မျက်စိမကွယ်ဖို့ ခွဲစိတ်ကုသခွင့်အမြန်လိုနေတဲ့ အကျဉ်းထောင်ထဲက ကိုလျှံဖြိုးအောင်
မကွေးမြို့မှာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကိုခံရလို့ မျက်လုံး ကွယ်လုနီးပါးဖြစ်ခဲ့ရသလို လက်ပြတ်ပြီး ခြေထောက်မသန်ဖြစ်နေတဲ့ အင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်ဟာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဆေးကုသခွင့် လည်းမရသေးပါဘူး။ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုနဲ့ လူငယ်ကျောင်းသားခေါင်းဆောင်တွေက အမြန်ဆုံးဆေးကုသခွင့် ရဖို့ တောင်းဆိုနေကြပါတယ်။
-
ဦးသစ်ဆင်း (ဝါရှင်တန် ဒီစီ)
2021-07-16 -
-
-
မကွေးမြို့မှာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကိုခံရလို့ မျက်လုံးကွယ်လုနီးပါးဖြစ်ခဲ့ရသလို လက်ပြတ်ပြီး ခြေထောက်မသန်ဖြစ်နေတဲ့ အင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်ဟာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဆေးကုသခွင့်လည်း မရသေးပါဘူး။ ကိုလျှံဖြိုးအောင် ရဲ့ မိသားစုနဲ့ လူငယ်ကျောင်းသားခေါင်းဆောင်တွေက အမြန်ဆုံးဆေးကုသခွင့်ရဖို့ တောင်းဆိုနေကြပါတယ်။
မကွေးနည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်ရဲ့ မျက်လုံး မျက်ကြည်လွှာကို အမြန်ဆုံးခွဲစိတ်မကုသရင် မျက်စိကွယ်နိုင်တဲ့အတွက် အမြန်ခွဲစိတ်ကုသပေးဖို့ လိုအပ်တဲ့ အကြောင်း တပ်ဆေးဆရာဝန်တွေက မိသားစုဝင်တွေကို ပြောထားပါတယ်။
ဒါပေမဲ့ ကိုလျှံဖြိုးအောင်ဟာ အခုချိန်မှာ မကွေးအကျဉ်းထောင်ထဲမှာရောက်နေပြီး မိသားစုနဲ့လည်း တွေ့ခွင့် မရ၊ ဆေးကုသခွင့်လည်းမရပါဘူး။ ဒါကြောင့်လည်း သားဖြစ်သူ အလင်းမကွယ်ရအောင် ဆေးကုသခွင့်ရဖို့ မိသားစုက အရေးတကြီးတောင်းဆိုနေကြတာပါ။
“ကျနော်တို့ တောင်းဆိုတာက ဆေးကုသခွင့်ပါပဲ၊ ဒီအမှုက လုံးဝလွတ်မြောက်သွားစေချင်၊ ပလပ် ပေးစေခြင်း မဟုတ်ဘဲ လူကို လူလိုမြင်တဲ့အနေထားနဲ့ လက်ရှိအနေထားမှာ စစ်မှာလည်း စစ်ဥပဒေရှိပါ တယ်။ သုံ့ပန်းမှာလည်း သုံ့ပန်းဥပဒေရှိပါတယ်။ ဖမ်းဆီးခံတရားခံ၊ တရားခံဆိုတဲ့နေရာမှာ သံသယ တရားခံပဲရှိပါသေးတယ်။ ဒီပုဒ်မနဲ့ ငြိလား မငြိလား မစစ်ဆေးရသေးတဲ့အတွက်ကြောင့် သံသယရဲ့အကျိုး ကို ခံစားနေရတဲ့အချိန်မှာ သံသယနဲ့လိုက်လျောတဲ့ အခွင့်အရေးကိုရဖို့ ကျနော်တို့ မေတ္တာရပ်ခံတဲ့စာ တင်ထားပါတယ်”
စစ်အာဏာသိမ်းပြီး မတ် ၂၇ တော်လှန်ရေးနေ့မှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးကို ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုနေတဲ့ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ကြပါတယ်။
