုးဖောက်တဲ့သူကိုပဲ အရေးယူ အပြစ်ပေးရတယ်၊ မဆိုင်သူကို သွားအရေးယူလို့မရဘူး"

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်း ဒီလို ဓားစာခံဖမ်းဆီးတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဟာ လူဆိုးဂိုဏ်းနဲ့ တူနေတယ်လို့ ဝေဖန်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေနဲ့ အလုပ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ရပ်နဲ့ မတူဘူး၊ လူဆိုးဂိုဏ်း ဓားပြအဖွဲ့တစ်ဖွဲ့က လုပ်နေတဲ့ ပုံစံမျိုးနဲ့ တူနေတယ်လို့ပဲ ကျနော်ပြောချင်တယ်"

စစ်တပ်က လိုက်ဖမ်းနေတာကြောင့် အာဏာဖီဆန်ရေးမှာပါဝင်တဲ့ အလွှာစုံကလူတွေဟာ ကိုယ့်အိမ်မှာကိုယ် ပြန်မအိပ်၊ မိသားစုနဲ့လည်း အဆက်အသွယ်ဖြတ်တောက် ထွက်ပြေးတိမ်းရှောင်ရင်းက ရောက်တဲ့ နေရာ တွေကနေ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေကြတာ ဖြစ်ပါတယ်။

တချို့ကတော့ အိမ်မှာရှိတဲ့ မိသားစုတစ်စုလုံးက စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေတာကြောင့် တကွဲတပြားနဲ့ ထွက်ပြေးနေရသူတွေလည်း ရှိနေတာပါ။

မန္တလေးမြို့က CDM ဝင်ထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ဦးကလည်း အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေအတွက် စိတ်ပူနေပါတယ်။

"ကျနော်တို့က CDM လုပ်မယ်လို့ ဆုံးဖြတ်ပြီးကတည်းက အဆုံးထိတွေးပြီးသား၊ ကျနော်တို့ အလုပ် ပြုတ်သွားနိုင်တယ်၊ အခန့်မသင့်ရင် ကျနော်တို့ ဆမ လိုင်စင်တွေလည်း သိမ်းခံရနိုင်တယ်၊ ထောင်ကျ နိုင်တယ်။ အခန့်မသင့်ရင် သေတောင်သေသွားနိုင်တဲ့အထိ စဉ်းစားဆုံးဖြတ်ပြီးတော့မှ ဝင်ခဲ့တာ၊ ဒါပေမဲ့ ကိုယ့်သားသမီးတွေကို ခြိမ်းခြောက်တာ၊ ကိုယ့်ကိုယ် မတွေ့ရင် ကိုယ့်မိသားစုတွေကို ဖမ်းသွားတော့ ဒါကျနော်တို့အတွက် မလုံခြုံဘူး"

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကလည်း စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာထက် ကျော်လွန်နေပြီလို့ဆိုပါတယ်။

"လူ့အခွင့်အရေး ချိုးဖောက်ရုံတင်မဟုတ်ဘူး သူတို့လုပ်ရပ်က အရမ်းကို ယုတ်မာ ရိုင်းစိုင်းပြီးတော့ စစ်တပ်ဆိုတဲ့ ပြည်သူကို ကာကွယ်ပေးရမယ့် အင်္ဂါရပ်တွေ လုပ်ရမယ့် တာဝန်ဝတ္တရားတွေကို ကျော်လွန် ပြီးတော့ ပြည်သူလူထုကို အကြမ်းဖက် လုပ်နေတာဖြစ်တော့ အကြမ်းဖက်အဖွဲ့တွေရဲ့ပုံဖြစ်နေတယ်၊ တိုင်းပြည်ကာကွယ်တဲ့ အဖွဲ့မဟုတ်တော့ဘူး၊ CRPH က ထုတ်ပြန်ထားသလို အကြမ်းဖက်အဖွဲ့ ဖြစ်နေတယ်"

စစ်တပ်က ဒီလို ဓားစာခံ ဖမ်းဆီးနေတာတွေ၊ တပ်ရဲ့လုပ်ရပ်တွေဟာ အကြမ်းဖက်သမားနဲ့ လူဆိုးဓားပြ လုပ်ရပ်တွေနဲ့ တန်းတူဖြစ်နေတယ်လို့ ပြောဆိုဝေဖန်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့သူ ၃၆၀၀ ကျော်ရှိပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ သူက ၁၄၀၀ ကျော်ရှိပါတယ်။

ဒီလိုနည်းမျိုးစုံနဲ့ ဖိအားပေး ဖမ်းဆီး ခြိမ်းခြောက်တာတွေ ရှိနေပေမယ့် စစ်အာဏာ ဖီဆန်ရေး လူထု လှုပ်ရှားမှုမှာ ပါဝင်သူတွေကတော့ အခုအချိန်ထိ လုပ်ငန်းခွင် ပြန်မဝင်ကြသေးဘဲ အရပ်သားအစိုးရ အာဏာပြန်ရမှ အစိုးရအလုပ်တွေ ပြန်လုပ်မယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org