မကွေးမြို့က ဆန္ဒပြပွဲရဲ့ ရှေ့ဆုံးမှာ ဒိုင်းကာအဖြစ်ရှိနေတဲ့ ကိုလျှံဖြိုးအောင်ဟာ အဲဒီနေ့မှာ ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးခံရတာကြောင့် ညာဘက်လက်ပြတ်ပြီး အခုဆို သေနတ်ဒင်နဲ့အရိုက်ခံရတဲ့ မျက်လုံးတစ်ဖက်ပါ မခွဲစိတ်ရင် ကွယ်ရမယ့်အနေထားကို ရောက်ခဲ့ရတာပါ။
"ကျနော်တို့ တောင်းဆိုတာက ဆေးကုသခွင့်ပါပဲ၊ ဒီအမှုက လုံးဝလွတ်မြောက်သွားစေချင်”
စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်က သူတို့မိသားစုဟာ အပူပင်မရှိ အေးချမ်းပြီး တစည်း တလုံးတည်း ရှိနေခဲ့ကြတာပါ။ အဖေဖြစ်သူက တိုင်းရင်းဆေးဆရာကြီး၊ အမေကတော့ ရှေ့နေ၊ အစ်ကိုကြီးက ဆရာဝန်၊ သားအလတ် ကိုလျှံဖြိုးအောင်က မကွေးနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ် ကျောင်းသား၊ သမီးအငယ်ဆုံးက အလယ်တန်းကျောင်းသူပါ။
အစ်ကိုဖြစ်သူက ဆေးခန်းကပြန်လာ၊ ကိုလျှံဖြိုးအောင်က ကျောင်းကပြန်လာပြီး နားချိန်မှာ ညီအစ်ကို နှစ်ယောက်က မိုဘိုင်းဂိမ်းကစား၊ တစ်ယောက်က ဂစ်တာတီးရင် တစ်ယောက်က သီချင်းဆိုကြပါတယ်။ မိသားစု အားလပ်တဲ့ရက်တွေဆို အပြင်ထွက်လည်ပြီး ပျော်ရွှင်နေခဲ့ကြတဲ့ မိသားစုပါ။
သူတို့မိသားစုဟာ ချမ်းသာတဲ့သူတွေ မဟုတ်ပေမယ့် စားနိုင်သောက်နိုင်တဲ့မိသားစုမို့ ကိုလျှံဖြိုးအောင်ဟာ သူရည်ရွယ်ထားတဲ့ ဗိသုကာ ပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ သူဟာ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေတတ်ပြီး အမြဲတမ်းတက်ကြွနေတဲ့လူငယ်ပါ။ အားကစားမှာ ဘောလုံး၊ အနုပညာမှာ ကီးဘုတ်၊ ဂစ်တာတီးတာအပြင် သရုပ်ဆောင်လည်း ဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ဦးဆောင်ရတာကို သဘောကျပါတယ်။ မကွေးတက္ကသိုလ်မှာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲကို သမ္မတဦးဝင်းမြင့် ရောက်လာချိန်မှာလည်း ကိုလျှံဖြိုးအောင်က သူတို့အဖွဲ့လုပ်ထားတဲ့ ကြောင်လိမ်လှေကားလေး အကြောင်းကို ဦးဆောင်ပြီး တက်တက်ကြွကြွ ရှင်းပြခဲ့ပါတယ်။
စစ်အာဏာသိမ်းခံရပြီးချိန်မှာတော့ ဦးဆောင်တဲ့ဝါသနာအခံရှိတဲ့ ကိုလျှံဖြိုးအောင်ဟာ ဆန္ဒပြပွဲမှာ ဒိုင်းကာ အနေနဲ့ ရှေ့ဆုံးကနေ ခေါင်းဆောင်ခဲ့ပါတယ်။ မတ် ၂၇ ရက်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေ ပြတ် ထွက်သွားတဲ့အထိ အကြမ်းဖက်ခံရပါတော့တယ်။
သူတို့မိသားစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်အားပေးထောက်ခံတဲ့ မိသားစုလည်းဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီး ဒဏ်ရာရတယ်လို့သာ ကနဦးကြားသိခဲ့တဲ့ အစ်ကိုဖြစ်သူ ကိုပြည့်ဖြိုးဟိဏ်းဟာ မတ် ၂၈ ရက်က တပ်ဆေးရုံမှာ သူ့ညီကို စတွေ့လိုက်ချိန်မှာတော့ လုံးဝမမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ဆို့နင့်မှုတွေကို ဟန်မဆောင်နိုင်တော့ဘဲ ငိုခဲ့မိပါတယ်။
“ကျနော်လုံးဝကို မတွေးထားခဲ့ဘူး။ လက်တွေက ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျနော်တော်တော်ကို ယူကြုံး မရဖြစ်အောင် ငိုခဲ့တယ်။ သူက အဲဒါကို ဘာမှမဖြစ်ဘူးနော်။ အမေရောပါလား၊ အဖေရောပါလား၊ နေ ကောင်းလား၊ ဘာမှမဖြစ်ဘူးနော်နဲ့ သူ့လက်တိုလေးနဲ့ ကိုင်တဲ့ပုံစံမျိုးပေါ့နော်။ ဒါပေမဲ့ သူမထိဘူး။ သူ့စိတ်ထဲ လက်ကပြတ်သွားတာ တစ်ရက်ပဲရှိသေးတာကို၊ ဒါပေမဲ့ သူက ထိတယ်ထင်တာ မထိဘူး။ လွယ်လွယ်ပြောရရင် ပုခုံးကို လာကိုင်တဲ့သဘောပေါ့နော်။ ကျနော် အရမ်းခံစားရတယ်”
ဇွန် ၇ ရက်မှာ စစ်ကောင်စီက ကိုလျှံဖြိုးအောင်ကို မကွေးတပ်မတော်ဆေးရုံကနေ မကွေးအကျဉ်းထောင်ကို ပို့လိုက်ပြီးနောက်မှာတော့ မိသားစုနဲ့ ဒီနေ့အထိ ထပ်တွေ့ခွင့်မရကြတော့ပါဘူး။
တချိန်လုံး မော်ဒယ်ဘွိုင်းတစ်ယောက်လို သူ့ကိုသူ ခန့်ညားအောင်ပြင်ဆင်နေတတ်တဲ့သူ၊ သူစီးနေကျဆိုင် ကယ်ကို တသသနဲ့ အမြဲသန့်ရှင်းထားတဲ့သူ၊ သူချစ်တဲ့ ခွေးလေးကို အိမ်မှာရှိတဲ့အချိန်တိုင်း တပွေ့ပွေ့လုပ် နေတဲ့သူဟာ မျက်စိတမှိတ်အတွင်းမှာ ပြောင်းလဲသွားခဲ့ပါပြီ။ သူချစ်တဲ့ သူ့ခွေးလေးကလည်း သူ့အခန်းထဲ ကနေ ပိုင်ရှင်ကို မျှော်နေတာ နေ့တိုင်းပါပဲ။
ဗိုက်နေရာကလွဲပြီး ခေါင်းကနေ ခြေထောက်အထိ ရိုက်နှက်၊ ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာတွေပြည့်နေတဲ့ ကိုလျှံဖြိုးအောင်ကို ဆေးကုသပေးဖို့အတွက် မိသားစုတွေဟာ တချိန်လုံးကြိုးစားနေကြပြီး သူပြန်လာချိန်မှာ သက်တောင့်သက်သာနဲ့ နားနေနိုင်အောင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူ့အမေကတော့ သူ့အခန်းလေးကို အမြဲသန့်ရှင်းရေး လုပ်ပေးနေခဲ့ပါတယ်။
အိမ်ကနေထွက်သွားတုန်းက သန်စွမ်းဖြတ်လတ်နေတဲ့သားဟာ အခုချိန်မှာ ဒုက္ခိတတစ်ယောက်ဖြစ်သွားရှာတဲ့ သားလတ်ရဲ့ အဖြစ်ကြောင့် နောက်ကွယ်မှာ မျက်ရည်ကျနေရတဲ့ သူ့အမေက သားဖြစ်သူအတွက် စကား အဖြစ်တောင် ပြန်မပြောပြနိုင်ရှာပါဘူး။
တချိန်က မိသားစုစုံခဲ့တဲ့ ထမင်းဝိုင်းလေးက သူစားနေကျထိုင်ခုံလေးမှာလည်း သူချစ်တဲ့ခွေးလေးပဲ ထိုင်နေပါ တော့တယ်။
မိဘမွေးတုန်းက အစွန်းအထင်းမရှိ ကျန်းမာသန်စွမ်းပြီး ခန့်ညားချောမောတဲ့ အင်ဂျင်နီယာလောင်းလျာလေး ကနေ အခုလို မသန်စွမ်းတစ်ယောက်ဖြစ်သွားတဲ့သားကို ပြုစုစောင့်ရှောက်ခွင့်ရဖို့ပဲ တောင်းတနေကြတာပါ။
“သူ့ကို လွတ်မြောက်စေချင်တယ်။ လွတ်မြောက်တာနဲ့အတူတူ သူ့ကိုကျန်းမာရေးကောင်းအောင် ကုပေး ချင်တယ်။ ကျန်းမာရေးကောင်းအောင် ကုပေးတယ်ဆိုတာလည်း ပကတိအခြေအနေ လုံးဝမဖြစ်နိုင်တော့ ပါဘူး။ ကိုယ်လက်အင်္ဂါတွေလည်း ဆုံးရှုံးရတယ်။ အမြင်အာရုံတွေလည်း ဆုံးရှုံးရတယ်။ သွားခြင်းလာခြင်း မှာလည်း သူများတွဲမှ လှမ်းရမယ့်ဘဝ၊ လက်နဲ့ဆိုရင်လည်း သူများယူပေးမှ သူ့ရှေ့ကို ရောက်ရမယ့်ဘဝ၊ မြင်တာကိုကြည့်ရင်လည်း သူများပြောမှ လင်းတာ မှောင်တာကို သိမယ့်ဘဝလေးရောက်နေတာကြောင့် ကျနော်မျှော်လင့်ထားတာက သားလေးကို အကောင်းပကတိမဖြစ်လာတောင် လက်ရှိအနေထားလေးထက် တော့ ကျော်လွန်ပြီး မဆုံးရှုံးချင်တော့ဘူး။ သားလေးကို အမြန်လွတ်မြောက်ဖို့နဲ့ အမြန်ဆေးကုသခွင့်ရဖို့ မျှော်လင့်ပါတယ်”
မျက်ကြည်လွှာအစားထိုးကုသဖို့ အချိန်နဲ့အမျှအရေးကြီးနေသလို လက်တစ်ဖက်ပြတ်၊ လမ်းမလျှောက်နိုင်၊ မိသားစုအကူညီကို မယူနိုင်တဲ့ ကိုလျှံဖြိုးအောင်ဟာ အကျဉ်းထောင်ထဲမှာ နေနေရတယ်လို့ တွေးမိတိုင်း မိသားစုမှာ ညတိုင်း အိပ်မပျော်နိုင်ကြပါဘူး။
ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကိုလျှံဖြိုးအောင်ရဲ့အစ်ကိုကလည်း ခန္ဓာကိုယ်မှာ ယမ်းဆိပ်တွေကျန်နေလို့ ဆေးကုသဖို့ အမြန်ဆုံးလိုနေတဲ့ ညီအတွက် ပူပန်နေရပါတယ်။
“ပုံမှန်အတိုင်း လမ်းလျှောက်ဖို့တောင် တော်တော်လေးကို လေ့ကျင့်ဖို့လိုပါတယ်။ ဆေးရုံမှာ တွဲလျှောက်တဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့ပြောတယ်။ ပြောမယ်ဆိုရင် ယမ်းဆိပ်တွေက ခန္ဓာကိုယ်အနှံ့မှာ ရှိနေတဲ့အတွက် ကြောင့် ထပ်ခွဲစိတ်ဖို့လိုပါသေးတယ်။ ဘာလို့ဆို ယမ်းဆိပ်က သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အတွက်ကြောင့် သွေးကြောလည်ပတ်တဲ့အခါ ဒီအဆိပ်နဲ့ သွေးက ရောပြီးလှည့်ပတ်တဲ့အခါ နှလုံးတို့၊ အသည်းတို့ ဒဏ်ရာ ရသွားမှာ အဆိပ်တောက်တွေ မခံနိုင်မှာ အရမ်းစိုးရိမ်ပါတယ်။ ကုသဖို့က အများကြီးလိုနေပါတယ်”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူး ကလည်း ဇွန် ၁၆ ရက်က သူ့ရဲ့ တွယ်တာလူမှုကွန်ရက်စာမျက်နှာမှာ “စစ်အာဏာရှင်ပြတ်ကျရေး ဆန္ဒပြတဲ့ ကိုလျှံဖြိုးအောင်ကို စစ်အစိုးရ က အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး သူ့ရဲ့လက်ဖြတ်လိုက်ရပါတယ်၊ ဇွန် ၇ ရက် မှာ သူ့ကိုဆေးရုံကနေ လာခေါ်သွားပြီး ထောင်ထဲပို့ကာ ဆေးကုသခွင့်မပေးတော့လို့ မျက်စိလည်းကွယ်၊ ခြေထောက်လည်း ဖြတ်ပစ်ရမယ့်ကိန်း ရောက်ပါတယ်။ အခုလို အနိုင်ကျင့်တာတွေကို ချက်ချင်းရပ်ပြီး သူ့ကိုဆက်ဆေးကုသပေးဖို့ လိုအပ်ပါတယ်” လို့ ရေးသားထားပါတယ်။
ကိုလျှံဖြိုးအောင်ကို ဆေးကုသခွင့် အမြန်ပေးဖို့ တောင်းဆိုကြတဲ့စာတွေ၊ သူနဲ့အတူရှိနေတယ်ဆိုတဲ့ အားပေး စာတွေကလည်း ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေတဆင့် မိသားစုဆီရောက်လာတာ အစောင်ရေ ၂၀၀ ကျော် ရှိနေပြီလို့ သူ့ဖခင် ဦးဟိဏ်းထက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေအနေနဲ့ ဖမ်းထားသူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့လိုအပ်ပြီး ဒါကို ခွင့်မပြု ဘူးဆိုရင် ဆိုးရွားတဲ့ဖိနှိပ်မှုဖြစ်သွားလိမ့်မယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မင်းဟန်ထက် က ပြောပါတယ်။
“မတရားဖိနှိပ်ပြီးတော့ ဖမ်းဆီးထားပြီးပြီဆိုရင်လည်း အဲဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေ အနေတွေ ပြင်ပကျန်းမာရေး ဒါတွေအားလုံးကို စောင့်ရှောက်ပေးဖို့ လိုအပ်တယ်။ နောက်တစ်ခုက လူသားတစ်ယောက် ရသင့်ရထိုက်တဲ့အခွင့်အရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုရဖို့လိုတယ်။ အဲဒါမှ မလုပ်ပေးဘူးဆိုရင် မတရားမှုဆိုတာထက် ပိုပြီးဆိုးရွားတဲ့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုဖြစ်သွားပြီ”
သူတို့မိသားစုတွေဟာ ဆေးကုသပေးဖို့ အမြန်လိုနေတဲ့ ကိုလျှံဖြိုးအောင်ကို ဆေးကုသခွင့်ရဖို့နဲ့ ပြစ်ဒဏ်လျှော့ ပေါ့စေဖို့ မကွေးတိုင်းဒေသကြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ရှစ်ယောက်ဆီကို ပြီးခဲ့တဲ့မေလမှာ တောင်းဆိုခဲ့ကြပါသေးတယ်။ အဲဒီနောက် နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဇွန် ၃၀ ရက်တုန်းက လွှတ်ပေးတဲ့အထဲမှာ ကိုလျှံဖြိုးအောင် ပါလာမလားလို့ မျှော်လင့်တကြီးနဲ့ မကွေးအကျဉ်းထောင်ရှေ့မှာ သွားစောင့်ခဲ့ပေမယ့်လည်း မပါလာခဲ့ပါဘူး။
ဇူလိုင် ၈ ရက် ရုံးထုတ်မှာလည်း အာမခံရဖို့ကြိုးစားပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ရုံးချိန်းကို ဇူလိုင် ၂၂ ရက်ကို ရွှေ့ထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ရုံးချိန်ထားတဲ့ ဇူလိုင် ၂၂ ရက်ဟာ ကိုလျှံဖြိုးအောင်ရဲ့ ၂၃ နှစ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။ မွေးကတည်းကနေ မွေးနေ့တိုင်းမှာ မိသားစု စုံညီခဲ့တဲ့ ကိုလျှံဖြိုးအောင်ဟာ အဲဒီနေ့မှာ အာမခံ ရခဲ့ပြီး မိသားစုရင်ခွင်ထဲ ပြန်ရောက်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မိသားစုက သူ့မွေးနေ့ပွဲလေးအတွက် စိတ်ကူးပုံဖော်ရင်း ပြုစုကုသခွင့်ရဖို့ကို တောင်းဆိုနေကြပါတယ်။